မြင့်စိုး(နတလ)
မဟာလှေကားပန်းများနှင့် ကျွန်တော်
သားခိုတောင်သို့ရောက်လျှင်ရောက်ချင်း ကျွန်တော့်နားထဲမှာ စွဲသွားသည့် ပန်းတစ်မျိုး၏ အမည်ဖြစ်သည်။ မြန်မာအမည် “မဟာလှေကားပန်း”၊ အင်္ဂလိပ်လိုတော့ Buttercup tree, Yellow Cotton tree, Silk Cotton tree ဟု ခေါ်ကြပြီး Family မျိုးရင်းမှာ Bixaceae ဖြစ်ကြောင်း၊ အရှေ့တောင်အာရှနှင့် အိန္ဒိယတိုက်ငယ် အပူပိုင်းဒေသများတွင် ပေါက်ရောက် တတ်သော သစ်မာမျိုးဖြစ်ကာ ၂၅ ပေလောက်အထိ မြင့်မားတတ်ကြောင်း သိရသည်။ ဘုရား ကုန်းတော်တဝိုက်၌ ပေ ၂၀ နှင့် ၂၅ ပေ အမြင့်ခန့်ရှိ မဟာလှေကားပန်းပင်များ ဇန်နဝါရီလ ဒုတိယပတ်လောက်မှာ အပွင့်ပွင့်တတ်ကြောင်း၊ မဟာလှေကားပန်းများ ပွင့်ချိန်၌ အခြားအပင် များဖြစ်သည့် သစ်ရာ၊ အင်ကြင်း၊ ပျဉ်းကတိုး၊ ပိတောက်တို့သည် အရိုးပြိုင်း အရွက်ကျနေချိန် ဖြစ်၍ ရွှေဝါရောင်အဆင်းနှင့် မဟာလှေကားပန်းတို့၏အလှက ပို၍သက်ဝင်ထင်ရှား တင့်တယ် လှပနေကြောင်း ဒေသခံတို့က ဆိုကြ၏။ ထို့ပြင်တဝ မဟာလှေကားပန်း၏ အဆင်းကို မြတ်စွာ ဘုရား၏ အသားအရေတော်နှင့်လည်း ခိုင်းနှိုင်းကြည်ညိုကြကုန်၏။ သည့်အတွက်ကြောင့်ပေ လားမသိ၊ နေပြည်တော် သပြေကုန်း မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးအဂ္ဂဓမ္မ ဦးဆောင်သော ဘုရားဖူးအဖွဲ့ ဒါယကာ၊ ဒါယိကာမ ၆၀ ဦးခန့်သည် သားခိုတောင်ရှိ မဟာအတုလလောက ရန်အောင်စေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ရင်း မြတ်စွာဘုရားအား ရည်မှန်း၍ မဟာ လှေကားပန်းများကိုပါ ကြည်ညိုစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း ကြားသိခဲ့ရပါသည်။ မိုးတွင်း ကာလမို့ မဟာလှေကားပန်းပွင့်များကို မမြင်ခဲ့ရသော်လည်း စေတီတော်ကြီးအနီး ပေါက်နေ သော ပန်းပင်ငယ်အောက်မှာ အမှတ်တရဓာတ်ပုံရိုက်ခဲ့၏။ အဆင်းနှင့် အချင်းရှိသော ပန်း၊ သစ္စာဉာဏ်အလင်းကို ရစေသောပန်း ဖြစ်သောကြောင့် ဝန်ကြီးပဒေသရာဇာက မောက်မို အင်ကြင်း၊ နီဝင်းဇော်တ သော်ကလေ၊ မဟာလှေကား၊ ဆတ်သွားလှိုင်ပျံ့၊ ကြိုင်နံ့မွှေး ဟူ၍ လည်းကောင်း၊ မြဝတီမင်းကြီးဦးစက မဟာလှေကား၊ ဆတ်သွားမဉ္ဇူ၊ ပျဉ်းဖြူတည့်အနန်း ဟူ၍ လည်းကောင်း၊ လယ်တီပဏ္ဏိတဦးမောင်ကြီးက မဟာလှေကား၊ စံကားရွှေနွယ်၊ ရွှေရောင်ဓာတ် သန်း၊ လျှပ်ပန်းသဖွယ် ရှုမခန်းပ၊ ဆန်းဆန်းကြယ်ကြယ်၊ တိုက်အလုံး ရွှေအုံးဆင်သခြယ် ဟူ၍ လည်းကောင်း တင်စားဖွဲ့ဆိုခဲ့ကြကြောင်း တွေ့ရသည်။ ထူးခြားချက်တစ်ခုမှာ မဟာလှေကား ပန်းပင်များသည် သားခိုတောင်တဝိုက်တွင်သာ ပေါက်ရောက်ကြပြီး ပတ်ဝန်းကျင် အခြားနေရာ ဒေသများ၌ မတွေ့ရဟု ကြားသိခဲ့ရ၏။
လာလိုလျှင်အနီးလေး ခရီးမဝေးလှပါ
သားခိုတောင်သို့ သွားလိုပါသလား၊ လမ်းညွှန်ပေးပါမည်။ တပ်ကုန်းမြို့ကိုကျော်ပြီး မိနစ် အနည်းငယ်မျှ ကားမောင်းလိုက်လျှင် ကြို့ပင်သာရွာလမ်းခွဲသို့ ရောက်ပါမည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာနမှ တာဝန်ယူဖောက်လုပ်ထားသော ကွန်ကရစ်လမ်းအတိုင်း လမ်းဘေး ဝဲယာရှိ ရေတွင်းဖြူ၊ မန်ကျည်းပင်၊ ညောင်ပင်သာ၊ ချောင်းခွ၊ ရွေးစု၊ ရှားတုံးအိုင်၊ ဖောင်းတော၊ ညောင်ကိုင်း၊ ကျောင်းကုန်း၊ ဥယျာဉ်၊ ပင်သောင်၊ ကျွဲလည်ပင်း၊ ကျောက်စရစ်ကုန်းရွာများကို ဖြတ်ပြီးပါက ခရိုင်ချင်းဆက် ကတ္တရာလမ်းကို ရောက်ပါမည်၊ ထိုလမ်းမှ ဆူးတပ်ရွာကိုဖြတ်ကာ ဂဝံလမ်းအတိုင်း အုန်းပင်အရှေ့၊ အုန်းပင်အနောက်ရွာများရှိရာကို မောင်းလာခဲ့လျှင် သားခို တောင်ပေါ်က မဟာအတုလလောကရန်အောင်စေတီတော်ကို လှမ်းမြော်ဖူးတွေ့ရပါပြီ။ ကြို့ပင်သာမှ အရှေ့မြောက်ယွန်းယွန်း ခန့်မှန်းမိုင် ၂၀ အကွာတွင် တည်ရှိပြီး ဖြည်းဖြည်းနှင့် မှန်မှန်ဆိုလျင် ကားမောင်းချိန် မိနစ် ၄၀ မျှသာ ဖြစ်ပါ၏။ လမ်းတစ်လျှောက်တွင် တွေ့ရသော ကျေးရွာလေးများ၏ အနေအထားကလည်း သာသာယာယာရှိပါသည်။ ကျေးလက်သဘာဝ စိုက်ပျိုးလုပ်ကိုင်နေမှုများကိုလည်း တွေ့ရမည်။ ကားလမ်းကလည်း မောင်းရတာ အဆင်ပြေ ပါသည်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နေပြည်တော်ကောင်စီ၏ ခွင့်ပြုရန်ပုံငွေဖြင့် သားခိုတောင် အတက်လမ်း ၅ ဖာလုံကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဂဝံလမ်းခင်းခဲ့ပြီး ယခု ဘဏ္ဍာနှစ် ၂၀၂၅-၂၀၂၆ တွင် ၃.၇၉ ဖာလုံကို ကွန်ကရစ်လမ်း ခင်းပေးမည်ဖြစ်ပါသည်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် အုန်းပင်ရွာမှ တောင်ပို့သာရွာနှင့် သစ်ဆိမ့်ပင်ကျေးရွာ အုပ်စုသို့ သွားသည့်လမ်းပေါ်ရှိ လယ်ငယ်ချောင်းကူး ၃၀၀ ပေ သံကူကွန်ကရစ်တံတားတစ်စင်း ကိုလည်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်ပေးလျက် ရှိသည်။
သားခိုတောင်ဆိုသည်မှာ
ယခုမှ သားခိုတောင်ရာဇဝင်ကို စာတင်ကာပြောရပါတော့မည်။ ၅၅၀ နိပါတ်တော်၌ အစ ကြိုးကြာ ၁၆ ခါတည်း၊ ဟင်္သာ ၉ ဖြစ်၊ ၆ ဖြစ်ကားခို၊ ကျေးညို ၃ ခါ၊ သံသာကျူးမိန့် ကရဝိတ် ၅၊ ၄ ကား ကိန္နရာ၊ စာမရီ ၁၅၊ မျောက်ကား ၁၀၊ ဆင်ဝယ် ၁၁၊ နွားဖြစ် ၁၄၊ ဧက ၁ သိန္ဓောဝ၊ ကျွဲ အဋ္ဌ ၈ ဘဝနှင့် သံမြသာညောင်း ဥဒေါင်း ၂ ခါ၊ သာလိကာသတ္တ ၇၊ ဒွါသေ ၁၂ ကြက်၊ ဝက် ၁၃ ပေါင်းစုရုံးကာ သံသရာဝယ်ဆိုသည့် စကားနှင့်အညီ ဘုရားလောင်းကျွဲမင်းဘဝတွင် ၈ ဘဝ ကျင်လည်ခဲ့သည်ဟု ဆို၏။ ဘုရားလောင်းကျွဲဘဝ ၈ ဘဝထဲမှ တစ်ဘဝသည် သားခိုတောင်နှင့် ဆက်စပ်နေသည့်သဘော တွေ့ရသည်။
ပေစာကျောက်စာများဖြင့် ရေးထိုးထားသည့် သမိုင်းအထောက်အထား မရှိသော်ငြား လည်း တွေ့ရှိရသည့် ရှေးဟောင်းလက်ရာများနှင့် ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာခဲ့ ကြသည့် နှုတ်ထွက်အက္ခရာတို့ကို စုစည်းကာ ၂၀၁၈ ခုနှစ်တွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တာဝန်ရှိသူများ၏ ကြိုးပမ်းအားထုတ်မှုကျေးဇူးဖြင့် သားခိုင်တောင်တော်၏ သမိုင်း မှတ်တမ်းအကျဉ်းကို ဖတ်ရှုလေ့လာခွင့်ရခဲ့ခြင်း ဖြစ်ပါသည်။ အုန်းပင်ရွာ မင်္ဂလာရန်အောင် ကျောင်းတိုက်တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ စုပေါင်းကထိန်ခင်းရာမှ အစပြု ခဲ့သည်ဟု ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌဦးညွန့်မောင်၊ ဒုတိယဥက္ကဋ္ဌဦးဖိုးဆယ်၊ အတွင်းရေးမှူး ဦးစိုးမြင့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်မြင့်နှင့် ဦးကျော်ညွန့်လှိုင်၊ အုန်းပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းတို့နှင့် စကားဝိုင်းဖွဲ့ရင်း သိခွင့်ရခဲ့၏။ သားခိုတောင်နှင့် ပတ်ဝန်း ကျင်တွင် တည်ရှိနေသည့် ရှေးဟောင်းလက်ရာများနှင့် လယ်ယာမြေများမှ တွေ့ရှိရသည့် မြေအိုး၊ မြေဆေးတံ၊ မြေပုတီးစေ့များ၊ အုတ်ချပ်ကြီးများသည် ပုဂံခေတ်ထက်စော၍ ပျူခေတ် လက်ရာ သမိုင်းအထောက်အထားများ ဖြစ်နိုင်ကြောင်း ဖော်ပြထားပါသည်။ သမိုင်းအကျဉ်းကို ဆက်ပါဦးမည်။
ဘုရားလောင်းကျွဲမင်း၏ ဘဝဖြစ်စဉ်
သားခိုတောင်တည်ရှိရာအရပ်တွင် ဒေဝဒတ်ကျွဲမင်းနှင့် ကျွဲမ ၅၀၀ ကျက်စားခဲ့ကြရာ ကျွဲမများ သန္ဓေတည်ပြီး ကျွဲပေါက်လေးများ မွေးဖွားလာချိန်၌ အမဖြစ်လျှင် အသက်ရှင်ခွင့်ပေး ပြီး အထီးမွေးလာပါမူ ဒေဝဒတ်ကျွဲမင်းက ၎င်း၏ဦးချိုဖြင့်ခတ်၍ သတ်လေ့ရှိကြောင်း၊ မိခင် ကျွဲမကြီးသည် ဘုရားလောင်းကျွဲမင်းအား ပဋိသန္ဓေဆောင်ချိန်တွင် ဒေဝဒတ်၏ရန်ကို ရှောင်တိမ်း ပုန်းခိုနေရသည့်တောကို ပုန်းတော (ယခု ပိန်းတောကျေးရွာ)၊ တောင်စောင့်နတ်မင်းကြီးက သားဝှက်ဂါထာကို ပေးပြီး ပုန်းအောင်းနေထိုင်ရမည့်နေရာ (ယခု သားခိုတောင်နေရာ) အား ညွှန်ပြစောင်မခဲ့သည့်နေရာကို (နတ်မကျေးရွာ)၊ မီးဖွားကာနီး သား၏ကိုယ်ဝန်ကိုလွယ်၍ ခေါ်ဆောင်လာသောတောင်ကို လွယ်ခေါ်တောင်၊ ဒေဝဒတ်ကျွဲမင်း မမြင်စေရန် တောင်ပို့ကြီး နောက်တွင် ပုန်းအောင်းနေခဲ့ရသောနေရာကို (ယခုတောင်ပို့သာကျေးရွာ)၊ ကြာပင်အင်း ကျေးရွာတွင် မွေးဖွားခဲ့ပြီး အချင်းကျသောနေရာကို (ယခု ချင်းစုကျေးရွာ) ဟု အမည်နာမများ ခေါ်တွင်ခဲ့ကြကြောင်း ထိုမှတစ်ဆင့် သားငယ်ဘုရားလောင်းကျွဲမင်းအား တောင်ထိပ်တစ်ခုပေါ် သို့ ပို့ဆောင်ဝှက်ထားပြီး ကြီးပြင်းစေခဲ့ရာ ထိုနေရာမှာ ယခုသားခိုတောင်ဟု အမည်တွင်လာခဲ့ ကြောင်း၊ သားခိုတောင်၏အောက်တွင် တောင်လေးလုံး ဥမင်သဖွယ် တည်ရှိနေသောနေရာကို ဥမင်(ယခု အုန်းပင်ကျေးရွာ) ဟု ခေါ်ကြောင်း လေ့လာသိရှိရပါသည်။
ဘုရားလောင်းကျွဲမင်း ကြီးပြင်းလာသောအခါ ဖခင်ဖြစ်သော ဒေဝဒတ်ကျွဲမင်းနှင့် အား စမ်းရန် စိန်ခေါ်ခဲ့သည့် ရေအိုင်ကြီးနေရာကို (ယခု ညောင်အိုင်ကျေးရွာ)၊ ဒေဝဒတ်ကျွဲမင်းက အနီးရှိ ညောင်ပင်ကြီးအား ဦးချိုဖြင့်ခတ်ပြရာ လွင့်စင်ကျရောက်သွားသောနေရာကို (ယခု တပ်ကုန်းမြို့မြောက်ဘက်ရှိ ညောင်လွန့်ကျေးရွာ)၊ ဘုရားလောင်းကျွဲမင်းက အားစမ်းခတ်ပြ သော ဇီးဖြူပင်ကြီးမှ ဇီးဖြူသီးများ ရှစ်စိပ်ကွဲ၍ မြေပေါ်သို့ ကျခဲ့သည့်နေရာ (ယခု ဇီးဖြူကုန်း ကျေးရွာ) တို့ကိုလည်း သူ့အမည်နှင့်သူ ယှဉ်တွဲမှတ်သားခဲ့ရပါသည်။ ဘုရားလောင်းကျွဲမင်းသည် ဖခင်ဖြစ်သူ ဒေဝဒတ်ကျွဲမင်းကို ခွန်အားပြိုင်ရုံသာ ပြိုင်ခဲ့ပြီး အန္တရာယ်မပြုခဲ့ပေ။ သို့ရာတွင် တစ်ချိန်က ဒေဝဒတ်ကျွဲမင်းသည် သစ်ဆိမ့်ပင်ကြီးတစ်ပင်ကို ဦးချိုဖြင့်ခတ်၍ ဖျက်ဆီးခဲ့ဖူးသော ကြောင့် သစ်ဆိမ့်ပင်စောင့်ရုက္ခစိုးနတ်မင်းက ဒေဝဒတ်ကျွဲမင်း ဘုန်းကံကျပြီး နိမ့်ပါးအားနည်း နေချိန်၌ ကျွဲယောင်ဆောင်ကာ ယှဉ်ပြိုင်တိုက်ခိုက်၍ သုတ်သင်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။ သစ်ဆိမ့်ပင်ကြီးနေရာ (ယခု သစ်စိမ့်ပင်ကျေးရွာ)၊ ရုက္ခစိုးနတ်မင်းနှင့် ယှဉ်ပြိုင်သောနေရာ (ယခု ဗျိုင်းအင်းကျေးရွာ)၊ ဒေဝဒတ်ကျွဲမင်း လည်ပင်းကျသွားသောနေရာ (ယခု ကျွဲလည်ပင်း ကျေးရွာ)၊ ၎င်းသေးဆုံးပြီး အရိုးကျသွားသော အရိုးကုန်းရွာ (ယခု မရိုးကုန်းကျေးရွာ) တို့ ဖြစ်ကြောင်းလည်း မှတ်သားခဲ့ရသည်။
မဟာမေခဃဏ္ဏ ခေါင်းလောင်းတော်နှင့် ရှေးဟောင်းအုတ်လှေကားများ
သားခိုတောင် ကုန်းတော်ပေါ်မှ ဉာဏ်တော် ၂၁ တောင်ရှိ မဟာအတုလ လောက ရန်အောင် စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် အမွှေးနံ့သာတိုင်များ ထွန်းညှိ ပူဇော်ကပ်လှူခဲ့သည်။ သက်တမ်း ၂၄၅ နှစ်၊ အလေးချိန်ပိဿာ ၁၀၀ ရှိ ခေါင်းလောင်းငယ်၊ သက်တမ်း ၁၁၈ နှစ်၊ အလေးချိန်ပိဿာ ၃၈၀ ရှိ ခေါင်းလောင်းကြီးတို့ကို မဟာမေခဃဏ္ဏ မိုးကောင်း ခေါင်းလောင်းတော်များဟု ခေါ်ဆိုခဲ့ကြပြီး စေတီတော်ကြီးဌာပနာတွင် မြတ်စွာ ဘုရား၏ အရိုးဓာတ်တော်များ ပါဝင်ကြောင်း ရေးထိုးထားပါသည်။
သားခိုတောင်တွင် ရှေးဟောင်းအုတ်ချပ်ကြီးများနှင့် တည်ဆောက်ထားသော အုတ် လှေကားများ ကျန်ရှိနေပါသေးသည်။ အုတ်ချပ်များ၏ အရွယ်အစားမှာ အလျား ၁၅ လက်မ၊ အနံ ၇ လက်မမှ ၈ လက်မ အရွယ်များ ဖြစ်ကြ၏။ သားခိုတောင်၏ တောင်ဘက် ၁ မိုင်ခန့်တွင် စအုန်းမြို့ ရှိခဲ့ပြီး မြို့ရိုးပုံသဏ္ဍန် အုတ်ချပ်များသည်လည်း အလျား ၁၅ လက်မ၊ အနံ ၇ လက်မ / ၈ လက်မ အရွယ်များဖြစ်ကြောင်း၊ ၎င်းပတ်ဝန်းကျင်ရှိ လယ်မြေယာမြေများမှ မြေအိုး၊ မြေပန်းကန်၊ မြေခွက်၊ မြေပုတီးစေ့၊ မြေဆေးတံများ ရခဲ့ဖူးကြောင်း၊ ရှေးယခင်က တည်ဆောက် ခဲ့သည့် ရေကျုံးပုံသဏ္ဍန်များလည်း ကျန်နေသေးကြောင်း၊ သက်ကြီးစကား သက်ငယ်ကြား အနေဖြင့် လယ်ပယ်၊ ပက်ပိုင်း၊ ဘော်၊ ညောင်ကိုင်း၊ စအုန်း စသည့်မြို့များ ရှိခဲ့ဖူးကြောင်း သိရ ပြီး ပျူခေတ်လက်ရာများ ဖြစ်နိုင်ကြောင်းလည်း ကြားသိခဲ့ရပါသည်။ ပက်ပိုင်းမြို့ဆိုသည်မှာ ယခု တောင်ပို့သာကျေးရွာနေရာတွင် တည်ရှိခဲ့ပြီး အိမ်ဆောက်ရန်တွင်းတူးသည့်အခါ အဆိုပါ အုတ်ချပ်ကြီးများကို တွေ့ရှိရတတ်ကြောင်း ဒေသခံများက ပြောကြသည်။ သားခိုတောင်၏ တောင်ခြေတွင် ရှိနေကြသော နဂါးဦးခေါင်းပုံ ထီးတော်နှင့်တည်ထားသည့် နဂါးခေါင်းထီးတော် စေတီ၊ မနုဿီဟဖင်နှစ်ခွရုပ်တုနှင့်စေတီ၊ မြတ်ငါးဆူဘုရား၊ ကိုးနဝင်းစေတီတို့ကိုမူ အနီးကပ် ဖူးမြော်လေ့လာခြင်း မပြုရသေးပါ။ ထပ်မံဖူးမြော်ခွင့်ရမည်ဟု ယုံကြည်ထားပါသည်။
သားခိုတောင်ဘုရားပွဲတော်
နှစ်စဉ် ပြာသိုလပြည့်နေ့မှ အစပြု၍ လပြည့်ကျော် ၂ ရက်နေ့ထိ ၃ ရက်တိုင်တိုင် ဘုရားပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။ ရှေးယခင်ကာလက ပန်တျာကြည်လင်တို့လို ဇာတ်အဖွဲ့ကြီး များ လာရောက်ကပြကြသကဲ့သို့ တင်မောင်ဆန်းမင်းဝင်းတို့လည်း လာရောက်ဖူးကြောင်း၊ တေးသံ ရှင် ဟင်္သာတထွန်းရင်သည်ပင်လျှင် ဇာတ်အဖွဲ့တစ်ဖွဲ့နှင့် ပါလာခဲ့ဖူးကြောင်း အမှတ်တရ ပြော ပြကြသည်။ ဘုရားပွဲရက်ကို တွက်ကြည့်လိုက်သောအခါ လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ဖြစ်ပါလိမ့်မည်။ ဘုရားပွဲတော်ရက်မှာ ကြုံဖူးအောင် တစ်ခါတစ်ခေါက်လောက် ထပ်မံ၍ ရောက်ဖူးချင်စမ်းပါဘိ။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်