Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်


08 Jul,2025

နေပြည်တော် ဇူလိုင် ၇

       ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်ကျေးလက်ပြည်သူများ၏အကျိုးကို အစဉ်ရှေးရှုပြီး ကျေးလက်နေပြည်သူများ တိုက်ရိုက်အကျိုးရရှိစေနိုင်မည့် လုပ်ငန်းများကို ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ထိုသို့ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်သည့် အခါမှာလည်း မိမိတစ်ဖွဲ့တည်းဆောင်ရွက်၍ မရနိုင်တာကြောင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံ ပြည်သူများ၊ သက်ဆိုင်ရာဌာနများနှင့် နီးနီးကပ်ကပ်ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန်နှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး စိတ်စေတနာအပြည့်အဝဖြင့် ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို အောင်အောင်မြင်မြင် ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် ကျေးလက် ဦးစီးဌာနမှ တာဝန်ရှိသူအားလုံးအား အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် ကမ္ဘာ့ကျေးလက် ဖွံ့ဖြိုးရေးနေ့ရဲ့ ဆောင်ပုဒ်ဖြစ်သည့် “ဒို့ကမ္ဘာမြေတိုးတက် ပြောင်းလဲဖို့ ကျေးလက်စွမ်းအား မြှင့်တင်စို့” ဆောင်ပုဒ်နှင့်အညီ ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန် ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ကြဖို့ ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆-ဘီ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ ပင်မလုပ်ငန်းတာဝန်များဖြစ်သည့် သမဝါယမဖွံ့ဖြိုးရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်း၊ ကျေးလက်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် နိုင်ငံတော်၏ မူဝါဒ၊ ဦးတည်ချက်များနှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ သွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ ဆီထွက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းများမှာ ငွေကြေးအပါအဝင် သွင်းအားစုများထောက်ပံ့ပေးခြင်းနှင့် ဆိုလာစိုက်ပျိုးရေတင်စနစ် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ဝါစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း စသည်တို့ကို သက်ဆိုင်ရာဌာနများ၊ သမဝါယမအသင်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနဲ့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်လည်း ဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် ကျေးလက်ပြည်သူ များ၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ငလျင် ဘေးသင့်ဒေသများရှိ ပြည်သူလူထုထောင်ပေါင်းများစွာ၏ အသက်အိုးအိမ်စည်းစိမ်များ၊ အဆောက် အဦများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ရတာကို အားလုံးအသိပဲ ဖြစ်ပါကြောင်း၊ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် သဘာဝဘေးဒဏ်သင့် ဒေသရှိ ပြည်သူများအား အရေးပေါ် ကူညီထောက်ပံ့ပေးမှုများ၊ သောက်သုံးရေဖြန့်ဝေပေးမှုများနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်းများကို အသိအမှတ်ပြုမှတ်တမ်းတင်ပါကြောင်း ပြောကြားပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နေပြီး ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေး၊ ကုန်ချောထုတ်လုပ်မှု တန်ဖိုးမြှင့်ကွင်းဆက်ဖွံ့ဖြိုးရေးတို့ကို ဦးတည်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း သမဝါယမအသင်းများဖွဲ့စည်းပြီး လိုအပ် ချက်များကို ဖြည့်ဆည်းကူညီ ထောက်ပံ့လျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မြန်ဆန်ဆန်ဖြင့် တင်ဒါလုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်ကာ လုပ်ငန်းများဆောလျင်စွာ ပြီးစီးရေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဒါ့အပြင် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီစေရေးတို့ကို အလေးထားကြပ်မတ် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဌာနမှ ဆောင်ရွက်ပေးနေတဲ့လုပ်ငန်းများဟာ ပြည်သူများကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေသည့် လုပ်ငန်းများဖြစ်တာကြောင့် သတ်မှတ်ချိန်အတွင်း အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မှသာ ပြည်သူများအနေအနေဖြင့် ဖွံ့ဖြိုးရေးအသီးအပွင့်များ၊ အကျိုးရလဒ်များကို မြန်မြန်ခံစားရရှိမှာဖြစ်ပြီး နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့ ဆောင်ရွက်ပေးသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး စဉ်ဆက်မပြတ်အသုံးချနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်မှ စောင့်ကြည့်စစ်ဆေး၊ အကဲဖြတ်ခြင်းလုပ်ငန်းစဉ်များကို အမြဲမပြတ်ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ချက်များကိုလည်း စနစ်တကျမှတ်တမ်းများထားရှိကြဖို့ မှာကြားလိုပါကြောင်း ပြောကြား ပါသည်။

      ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်အတွင်း ရေရရှိရေးလုပ်ငန်း(၁၀၀၄)ခု၊ မီးလင်းရေးလုပ်ငန်းကျေးရွာ (၂၅၀)ရွာ၊ ဆိုလာစိုက်ပျိုးရေတင်စနစ်လုပ်ငန်း (၇၅)ခု၊ ကုန်ထုတ်လမ်း (၄၂၂)မိုင်၊ ကုန်ထုတ် တံတား (၇၈၀)စင်း၊ ကျေးလက်အိမ်ရာ(၁၀)လုံး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ (၂၁၆)ယူနစ်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(၁,၆၂၃)ရွာ၊ ခေတ်မီစံပြ ကျေးရွာထူထောင်ရေးစီမံကိန်း (၄၀)ရွာ၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (၆၅)ယူနစ်၊ အသက်မွေး ဝမ်းကျောင်းသင်တန်း (၂၉၄)ကြိမ် စုစုပေါင်းဖွံ့ဖြိုးရေးလုပ်ငန်းအမျိုးအစား (၁၁)မျိုး၊ ဖွံ့ဖြိုးရေး လုပ်ငန်းပေါင်း   ၆၆၂၆ ခု အား ကျေးရွာပေါင်း ၄၀၇၂ ရွာတွင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၃ ဒသမ ၃၆ သန်းခန့် အကျိုးပြုခဲ့ပါကြောင်းနှင့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်းတင်ပြပါသည်။

     ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ဦးစီးဌာန ခွင့်ပြုရန်ပုံငွေများဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများ၊ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား အသီးသီးရှင်းလင်းတင်ပြကြသည်။

      ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများနှင့် စဉ်ဆက်မပြတ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းလိုအပ်ချက်များအား ဆွေးနွေးပြောကြား ပါသည်။

      ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြပြီးနောက် ဆက်စပ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် များက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

      ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဘဏ္ဍာငွေသုံးစွဲရာတွင် နိုင်ငံတော်ကချမှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျထုတ်ယူသုံးစွဲကြရန်၊ နိုင်ငံတော်နှင့် ပြည်သူအတွက်အကျိုးရှိမည့် နေရာများတွင်သာ သုံးစွဲကြရန်နှင့် စီမံကိန်းလုပ်ငန်း များကို ဆောင်ရွက်သည့်အခါ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်