ဟင်္သာတမြို့နယ် ဒါးက(မြောက်)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး
ဟင်္သာတ မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် အင်္ဂပိုကျေးရွာအုပ်စု၊ ဒါးက(မြောက်)ကျေးရွာတွင် ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများက မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်မော်သန်း၊ ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးတင်မော်သန်းက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ခဲ့သည်။
ဒါးက(မြောက်)ကျေးရွာ၌ လမ်းတစ်ဖက်လျှင် အရှည်ပေ ၈၅၀ ၊ အကျယ် ၂ ဒသမ ၅ ပေ၊ ထု ခြောက်လက်မစီရှိ ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ကျပ်သိန်း ၁၇၂၊ ပြည်သူထည့်ဝင်ငွေ ၅ သိန်း၊ စုစုပေါင်းရန်ပုံငွေ ၁၇၇ သိန်းအသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ယခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ပါကြောင်း ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက ပြောပြ၍ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်