မြင့်စိုး(နတလ)
ကျွန်တော် စာမရေးဖြစ်တာ အတော်ကြာပြီ။ ရေးချင်စိတ် ပျောက်နေခြင်း ဖြစ်၏။ နောက်ဆုံးရေးခဲ့သည့် ဆောင်းပါးခေါင်းစဉ်ကိုပင် မမှတ်မိချင်တော့။ တပ်ကုန်းမြို့နယ်ထဲက သားခိုတောင်သို့ သွားရောက်ခဲ့သည့်အကြောင်း ရေးထားသည့်ဆောင်းပါး ဖြစ်ပါလိမ့်မည်။ စာရေးဖို့ထက် မွေးရပ်မြေဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတွေထဲမှာ မိမိရွာအပါအဝင် ပုသိမ်-မုံရွာကားလမ်းအနောက်ဘက်ခြမ်းကျေးရွာ များ တည်ငြိမ်အေးချမ်းရေး၊ တည်ငြိမ်အေးချမ်းမှုရှိအောင် ပူးပေါင်းဆောင်ရွက်ကြရေး၊ ယာယီ နေရပ်စွန့်ခွာ မိသားစုများ၏ စားဝတ်နေရေးအတွက် ကူညီထောက်ပံ့မှုများရရှိရေးတို့နှင့် စပ်လျဉ်း၍ မိမိစွမ်းဆောင်နိုင်သလောက် လုပ်ကိုင်ဆောင်ရွက်ပေးရင်း တည်ငြိမ်အေးချမ်းမှု ရယူတည်ဆောက်ပြီးချိန်မှာ မလွဲမသွေကြုံတွေ့ရလာမည့် ပြန်လည်နေရာချထားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသော ပြန်လည်ထူထောင်ရေး လုပ်ငန်းများအထိ စိတ်ရောက်နေ၍ စာရေးချင်စိတ်ပျောက်နေခြင်းဖြစ်မည်ဟု မိမိကိုယ်မိမိ ပြန်လည်သုံးသပ်မိပါသည်။
ထိုကဲ့သို့ နေလာရာက တစ်နေ့မှာ တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း၏ နာယကလည်းဖြစ်၊ ကန်တော့ခံ သက်ကြီးစာပေပညာရှင်လည်းဖြစ်သော ဆရာကြီး ဦးအောင် ကြည်ညွန့်က မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(စာရေးဆရာမြင်းမူမောင် နိုင်မိုး) ၏ စာကို ပေးပို့လာပါသည်။ ဆရာမောင်နိုင်မိုး(ဥက္ကဋ္ဌ)၏ စာထဲမှာဖော်ပြထားသည်က တော့ မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူး၍ ၁၃၈၇ ခုနှစ် သက်ကြီးစာပေရှင်များ ကန်တော့ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း၊ ယမန်နှစ်က အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးစာပေပညာရှင်ကြီးများ ၂၇၆ ဦး ကို တစ်ဦးလျှင်ငွေကျပ် ၂၃၀,၀၀၀/(နှစ်သိန်းသုံးသောင်း)စီနှင့် ဆေးဝါး၊ အခြားလှူဖွယ်ပစ္စည်း များ ကန်တော့ခဲ့ကြကြောင်း၊ ယခုနှစ်အတွက် ကန်တော့ခံ စာရေးဆရာကြီး၊ ဆရာမကြီး ၂၈၈ ဦး ရှိမည်ဖြစ်ရာ ကျွန်တော် မြင့်စိုး(နတလ) အနေဖြင့်လည်း ယမန်နှစ်ကဲ့သို့ စေတနာ သဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေများ ပါဝင်လှူဒါန်းပေးပါရန် မေတ္တာရပ်ခံအကြောင်း ကြားပေးခြင်း ဖြစ်ပါသည်။
ကောင်းလေစွ၊ ယမန်နှစ်က (၅) သိန်း လှူခဲ့ဖူးသော ကျွန်တော်၊ ယခုနှစ်အတွက် (၇) သိန်းနှင့် တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း၏ သက်ကြီးစာပေပညာရှင် ပူဇော်ပွဲ အတွက် ကျပ် (၃) သိန်း၊ စုစုပေါင်း (၁၀) သိန်းကျပ်ကို အတွင်းရေးမှူး ဆရာပန်းမျိုးခင်ထံသို့ ပေးပို့၍ လှူဒါန်းလိုက်ပါသည်။ မိမိ၏ အလှူဒါနအပေါ် ကြည်နူးဝမ်းသာပီတိဖြာရင်း၊ ဆရာ မောင်နိုင်မိုး ပေးပို့လိုက်သောစာကို ပြန်လည်ဖတ်ရှုရင်း စိတ်ခံစားမှုတစ်ခု ပေါ်လာတာကို သတိပြုမိသည်။ အလို…… ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ပြောဖူးသည့် ဇောစေတနာ (Inspiration) ကို ဖန်တီးပေးသော အလှူဒါနတစ်ခု ဖြစ်ခဲ့ပါပကော။ ထိုအလှူဒါနလေး တစ်ခုကိုအကြောင်းပြု၍ သည်စာစုကိုရေးဖြစ်ခဲ့သည်။ ရေးရင်းနှင့်တွေးမိသည့် အကြောင်း အရာများကိုလည်း နောက်ပြန်သွားနေသည့် အချိန်ကာလယန္တရားနှင့်အတူ လိုက်ပါအမိဖမ်း၍ စိတ်ကူးပုံဖော်ကြည့်ရင်း ကြည်နူးဝမ်းသာရသည်။ ပျော်ရသည်။ ဝမ်းနည်းရသည်။ လူပုဂ္ဂိုလ် တော်တော်များများကို သတိရမိသည်။ ဆရာကြီးတက္ကသိုလ် ဘုန်းနိုင်ဟု ဆိုလိုက်သည်နှင့် သူရေးသောဝတ္တုတွေ (ကျွန်တော် အကြိုက်ဆုံးဝတ္တုဖြစ်သော သူငယ်ချင်းလိုပဲဆက်၍ ခေါ်မည်ခိုင်အပါအဝင်) ကျွန်တော်တို့ လေးမျက်နှာမြို့လေးမှာ လာရောက်ဟောပြောခဲ့သည့် စာပေဟောပြောပွဲ၊ လေးမျက်နှာကို ဂုဏ်ပြုရေးဖွဲ့ခဲ့သည့် “သာ၍ဝေးရာဆီကိုပါ” ဝတ္တု စသည်တို့က အစီအရီပေါ်လာသလို ကျွန်တော် နတလမှာရှိနေစဉ် တိုင်းရင်းသားမဂ္ဂဇင်း အတွက် ဆရာကြီးထံမှ စာမူများရရှိခဲ့သည်ကိုလည်း အမှတ်ရမိသည်။ အယ်ဒီတာချုပ် ဆရာ နီမင်းဆွေ(ဒုမှူးကြီးမြင့်ဆွေ-ကွယ်လွန်)၊ တာဝန်ခံအယ်ဒီတာ ဆရာလင်းဇော်ခိုင်(ကွယ်လွန်)၊ အယ်ဒီတာအဖွဲ့ဝင် ဗိုလ်မှူးသန်းထူးနှင့် ကျွန်တော် မြင့်စိုး(နတလ)တို့ စုပေါင်းတာဝန်ယူ၍ စီစဉ်ထုတ်ဝေခဲ့ကြသော နတလမဂ္ဂဇင်းကို ကနဦးအစ၌ နယ်စပ်ဖွံဖြိုးရေးမဂ္ဂဇင်းအမည်ဖြင့် ထုတ်ဝေခဲ့ကြပြီး နောင်တွင် တိုင်းရင်းသားမဂ္ဂဇင်းအဖြစ် အမည်ပြောင်းလဲထုတ်ဝေခဲ့သည်။
ယင်းမဂ္ဂဇင်းအတွက် စာမူများတောင်းခံရာတွင် ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ သန်လျင်နေအိမ်သို့ ဆရာလင်းဇော်ခိုင်ကိုယ်တိုင် သွားရောက်တောင်းခံခဲ့သည်။ ဆရာကြီး ချီးမြှင့်ခဲ့သော စာမူများအနက် “နှစ်ဆယ့်တစ်ရာစုနှစ် ဖွံ့ဖြိုးတိုးတက်မှုသစ် မုခ်ဦးမှာ” ဆိုသည့် ဆောင်းပါးထဲမှာ (Inspiration) နှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည် -
စာရေးခြင်းအပါအဝင် အနုပညာများအတွက် တွန်းအားကို အင်္ဂလိပ် ဘာသာဖြင့် Inspiration ဟုခေါ်သည်။ ဇောစေတနာဟု ကျွန်တော် က ဘာသာပြန်ပါသည်။ အနုပညာအားလုံးတွင် ဖန်တီးမှုဖြစ်ပေါ် လာရန် တွန်းအားပေးသော အနုပညာဇောစေတနာဟူ၍ ရှိ၏။ ခေါမများက ထိုဇောစေတနာကို (Theia Donamis) ဟု ခေါ်သည်။ ထိုခေါမစကား၏ အင်္ဂလိပ်ဘာသာအဓိပ္ပါယ်မှာ (Divine Power) ဟု ဖြစ်၏။ မြန်မာလိုတော့ နတ်ဒေဝါတန်ခိုးဟု အဓိပ္ပါယ်ရသည်။ စာရေး ဆရာ၊ ကဗျာဆရာသည် သံလိုက်တုံးကြီးနှင့်တူသည်။ တန်ခိုးရှင် တစ်ဦးဦးက သူ့ကိုယ်တွင်း ပူးဝင်လာသောအခါ သူ့ကိုယ်တွင်းမှ နတ် ဒေဝါတန်ခိုးသည် သံလိုက်ဓာတ်ပမာ ဖြာထွက်သည်။ မဖြာထွက်ဘဲ မနေနိုင်တော့။ စာရေးဆရာ၊ ကဗျာဆရာသည် သူ့ဘဝကိုပင် သူခေတ္တမေ့ သတိလွတ်သွားပြီး Divine Dispensation ခေါ် တန်ခိုး ရှင်၏ အစီအရင်အတိုင်း ရွတ်တော့ပြောတော့ရေးတော့သည် ဆို၏။ ဟိုးမား (Homer) ကြီးကအစ ကမ္ဘာ့ကဗျာဘိုးအေကြီးများသည် သူတို့၏ မဟာကဗျာကြီးများကို ဤသို့လျင် နတ်ဒေဝါတန်ခိုးနှင့် စပ်ဆိုဖန်တီးခဲ့သည်ဟု ဝန်ခံပြောဆိုကြသည်………” ဟု ဆရာကြီး က ရေးသားဖော်ပြထားပါသည်။
တိုင်းရင်းသားမဂ္ဂဇင်းအတွက် စာမူများတောင်းခံရန် ဆရာဦးလင်းဇော်ခိုင်၏ ဆက်သွယ် ပေးမှုအရ စာရေးဆရာရုပ်ရှင်မင်းသား ကိုသုမောင်နှင့် ဆရာမင်းလူတို့အိမ်သို့လည်း ကျွန်တော် ရောက်ဖူးခဲ့သည်။ ဆရာမဝင်းဝင်းလတ် (ကွယ်လွန်)နှင့်လည်း ခင်မင်ရင်းနှီးခွင့် ရခဲ့သည်။ ဆရာဦးခင်မောင်မြင့်၏ မဟေသီတိုက်သို့လည်း မကြာခဏရောက်ဖူးခဲ့သည်။ နှစ်အတန်ကြာ ထုတ်ဝေခဲ့ဖူးသော တိုင်းရင်းသားမဂ္ဂဇင်းကို အကြောင်းပြု၍ စာရေးဆရာကြီး၊ ဆရာမကြီး များ၏ စာမူများနှင့် ထိတွေ့ခွင့်ရခဲ့ပါသည်။ နာမည်ပေးတာကိုက “တိုင်းရင်းသားမဂ္ဂဇင်း” ဖြစ် သောကြောင့် နယ်စပ်ဒေသများ၊ တိုင်းရင်းသားများအပေါ် ထားရှိသည့် စေတနာ၊ မေတ္တာ၊ ကရုဏာတို့ကို သူတို့ရေးသားချီးမြှင့်ခဲ့သည့် ကဗျာတွေ၊ ဝတ္တုတွေ၊ ဆောင်းပါးတွေထဲမှာ တွေ့ ရသည်။ ကာတွန်းများ၊ သရုပ်ဖော်ပန်းချီများကအစ နယ်စပ်ဒေသနှင့် တိုင်းရင်းသား အငွေ့ အသက်များ မကင်းပါချေ။
ကျွန်တော်တို့ ဖြတ်သန်းခဲ့သည့်အချိန်ကာလကို ပြန်လည်တွက်စစ်ကြည့်လိုက်သော အခါ ဆယ်စုနှစ်နှစ်ခုကျော် သုံးခုအတွင်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီတည်း။ ရင်းနှီးကျွမ်းဝင်ခဲ့ ဖူးသော စာရေးဆရာတော်တော်များများက သက်ရှိထင်ရှားမရှိတော့ပြီ။ တောင်ဆီမှာမိုးတွေ သည်းပါလို့ဝတ္တုဖြင့် နာမည်ကျော်ခဲ့သော ဆရာနီမင်းဆွေလည်း မရှိတော့ပြီ။ ဒီကောင်မြင့်စိုး (နတလ)ကွာ ဆောင်းပါးခေါင်းစဉ်ပေးတာကလည်း နုရွနေတာပဲ၊ တက္ကသိုလ်ဘုန်းနိုင်ရဲ့ တပည့်လားမသိဘူး၊ ဒီမှာ ကိုအောင်မြိုင်( ဦးအောင်မြိုင်က သတင်းစဉ်စာတည်းမှူးဖြစ်သည်) သူ့ခေါင်းစဉ်ကို ကျုပ်ပြင်မယ်၊ လိုက်ရေးပါ၊ ကျုပ်ပြင်ပေးတာကို လက်မခံဘူးဆိုရင် မထည့် ပေးဘူးပြောလိုက်၊ ဤပုံဤနှယ် ပြောခဲ့ပြင်ပေးခဲ့ဖူးသော ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် ကြည်အောင်လည်း မရှိတော့ပြီ။ သို့သော် ကြုံဆုံခဲ့ဖူးသော စာပေနှင့်ဆက်နွယ်သည့် ဆရာ သမားများ၊ စာရေးဆရာ ဆရာမများသည် စာပေတာဝန်ကိုသိသော၊ နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာရှိသော ယုံကြည်ချက် ခံယူချက်များဖြင့် စာပေစင်မြင့်ထက်တွင် ဂုဏ်သိက္ခာ မြင့်မားစွာ ရပ်တည်သွားခဲ့ကြသည်ကို ကြည်ညိုလေးစားဖွယ်ရာ တွေ့မြင်ခဲ့ရသည်။ စေတနာဟုဆိုရာ တွင် ကောင်းသောစေတနာနှင့် မကောင်းသောစေတနာ နှစ်မျိုးရှိသည်။ ကောင်းသော စေတနာက ကုသိုလ်ကံကို ဖြစ်စေသည်၊ မကောင်းသောစေတနာက အကုသိုလ်ကံကို ဖြစ်စေ သည်။ တာဝန်သိသော စာရေးဆရာမှန်သမျှသည် ကောင်းသောစေတနာဖြင့်သာ စာရေး ကြသည်။ ကောင်းသောကုသိုလ်ကံ ဇောစေတနာတို့တွင် မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့က အလိုလိုပါဝင်လာပြီးဖြစ်တော့သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့အရင်းတည်၍ ရေးသား ထားသည်။ စာပေမှန်သမျှ အဆိပ်အတောက်ကင်းသော အကျိုးပြုစာပေများ မလွဲဧကန်ဖြစ်ပေ လိမ့်မည်။
စာပေမြင့်မှ လူမျိုးတင့်မည် ဆိုရိုးရှိခဲ့သည်။ စာပေသည် နိုင်ငံအတွက် လမ်းပြကြယ်ဟု ဆိုပါလျှင် စာရေးဆရာများသည် လမ်းပြကြယ်ကို ပိုမိုလင်းလက်တောက်ပအောင် ဖန်တီး ပုံဖော်သူများ ဖြစ်ပေလိမ့်မည်။ သည့်အတွက် စာပေအပေါ် သစ္စာရှိရပါမည်။ နိုင်ငံနှင့်လူမျိုး အတွက် အနာဂတ်ကို ပိုင်စိုးမည့်လူငယ်များအတွက် အဆိပ်အတောက်ကင်းသော စာကောင်း ပေမွန်များကိုသာ လက်ဆင့်ကမ်းအမွေအဖြစ် မျှဝေပေးရပါမည်။ ယနေ့ သက်ရှိထင်ရှားရှိနေ ကြဆဲ ကန်တော့ခံစာပေပညာရှင်ကြီးများသည် စာပေအပေါ် သစ္စာရှိစွာဖြင့် ရေးသားရပ်တည် ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။ မကြာမီ ကျင်းပပြုလုပ်မည့် (၃၈) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များကန်တော့ပွဲမှသည် အကြိမ် (၅၀) မြောက် ရွှေရတုနှစ်ကန်တော့ပွဲ အထိ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက် ရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်