ပုဗ္ဗသီရိမြို့နယ် သာယာဝှမ်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး
နေပြည်တော် ဇွန် ၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်းအနှီးရရှိစေရန် ရည်ရွယ်၍ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ သာယာဝှမ်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ် ထုတ်ချေးခြင်းကို ဇွန် ၄ရက် နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက သာယာဝှမ်းကျေးရွာရှိ ရပ်မိရပ်ဖများ၊ အသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံကာ စီမံကိန်းရန်ပုံငွေထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ချေးငွေထုတ်ချေးရာ တွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားသည်၊၊
ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဇာနည်ဝင့်က စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၄၆ ဒသမ ၅သန်း လွှဲပြောင်း ပေးအပ်သည်၊၊
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက သာယာဝှမ်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ၅၂ဦးကို ငွေကျပ် ၁၅သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၃ဦးကို ငွေကျပ် ၂၈ ဒသမ ၅သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၀ဦးကို ငွေကျပ် ၃သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၆၅ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၆ ဒသမ ၅သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်၊၊
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်