Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမစနစ်ဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


29 Apr,2026

နေပြည်တော်  ဧပြီ ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမ စနစ်ဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနရုံး သို့သွားရောက်ပြီး ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဦးစီးဌာန များမှ ဝန်ထမ်းများ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်၊ မြို့နယ်အသင်းအမှုဆောင်များ၊ အသင်းသားများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းညွှန်မှာကြားချက်များအား ဝန်ကြီးဌာနရှိ အဓိကမောင်းနှင်အားများ ဖြစ်ကြသော ဝန်ထမ်းများနှင့် သမဝါယမအသင်းစုချုပ်များ၊ အသင်းအမှုဆောင်များ၊ အသင်းသားများ အားလုံးသိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ သမဝါယမစနစ်ကို မဏ္ဏိုင်ပြု၍ ကျေးလက်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး၍ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀)အတွင်း မိမိတို့ ဝန်ကြီးဌာနက ကျေးလက်ရေ ရရှိရေးလုပ်ငန်း၊ ဆိုတာရေတင်စနစ်ဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်း များအနေဖြင့် စိုက်ပျိုး မွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ ကျေးလက်အခြေခံ အဆောက်အအုံများဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး၍ မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် သတင်း အချက်အလက် မှန်မှန်ကန်ကန်ကောက်ယူပြီး တောင်သူများ ကျေးလက်နေပြည်သူများကို စနစ်ကျတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လာစေရေး စည်းရုံးဆောင်ရွက်ကြရန်နှင့် စည်းရုံးရေးမှူးကောင်းများ၊ပေါင်းစပ်ညှိနှိုင်းရေးမှူးကောင်းများဖြစ်အောင် စေတနာထား ဆောင်ရွက် သွားကြရန် တိုက်တွန်းမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ နန္ဒာ(တောင်)ကျေးရွာရှိ နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံရာ  ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ အနေဖြင့် သမဝါယမစနစ် စိုက်ပျိုးမွေးမြူ ရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဈေးနှုန်း သက်သာသော သွင်းအားစုများကို တောင်သူလယ်ဝယ် စိုက်ပျိုးချိန်အမီရောက်ရှိရန် ဌာနဆိုင်ရာများ နှင့် ပုဂ္ဂလိကတို့ ပူးပေါင်းကာ ယူရီးယားမြေဩဇာများ ရောင်းချပေးလျက်ရှိပါ ကြောင်း၊ တောင်သူ များကလည်း ပန်းတိုင်အထွက်နှုန်း ရရှိရေး စနစ်ကျတဲ့ စိုက်နည်းစနစ်များ နှင့်အညီ ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဘက်စုံသုံးခန်းမ၌ ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကျေးရွာအခြေခံ အဆောက်အအုံများ၊ မွေးမြူရေးလုပ်ငန်းများ၊ ကျေးရွာသန့်ရှင်းသာယာလှပရေး အပါအဝင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဌာနပေါင်းစုံမှ ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေ မြှင့်တင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လိုအပ်သည့် အရင်းအနှီးနှင့် သွင်းအားစုများရရှိရေး၊ သောက်သုံးရေရရှိရေး လုပ်ငန်းများဆောင်ရွက်ပေးပြီးဖြစ်၍ ရေရှည်လည်ပတ်ထိန်းသိမ်း၍ ကျေးရွာကော်မတီများမှ ထိန်းသိမ်းကြရန်လိုအပ်ကြောင်း ဆွေးနွေး ပြောကြားပြီး ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF)မှ အစုအဖွဲ့စနစ် ဖြင့် မွေးမြူထားသော နို့စားနွားနှင့် ဆိတ်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။ ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းကို ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျေးရွာ(၁၇၅)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခု ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၆၀)ရွာကို ဆက်လက်တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)သို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ် ဆရာမကြီးက သင်တန်းကျောင်းမှ ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူ (၁)နှစ်သင်တန်း၊ လက်ရက်ကန်း(၆)လသင်တန်းနှင့် ကာလတို၊ ကာလရှည် သင်တန်းများဖွင့်လှစ်ပို့ချမှု အခြေအနေ နှင့် သင်တန်းဆင်းပြီးသူများ၏ အလုပ်အကိုင်ရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။

ထို့မှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ်၊ ဂွေးဇီးကျေးရွာရှိ ကျွန်းရွှေဝါ လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယအသင်း၏ မိုးကြိုဝါစိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပျော်ဘွယ်မြို့နယ်အတွင်း မိုးကြိုဝါစိုက်ပျိုး ထားရှိမှုအခြေအနေများ၊ သက်တန့်ရောင်စီမံကိန်းမှ မျိုးနှင့် သွင်းအားစုများ ထောက်ပံ့ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်မှုများအပေါ် ပြည်ထောင်စု ဝန်ကြီးကမိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးဖြစ်ထွန်းပြီး ဝါကိုအခြေခံသည့် ကုန်ထုတ် လုပ်ငန်းသည် စဉ်ဆက်မပြတ်သည့် ကွင်းဆက်ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖြစ်ပေါ်စေ နိုင်သည့် စက်မှုကုန်ထုတ်လုပ်ငန်းပင်ဖြစ်ပါကြောင်း၊ ဝါထွက်ကုန်များမှတဆင့် ဝါ၊ ဝါဂွမ်း၊ ချည်မျှင်၊ အထည်အလိပ်လုပ်ငန်းများအထိ အဆင့်ဆင့်သော အလုပ်အကိုင်အခွင့်အလမ်းနှင့် ကုန်ထုတ်လုပ်မှု များကို ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ဒါကြောင့် ဝါစိုက်တောင်သူများ အနေဖြင့် သမဝါယစနစ်ဖြင့် မိမိတို့ စိုက်ပျိုးထားသော ဝါများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ထွက်ရှိလာသော ဝါထွက်ကုန်များ ကို ဝါဂွမ်း၊ ချည်မျှင်၊ အထည်အလိပ်လုပ်ငန်းများအထိ တန်ဖိုးမြှင့်ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ သမဝါယမစနစ်ဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စုပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ လိုအပ်သည့် အရင်းအနှီးနှင့် နည်းပညာများကို သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်