ရေနံချောင်းမြို့နယ် ရုံးဆိပ်မြောက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး
******************************************************************************
ရေနံချောင်း ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်းအနှီးများရရှိစေရန် ရည်ရွယ်၍ ဆားတိုင်ကျေးရွာအုပ်စု၊ ရုံးဆိပ်မြောက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ဧပြီ ၈ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငုဝါရွှေနှင့်ဝန်ထမ်းများက ရုံးဆိပ်မြောက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ထားမှု ရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လိုအပ်သည်များ မှာကြားခဲ့သည်၊၊
ရုံးဆိပ်မြောက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ မတည်ရန်ပုံငွေသိန်း၃၀၀ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၅၉ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ
၄၂ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ငါးဦး၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၀၆ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် ၄၁၉သိန်းထိ ထုတ်ချေးပေးထားကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငုဝါရွှေထံမှ သိရသည်၊၊
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်