နေပြည်တော် နိုဝင်ဘာ ၄
အယ်လ်နီညိုဖြစ်စဉ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၆-ခ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက် များအရ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော "စူပါအယ်လ်နီညို" အဆင့်သို့ ရောက်ရှိနိုင်ပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်တည်ရှိကာ မိုးရာသီမစတင်မီအထိ အလွန်အမင်း ပူပြင်း ခြောက်သွေ့သော ရာသီဥတုကို ဖြစ်ပေါ်စေနိုင်ကြောင်း ထုတ်ပြန်ထားပါကြောင်း၊ အယ်လ်နီညိုဖြစ်စဉ်နှင့် ပတ်သက်၍ မိမိတို့ဝန်ကြီးဌာန၏ တာဝန်ဖြစ်သည့် သောက်သုံးရေပြတ်လပ်မှု မရှိစေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လိုကြောင်း၊ ရေချွေတာသုံးစွဲရန် ကျေးလက်ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ရေရှားပါးပြတ်လပ်နိုင်ခြေရှိတဲ့ ကျေးရွာများ ကြိုတင်စာရင်းကောက်ယူထားရန်၊ ရေသန့်စင်ကားများနှင့် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေးအတွက် ကျေးရွာလူဦးရေ၊ ရေလိုအပ်ချက်၊ ရေအရင်းအမြစ်၏ အကွာအဝေး၊ ဖြန့်ဝေရမယ့် ရေဂါလံပမာဏနှင့် ကြာမြင့်ချိန်၊ စက်သုံးဆီ ကုန်ကျငွေများကို အချက်အလက်ခိုင်မာစွာဖြင့် ကြိုတင်တွက်ချက်ထားကြဖို့ လိုအပ်ကြောင်း၊ သန့်ရှင်းဘေး ကင်းသော သောက်ရေနှင့် လုံလောက်သော သုံးရေကို စဉ်ဆက်မပြတ်ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ရာသီဥတုပြောင်းလဲမှု အန္တရာယ်များကို ကြံ့ကြံ့ခံနိုင်သည့်စနစ်များ ဖော်ဆောင်သွားရန်လိုကြောင်း မှာကြား ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့၏ရုံးနှင့် ဝန်ထမ်းအိမ်ရာများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ် မီးသတ်ဦးစီး ဌာနများနှင့် အမြဲမပြတ်ချိတ်ဆက်ပြီး အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက အမြန်ဆုံးတုံ့ပြန် ဆောင်ရွက် နိုင်ရေး ကြိုတင်စီစဉ်ထားရှိရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။
ထို့အပြင် အယ်လ်နီညိုဖြစ်စဉ် ဖြစ်ပွားချိန်တွင် သတင်းရယူမှုသည် အရေးကြီးကြောင်း၊ ကြုံတွေ့ လာနိုင်သည့် သဘာဝဘေးအန္တရာယ်မတိုင်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လက်ဦးမှုရယူ၍ ကြိုတင်ပြင်ဆင်စီမံထားကြရန်နှင့် သတင်းရလျှင်ရချင်း အမိန့်ညွှန်ကြားချက် စောင့်ဆိုင်းရန်မလိုဘဲ စီမံချက်ပါအတိုင်း ချက်ချင်းတုန့်ပြန်ဆောင်ရွက်ပေးရန်လိုကြောင်း မှာကြားခဲ့ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုနှင့် အယ်လ်နီညို ကာလအတွင်း သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။
ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် အယ်လ်နီညိုကာလအတွင်း သောက်သုံးရေပြတ်လပ်မှုမရှိစေရေး ကြိုတင်ပြင်ဆင် ဆောင် ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များအား ဆွေးနွေးပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး၊ ပြည်သူများ ပူးပေါင်းပါဝင်လာစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ပြည်သူဦးဆောင်သော စီမံကိန်းများ ဖော်ဆောင်ရေးတို့ကို အထူးအလေးထား ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်