နေပြည်တော် အောက်တိုဘာ ၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နှင့်ဇနီး ဒေါ်ကြည်ကြည်မေတို့ကို အမှူးထားကာ စတုတ္ထအကြိမ် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင် ဝတ် အလှူတော်မင်္ဂလာအခမ်းအနားကို အလုပ်တာဝန်များ မအားလပ်ကြသော ဝန်ထမ်းများ၏ ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် မဆောင်ရွက်နိုင်ကြသည့် သားသမီးများအတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့နှင့် (၄) ရက်နေ့များ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအစီအစဉ် ပထမနေ့ဖြစ်သော အောက်တိုဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် ရုံးအမှတ် (၁၆) ရှေ့၌ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ တာဝန်ရှိသူများ၊ ရဟန်းလောင်း၊ မောင်ရှင် လောင်းနှင့် သီလရှင်လောင်းများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ရှင်လောင်းလှည့် ခြင်းအခမ်းအနားကို ရုံးအမှတ် (၁၆) မှ စတင်ခဲ့ရာ ဇေယျာဌာနီလမ်းအတိုင်း ထွက်ခွာကာ မောင်ရှင်လောင်းများအား မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးဓလေ့နှင့်အညီ သတ္တမဝေဘုံလကျောင်းတိုက် ပရဝုဏ်အတွင်းရှိ နတ်ကွန်းတွင် နတ်ပြခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။ ထိုမှတစ်ဆင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်၍ လက်ယာရစ်လှည့်လည် ဦးခိုက်ပူဇော်ခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီးဒေါ်ကြည်ကြည်မေတို့က မာရဝိဇယရုပ်ပွားတော် မြတ်ကြီးအတွက် အလှူငွေကျပ် သိန်း (၃၀) ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ထိုနေ့မွန်းလွဲပိုင်းတွင် ရဟန်းလောင်းများ၊ မောင်ရှင်လောင်းများနှင့် သီလရှင်များအား မင်္ဂလာဘိသိက်သွန်းခြင်း အခမ်းအနားကို သီရိဂန္ဓမာမိုးကုန်ဝိပဿနာ သပြေအေးကျောင်းတိုက်၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြပြီး တပ်ကုန်းမြို့နယ်၊ ထူးခြားလက်သံ စိန်သောင်းဟန် ဆိုင်းအဖွဲ့မှ ဘိသိတ်ဆရာ ဦးအောင်ဖြိုးမင်းက ဘိသိတ်သွန်းလောင်းပေးခဲ့သည်။ ညနေပိုင်းတွင် ဆံချမင်္ဂလာပြုလုပ်ရာ ဦးစွာ နမောတဿ (၃) ကြိမ် ရွတ်ဆိုကန်တော့၍ အခမ်းအနားကို ဖွင့်လှစ် သည်။ ယင်းနောက် မောင်ရှင်လောင်းများက ဥပစ္ဇျယ်ဆရာတော် ဦးဂန္ဓမာလာအား ဩကာသ ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြရာ ဆရာတော်ဦးဂန္ဓမာလာမှ မောင်ရှင်လောင်းများအား ဆုပေးချီးမြှင့်သည်။ ဆက်လက်၍ မောင်ရှင်လောင်းများ၊ ရဟန်းလောင်းများ၊ သီလရှင်လောင်း များအား ဆံချမင်္ဂလာ ပြုလုပ်ကြသည်။
ထို့နောက် ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာထံ ရှင်ပြုအစီအစဉ် ဆောင်ရွက်ပေးပါရန် တောင်းပန်လျှောက်ထားရာ ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာက ရှင်ပြုခြင်းအစီအစဉ် ဆောင်ရွက် ပေးပြီး ရဟန်းလောင်းများမှ ဆရာတော်ထံ သင်္ကန်းပေးခြင်း၊ ဆရာတော်ထံမှ သင်္ကန်းတောင်းခြင်း၊ သင်္ကန်းဝတ်ဆင်ခြင်း၊ ရှင်အဖြစ်တောင်းခံခြင်း၊ သရဏဂုံဆောက်တည် ရှင်ပြုခြင်းနှင့် ဥပစ္ဇျာယ် ယူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ် ဒုတိယနေ့ဖြစ်သော အောက်တိုဘာလ ၄ ရက်နေ့တွင် သီရိဂန္ဓမာ သပြေအေးမိုးကုတ်ဝိပဿနာ ကျောင်းတိုက်၌ ဥပသမ္ပဒကံဆောင်၍ ရဟန်းခံမင်္ဂလာပြုခြင်း၊ သိမ်ဝင်ခြင်းနှင့် သိမ်ဆင်းလောင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာ ဦးဆောင်၍ ရဟန်းဘောင်ဝင်မည့် သာမဏေများ မင်္ဂလာသိမ်တော်သို့ သိမ်ဝင်ခြင်း၊ သိမ်ဆင်းခြင်း များ ဆောင်ရွက်ကြသည်။ ထို့နောက် ဦးပစ္ဇျာယ်ဆရာတော် ဦးဂန္ဓမာလာ ဦးဆောင်သော ရဟန်း တော်များအား ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်ဇနီး အမှူးရှိသည့် ဧည့်ပရိသတ်အပေါင်းတို့က လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရေစက်ချအနုမောဒနာတရား နာကြားခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဦးစွာ ဧည့်ပရိသတ်အပေါင်းက နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး သီရိဂန္ဓမာသပြေအေးမိုးကုတ် ဝိပဿနာကျောင်းတိုက်ဆရာတော် ဦးဂန္ဓမာလာထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့မှ ရွတ်ပွားသရစ္ဇျာယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီးအမှူးရှိသည့် ပရိသတ်များက ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုအစုစုတို့ ဆက်ကပ်လှူဒါန်းကြသည်။ သီရိဂန္ဓမာသပြေအေး မိုးကုတ်ဝိပဿနာကျောင်းတိုက် ဆရာတော် ဦးဂန္ဓမာလာထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ စတုတ္ထအကြိမ် စုပေါင်းရဟန်းခံရှင်ပြု သီလရှင်ဝတ် အလှူတော်မင်္ဂလာအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးအမှူးရှိသည့် အကြီးအကဲများက ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။ ယင်းနောက် ဆရာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် စတုတ္ထအကြိမ် ဝန်ထမ်းမိသားစုများ စုပေါင်းရဟန်းခံ ရှင်ပြု သီလရှင်ဝတ်အလှူတော်မင်္ဂလာတွင် ဒုလ္လဘရဟန်း (၇၄) ပါး၊ ရှင်သာမဏေ (၁၇)ပါးနှင့် သီလရှင်(၁၉)ပါး၊ စုစုပေါင်းအပါး (၁၁၀) အား သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်