Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု နှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု


12 May,2026

နေပြည်တော်  မေ ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်း မြို့နယ် အေးချမ်းသာစံပြကျေးရွာ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျေးရွာ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဘက်စုံသုံးခန်းမ၌ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံရာ သက်ဆိုင်ရာတာဝန်ရှိသူများက  အေးချမ်းသာကျေးရွာအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်  ကျေးရွာအဆင့် ဆင်းရဲမှု လျော့ချရေးစံပြစီမံကိန်းမှ စံပြကျေးရွာအဖြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရမှ ကျေးရွာ၏ အခြေခံလိုအပ်ချက်များနှင့် အရင်းအနှီးနှင့် သွင်းအားစုများရရှိရေး ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်၍ ရေရှည်လည်ပတ်ထိန်းသိမ်း၍ ကျေးရွာ ကော်မတီများမှ ဝိုင်းဝန်းထိန်းသိမ်းကြရန် လိုအပ်ကြောင်း၊ ကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားကြရန် လိုကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စုပေါင်း ဆောင်ရွက်ကာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် မိမိကိုယ်တိုင် ကြိုးစားအားထုတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးရွာအတွင်း ကျေးရွာအဆင့် ဆင်းရဲမှု လျော့ချရေးစံပြစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်း လမ်းတံတား လုပ်ငန်းများအား လည်းကောင်း၊ ကျေးရွာ ရေရရှိရေး ရေသန့်စင်စနစ် လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ကျေးရွာမီးရရှိရေးနှင့် ကျေးလက်ဆေးပေးခန်းအားလည်းကောင်း၊ ဝက်မွေးမြူရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ ကျေးရွာကုန်ထုတ်လုပ်ငန်းဖြစ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်နှင့်ကျေးရွာကော်မတီတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စက်ရက်ကန်းလုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ ကျေးရွာအခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)ရှိ စာသင်ကျောင်းဆောင်နှင့် စာကြည့်တိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ အား လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်းကြီးက ကဏ္ဍအလိုက် လုပ်ငန်း လိုအပ်ချက်များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အေးချမ်းသာစံပြကျေးရွာရှိ အေးချမ်းသာစံပြ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယအသင်းသား တောင်သူတစ်ဦး၏ နွေစပါး စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး အသင်းသားတောင်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးရွာတောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး သမဝါယမစနစ်ဖြင့် စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြေကြားပြီး ဒေသခံ တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ကျောက်စရစ်ကုန်း ကျေးရွာအနီးရှိ စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်း၏ သဘာဝ မြေဩဇာထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့် လည်ပတ်ဆောင်ရွက်နေမှုအားလည်းကောင်း၊ နို့စားနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး စက်ရုံတာဝန် ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမစနစ်ဖြင့် အသားတိုးနွား တိုးချဲ့မွေးမြူမည့်အစီအမံအား လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် သဘာဝ မြေဩဇာများအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအသုံးပြုလာစေရေး၊ သဘာဝမြေဩဇာ အသုံးပြုခြင်းကြောင့် မြေဆီလွှာပြုပြင်နိုင်မှု အခြေအနေများကို တောင်သူများ သိရှိလာစေရေး သက်ဆိုင်ရာတာဝန်ရှိသူများက တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်