နေပြည်တော်၊ ဇွန် ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း အမှတ်စဉ် (၁၀) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(နည်းပညာ)၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ များ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ မိမိတို့ ဌာနအနေဖြင့် ဌာန၏မျှော်မှန်းချက်နှင့်အညီ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ပြည်သူလူထု၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အလုပ်အကိုင်ဝင်ငွေရရှိစေမည့် အသက်မွေးဝမ်း ကျောင်းပညာ ကာလတိုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ မိမိတို့ဌာနက ယခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မဲခေါင်-လန်ချန်း စီမံကိန်းသည် စိုက်ပျိုးရေး ကုန်ကြမ်းသီးနှံအခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကုန်ထုတ် စွမ်းအား စွမ်းဆောင်ရည်နှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းအားကိုမြှင့်တင်ပေးရန်၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုကိုမြှင့်တင်ပေးရန်စသည့် အချက်များကို ရည်ရွယ်၍ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယခု သင်တန်းတွင် အသေးစားစီးပွားရေးလုပ်ငန်း ထူထောင် နိုင်စေရန်အတွက် သင်တန်းဆင်းများမှ အမှန်တကယ် ကိုယ်ပိုင်ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်လိုသူ (၅) ဦးကိုစိစစ် ရွေးချယ်ပြီး လုပ်ငန်းလုပ်ကိုင်ရာတွင် အဓိကလိုအပ်သည့် လုပ်ငန်းသုံး ပစ္စည်းများကို ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယခု ဖွင့်လှစ်သော နည်းပညာပေးသင်တန်းတွင် ဈေးကွက်ဝင် ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာများ၊ ထုတ်ပိုးမှုဆိုင်ရာနည်းပညာများနှင့် စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ ဘာသာရပ်များကို စာတွေ့ လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်