Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်သူပူးပေါင်းပါဝင်သော ကျေးလက်ဒေသဖွံ့ဖြိုးရေး


13 Jul,2026

ခန့်ဇော်(ကျေးလက်)

နိုင်ငံလူဦးရေ၏၇၀%ခန့်ဟာ ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့အတွက် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံရဲ့အလုံးစုံသောရေရှည်တည်တံ့ခိုင်မြဲတဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ပြည်သူ ပူးပေါင်း ပါဝင်မှုမရှိရင် ရေရှည်တည်တံ့ဖို့ အင်မတန်ခက်ခဲပါတယ်။ ပြည်သူပူးပေါင်း ပါဝင်မှုရှိမှ၊ ပြည်သူရဲ့ သဘောတူညီမှုရရှိတဲ့လုပ်ငန်းများကသာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိဖို့ အာမခံချက် ရှိတာဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့ခါ အစိုးရ တစ်ရပ်တည်းရဲ့ ကြိုးပမ်းမှုသာမက ပြည်သူပူးပေါင်းပါဝင်ရှိမှသာ ပိုမိုကောင်းမွန်တဲ့ ရလဒ်ကောင်းတွေရရှိပြီး ရေရှည်တည်တံ့မှာဖြစ်ပါတယ်။

ပြည်သူဗဟိုပြုချဉ်းကပ်မှု

စာရေးသူတို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဆောင်ရွက် ခဲ့တဲ့အခါ ပြည်သူကို ဗဟိုပြုတဲ့၊ ပြည်သူပူးပေါင်းပါဝင်မှုရှိတဲ့လုပ်ငန်းဆောင်ရွက်မှုပုံစံနဲ့ ချဉ်းကပ် ဆောင်ရွက်ခဲ့ကြပါတယ်။ ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲရာမှသည် ဦးစားပေး ရွေးချယ်ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည်အထိ ကျေးလက်နေပြည်သူကို ဗဟို ပြု၍ ကျေးရွာပြည်သူများကို ပူးပေါင်းပါဝင်စီမံခန့်ခွဲခွင့်ပေးအပ်ပြီး ဆောင်ရွက်စေပါတယ်။ လက်ရှိလည်း ဆောင်ရွက်နေပါတယ်။ ဒီမူဝါဒ၊ အလေ့အကျင့်ကောင်းတွေကို အခြေခံပြီး ဆက်လက် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာထည့်သွင်းစဉ်းစားအပ်သည်များ…

ဒီလိုဆောင်ရွက်တဲ့နေရာမှာ တစ်ဌာနတည်း လုပ်လို့မရတဲ့အတွက် ပူးပေါင်းဆောင် ရွက်မယ့်ယန္တရား (Mechanism) ရေးဆွဲထားဖို့လိုပါမယ်။ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန များနဲ့ ပြည်နယ်/ တိုင်းဒေသကြီးအဆင့်အစိုးရအဖွဲ့များ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန အချင်းချင်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေ စသည်ဖြင့် သဘော သဘာဝကိုလိုက်ပြီး ဘယ်လိုပေါင်းစပ်ဆောင်ရွက်မလဲ… ဘယ်လို စနစ်တကျ ဖွဲ့စည်းပေါင်းစပ် မလဲဆိုတာကို ထည့်သွင်းစဉ်းစားကြရမှာဖြစ်ပါတယ်။ ဒေသတွင်းမှာ Local NGOs တွေ၊ လူမှု အဖွဲ့အစည်းတွေ ရှိသလို နိုင်ငံတကာအဖွဲ့အစည်း (INGOs)တွေ ရှိပါတယ်။ ဒါတွေကို အုပ်ချုပ် ရေးအဖွဲ့ရဲ့ကြီးကြပ်မှုဖြင့် ပေါင်းစပ်ပြီး ဆိုင်ရာအလိုက်တာဝန်ခွဲပြီးတော့ သတ်သတ်မှတ်မှတ် လုပ်မယ်ဆိုရင် ပိုပြီး လုပ်ငန်းတွေ တွင်ကျယ်နိုင်၊ ထိရောက်နိုင်၊ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

ရေရှည်တည်တံသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ခြင်း

          ရှေ့မှာပြောခဲ့သလိုပဲ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်တဲ့အခါမှာ ရေရှည်တည်တံ့ခိုင်မြဲရေး

(Sustainable Development) ခေါင်းစဉ်ဟာ အင်မတန်အရေးကြီးပါတယ်။  ရေရှည်တည်တံ့ဖို့ ဆိုရင်..ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ…ဘယ်လိုလည်ပတ်မလဲ…စဉ်းစားကြရပါမယ်။ လမ်းတွေ ရေရရှိရေး လုပ်ငန်းတွေ၊ မီးရရှိရေးလုပ်ငန်းတွေကို ဘယ်လိုထိန်းမလဲ စဉ်းစားကြရပါတယ်။ ကျေးရွာအဆင့်မှာ ဝန်ဆောင်မှု (Service)ပေးတဲ့ဌာနဆိုင်ရာတွေကနေပဲ ပြုပြင်ထိန်းသိမ်းရေး အထိ တာဝန်ယူလုပ်ပေးဖို့ မဖြစ်နိုင်ပါဘူး။

ကျေးရွာကော်မတီများ၏အခန်းကဏ္ဍ

အဲ့ဒီမှာ ကျေးရွာတွေရဲ့အခန်းကဏ္ဍ… ကျေးရွာကော်မတီတွေရဲ့ အခန်းကဏ္ဍက အလွန် အရေးပါလာပါတယ်။ ဥပမာဆိုပါစို့- လမ်းကော်မတီ၊ ရေကော်မတီနဲ့ မီးလင်းရေးကော်မတီ တွေမှာ ကော်မတီဝင်တွေက အရည်အချင်းရှိမယ်၊ လုပ်တတ်ကိုင်တတ်ရှိမယ်ဆိုရင်၊ သင်ပြထား တဲ့အတိုင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မယ်ဆိုရင် ရေရှည်တည်တံ့ခိုင်မြဲမှာ ဖြစ်ပါတယ်။

ပြည်သူပူးပေါင်းပါဝင်သောကျေးလက်မီးလင်းရေး

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မဟာဓာတ်အားလိုင်းပြင်ပ (Off-Grid) ဧရိယာတွေမှာ ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးပါတယ်။ အိမ်သုံးဆိုလာစနစ် (Solar Home System)တွေအတွက်ဆိုရင် သုံးစွဲသူပြည်သူက ၁၀% ထည့်ဝင်ရသလို အသေးစား ဓာတ်အားပေးစနစ်(Mini-Grid)မှာဆိုရင်လည်း ၂၀% ထည့်ဝင်ရပြီး ကျသင့်မီတာခ ပေးဆောင်ရ ပါတယ်။ အိမ်သုံးဆိုလာစနစ်အနေနဲ့ အိမ်သုံးဖို့ မီး (၅)ပွင့် အနည်းဆုံး ရပြီး DCတီဗွီ၊ ပန်ကာတွေ သုံးခွင့်ရပါတယ်။ အသေးစားဓာတ်အားပေးစနစ်မှာဆိုရင် လျှပ်စစ်မီးသာမက အသေးစားစက်မှု၊ လက်မှုကုန်ထုတ်လုပ်ငန်းတွေပါ ဆောင်ရွက်နိုင်ပြီး Grid အရည်အသွေးအတိုင်း သုံးစွဲခွင့်ရ ပါတယ်။ ပြည်သူကလည်း သူတို့ကိုယ်တိုင်ထည့်ဝင်ထားတဲ့ စနစ်တွေဖြစ်လို့ ရေရှည်တည်တံ့ အောင် ထိန်းသိမ်းကြပါတယ်။ ဒါ့အပြင် မဟာဓာတ်အားလိုင်းကျေးလက်မီးလင်းရေးမှာ ရွာတွင်း ၄၀၀ ဗို့အားလိုင်း သွယ်တန်းခြင်းနဲ့ အိမ်သုံးမီးလိုင်း သွယ်တန်းခြင်းတွေကို ရွာက ကျခံ ဆောင်ရွက်ကြပါတယ်။ ဒါတွေက မြန်မာ့ကျေးလက်ပြည်သူတွေရဲ့ ကိုယ်ထူကိုယ်ထ ပူးပေါင်း ပါဝင်မှုကနေ ရရှိလာတဲ့ရလဒ်ကောင်းများဖြစ်ပါတယ်။

ပြည်သူပူးပေါင်းပါဝင်သောကျေးလက်ရေရှိရေး

အလားတူ ကျေးလက်ရေပေးရေးမှာလည်း အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရေတွင်းတူးတာ၊ ရေကန်တူးတာ၊ အုတ်ရေကန်လုပ်တာတွေကို နိုင်ငံတော်ဘတ်ဂျက်က ၁၀၀% ဆောင်ရွက်ပေး နေသလို ကျေးရွာတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ဆောင်ရွက်ထားတဲ့ ပုဂ္ဂလိက ရေတွင်းတွေ၊ ရေကန်၊ ရေစင်တွေ အများကြီးရှိပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ကတော့ အခြေခံဝန်ဆောင်မှုအဆင့်ဖြစ်တဲ့ ရေတွင်းရေကန်ကနေ ရေခပ်လို့ရရုံသာမက ပိုမို ကောင်းမွန်တဲ့ဝန်ဆောင်မှု (Better Service)ဖြစ်တဲ့ အချိန်တိုအတွင်း ရေရရှိဖို့၊ ရေ ပိုက်ဖွင့်ရင် ရေလာဖို့၊ ရေမီတာစနစ်ရှိဖို့အတွက် အမြင့်တင်ရေစင်ပြုလုပ်ပေးပြီး သန့်ရှင်းသောသောက်သုံး ရေကို ရေပိုက်လိုင်းတွေကနေတဆင့် ရေမီတာစနစ်နဲ့ ရေပေးဝေတဲ့ အိမ်သွယ်ရေတိုင်စနစ်တွေ ဆောင်ရွက်ပေးပါတယ်။

အိမ်သွယ်ရေတိုင်စနစ်မှာ အိမ်အတွက် ရေမီတာတပ်ရတဲ့ကုန်ကျစရိတ်တွေ၊ ရေမီတာ ဖိုးတွေ၊ Household Connectionတွေအတွက်ကို ကျေးရွာက ကျခံဆောင်ရွက်ကြပါတယ်။ ဌာန အနေနဲ့က ပင်မသွယ်တန်းလိုင်းအတွက်နဲ့ နည်းပညာပဲ ပေးပါတယ်။ ဌာနကရေးဆွဲထားတဲ့ ရေ ပေးရေးမဟာဗျူဟာမှာ ကျေးရွာတွေအတွက် ရေရရှိရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးတဲ့အခါ Better Service ဝန်ဆောင်မှုလုပ်ငန်းအနေနဲ့ ပြည်သူက ၃၅% အချိုးကျထည့်ဝင်ပေးရပြီး ကျန် တာကို နိုင်ငံတကာပူးပေါင်းပါဝင်မှုနဲ့ နိုင်ငံတော်က ကျခံဆောင်ရွက်ပေးပါတယ်။ လုပ်ငန်း လုပ်တဲ့ အခါမှာလည်း ဦးစီးဌာနက ပိုက်လိုင်းတူးတာ၊ ပိုက်ဆက်တာတွေကအစ နည်းပညာ သင်ပေးပြီး ပြည်သူတွေက  ရေကော်မတီဖွဲ့ပြီး ရေခွန်ရေခကောက်ခံရရှိငွေများနဲ့ ပြင်ဆင်ထိန်းသိမ်းမှုတွေ လုပ်ကြရပါတယ်။

ပြည်သူပူးပေါင်းပါဝင်သောကျေးလက်လမ်း/တံတားလုပ်ငန်းများ

ကျေးလက်လမ်းတံတား လုပ်ငန်းတွေမှာလည်း ဒီလိုပါပဲ။ ကျေးလက်လမ်းတွေအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာ ရေးဆွဲဆောင်ရွက်ပေးနေတာဖြစ်ပေမယ့် ရန်ပုံငွေ အကန့် အသတ်အရ ရာသီမရွေးသွားလာနိုင်တဲ့ လမ်းက (၂၀%)ဝန်းကျင်ထိပဲ ဆောင်ရွက် ပေးနိုင် ပါသေးတယ်။ အဆင့်မြှင့်တင်ပေးဖို့ (၈၀%)ခန့်ကျန်နေပါသေးတယ်။ နိုင်ငံတော်ကမဆောင်ရွက် ပေးနိုင်သေးခင်မှာ ပြည်သူတွေက ကိုယ်ထူကိုယ်ထဆောင်ရွက်ထားတဲ့လမ်းတွေ၊ တံတားတွေ အများကြီးရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ရွာနဲ့ တစ်ရွာ ကူးလူးဆက်သွယ် နိုင်လို့ ကုန်စည်စီးဆင်းရေးကို အများကြီး အထောက်အကူပြုနေတာ တွေ့ရပါတယ်။

လမ်းပန်းဆက်သွယ်ရေးမှာဖြစ်ဖြစ်၊ ကျေးလက်မီးလင်းရေးမှာဖြစ်ဖြစ်… ကျေးလက်ရေ ရရှိရေးမှာဖြစ်ဖြစ်…ကျေးလက်နေပြည်သူတွေရဲ့ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးတဲ့၊ မိမိ ရပ်ရွာကို ဖွံ့ဖြိုးစေလိုတဲ့စိတ်ဆန္ဒတွေနဲ့ လုပ်အားလိုလုပ်အား၊ ငွေလိုငွေ ပူးပေါင်းထည့်ဝင်ပြီး ပါဝင်ဆောင်ရွက်နေတာကို အားရဖွယ်တွေ့မြင်ရပါတယ်။ ဒါတွေဟာ ဖွံ့ဖြိုးရေးအတွက် ကောင်း မွန်တဲ့အလေ့အကျင့်ကောင်းတွေ ဖြစ်ပါတယ်။

သို့ပေမယ့် ဆောင်ရွက်ပေးထားတာတွေကို မထိန်းသိမ်းနိုင်တဲ့ရွာတွေ၊ ပြုပြင်ထိန်းသိမ်း ရေးမလုပ်တဲ့ရွာတွေ၊ အလေ့အထအမူအကျင့်တွေကိုပါ ပြုပြင်ဖို့ လိုအပ်ချက်တွေရှိနေတဲ့ ရွာတွေ ရှိနေပါသေးတယ်။ ဒါလိုရွာမျိုးတွေကိုလည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ရေရှည်တည်တံ့နေတဲ့ ရွာ တွေကို နမူနာကောင်းအနေနဲ့ပြပြီး အလေ့အကျင့်ကောင်းတွေ ရရှိအောင် လေ့ကျင့်သင်ကြား

ပေးပြီး ဆောင်ရွက်ပေးရမဲ့လုပ်ငန်းတွေ ရှိနေပါသေးတယ်။

ပြည်သူပူးပေါင်းပါဝင်သောကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်နေတဲ့ ကျေးလက်

ဖွံ့ဖြိုးရေးလုပ်ငန်းတွေအနေနဲ့ကတော့ အားလုံးနီးပါးမှာ ပြည်သူပူးပေါင်းပါဝင်မှု ရှိနေပါတယ်။  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း((VDP)မှာဆိုရင် နိုင်ငံတော်က ကျပ်သိန်း (၁၅၀)ပဲ ပေးပြီး ကျန်တာကိုတော့ ပြည်သူက ထည့်ဝင်ပေးရပါတယ်။ ကျေးလက်ပြည်သူတွေ (လူကြီး၊ လူငယ်၊ အမျိုးသမီး၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့)တွေပါဝင်တဲ့ ကော်မတီတွေကနေ ကျေးရွာမှာ ဘာတွေလိုအပ်နေသလဲဆိုတာကို ဖော်ထုတ်တတ်အောင်သင်ပေးပါတယ်။ ကျေးရွာပြည်သူတွေ ကိုယ်တိုင် လိုအပ်ချက်တွေ၊ ကျေးရွာမှာ ရှိတဲ့အရင်းအမြစ်တွေကို ချရေး၊ လုပ်သင့်တဲ့ဦးစားပေး လုပ်ငန်းတွေကို ဝိုင်းဝန်းဆွေးနွေးရွေးချယ်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း တွေကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ပါတယ်။

ကျေးရွာမှာ လမ်းခင်းကြမယ်ဆိုရင် ဌာနက သိန်း (၁၅၀)၊  ကျေးရွာက သိန်း (၁၅၀/၃၀၀/ ၅၀၀)စသဖြင့် အချိုးကျထည့်ဝင်ပြီး ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ရပါတယ်။ ဌာနက နည်းပညာအကူအညီပေးပြီး စောင့်ကြည့်ကြီးကြပ်ပေးတာပဲ လုပ်ရပါတယ်။ ပြည်သူက ကိုယ်တိုင် ပါဝင်ခွင့်ရရင်၊  ကိုယ်တိုင် ဆုံးဖြတ်ခွင့်ရရင်၊ ကိုယ်တိုင် လုပ်ဆောင်ခွင့်ရရင် သူတို့ရဲ့ လုပ်အားတွေ၊ ငွေကြေးတွေ ထည့်ဝင်ဆောင်ရွက်ကြရရင် ပိုတန်ဖိုးထားထိန်းသိမ်းကြပြီး ရေရှည် ခံတာကို တွေ့ရပါတယ်။ နိုင်ငံတော်က လုပ်ရမဲ့အလုပ်ကိုတောင် လူထုကို အခြေပြုရင်၊ ပြည်သူကို ဗဟိုပြုရင် ပြည်သူက ပါဝင်ကြတယ်၊ ထိန်းသိမ်းကြတယ်ဆိုတာတွေ့ရပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း (၁၉,၅၉၂)ရွာ ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ လုပ်ငန်းပေါင်း (၂၂,၄၀၈)ခုမှာ ပြည်သူ့ထည့်ဝင်ငွေ ကျပ် (၆၀) ဘီလီယံကျော် ရှိခဲ့ပါတယ်။

ပြည်သူပူးပေါင်းပါဝင်သောမြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေစီမံကိန်း

မြစိမ်းရောင်ကျေးရွာစီမံကိန်းမှာလည်း ဒီလိုပါပဲ၊ မြစိမ်းရောင်စီမံကိန်း (၃) နှစ်ပြည့် သွားချိန်မှာ အတိုးရငွေတွေရဲ့ (၅၀%)ကို ကျေးရွာ လူမှုစီးပွားဆိုင်ရာ အဆောက်အအုံတွေ ဆောင်ရွက်ခွင့်၊ ပြင်ဆင်ထိန်းသိမ်းခွင့်တွေ ခွင့်ပြုထားပါတယ်။ လမ်းတွေ၊ ရေတွေ၊ မီးတွေ၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့အခါမှာ ကျေးရွာ အတိုးရငွေ တွေထည့်ဝင်ပြီး ရပ်ရွာဖွံ့ဖြိုးရေးကို ဆောင်ရွက်ကြပါတယ်။  တကယ်တော့ စီမံကိန်းအတိုးရငွေက ရွာရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဆက်သုံးလို့ရသလို ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်လည်း သုံးစွဲခွင့်ပြုထားပါတယ်။ နိုင်ငံတော်အနေနဲ ရန်ပုံငွေတွေအမြဲ မချပေးနိုင်တာမို့ အတိုးရငွေအပြင် ကျေးရွာပြည်သူတွေက သူတို့ရဲ့လုပ်အားတွေ ငွေကြေးတွေ ပူးပေါင်းထည့်ဝင်ပြီးတော့ ရှေ့မှာ ဆိုခဲ့သလို ကျေးရွာဖွံ့ဖြိးရေးလုပ်ငန်းတွေကို လုပ်ကြတာဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် အကောင် အထည်ဖော်တယ်။ ဌာနက နည်းပညာပေးပြီး ကြီးကြပ်ပေးပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ (၄,၆၃၉) ရွာမှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း (၆,၅၂၉) ခု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပြည်သူ့ထည့်ဝင်ငွေ ကျပ် (၂၂) ဘီလီယံကျော် ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ပြည်သူတွေရဲ့အားက ဘယ်လောက်ကြီးလဲဆိုတာ မြင်သာပါတယ်။ ပြည်သူပူးပေါင်းပါဝင်မှုရှိတဲ့အခါ ဖွံ့ဖြိုးရေးလုပ်ငန်းများရဲ့ ထိရောက်အောင်မြင် မှုက ဆပွားဖြစ်ပါလိမ့်မယ်။

လုပ်ငန်းအားလုံးကို ခြုံငုံသုံးသပ်ပြီး ပြည်သူပူးပေါင်းပါဝင်မှုအနေအထားကို ကြည့်မယ် ဆိုရင် ငွေအား၊ လူအား၊ လုပ်အားတို့ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နေတာကို အောက်ပါအတိုင်း တွေ့ရှိရပါတယ်-

စဉ်

လုပ်ငန်းအမျိုးအမည်

ပြည်သူပူးပေါင်းပါဝင်မှု

ကျေးလက်မီးလင်းရေးလုပ်ငန်း (SHS)

ကုန်ကျငွေ၏ ၁၀% မှ ၂၀% အထိ

ကျေးလက်မီးလင်းရေးလုပ်ငန်း (Mini- Grid)

ကုန်ကျငွေ၏ ၂၀%

ကျေးလက်ရေပေးရေးလုပ်ငန်း (Better Service)

ကုန်ကျငွေ၏ ၃၅%

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)- ရွာတွင်းလမ်း

ကုန်ကျငွေအား အချိုးကျထည့်ဝင် ရာတွင် ငွေ/ ပစ္စည်း/ လုပ်သား

 

 

ပြည်သူကို ဗဟိုပြုသည့်အခါဝယ်…

          ဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ  ပြည်သူကိုသာ အခြေပြုထား၊ ဗဟိုပြုထား မယ်ဆိုရင် ပြည်သူရဲ့ ပူးပေါင်းဆောင်ရွက်မှုအားတွေ အများကြီးရပါမယ်။ ဝန်ထမ်းတွေသာ ရွာတွေကိုသွားပြီး ရေခွန်ရေခ ကောက်ရမယ်၊ ရေပေးရေးစနစ်တွေ ထိန်းသိမ်းရမယ်ဆိုလို့ရှိရင် ဝန်ထမ်းတွေ အများကြီးခန့်ထားရမယ်။ နိုင်ငံတော်အနေနဲ့ ကုန်ကျစရိတ်တွေ အများကြီး ဖြစ် သွားပါလိမ့်မယ်။ ဒါ့ကြောင့် ကော်မတီတွေ ဖွဲ့ပေးပြီး ပြည်သူတွေကို ဗဟိုပြုပြီးတော့ ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေက ပိုပြီးအောင်မြင်သွားမှာ ဖြစ်ပါတယ်။

အိမ်တွင်းရေးကို အိမ်သားကသာအသိဆုံးဆိုသလို မိမိတို့ဒေသရဲ့လိုအပ်ချက်ကို မိမိတို့ ပြည်သူကသာအသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူကိုယ်တိုင် ပူးပေါင်းပါဝင် ဆုံးဖြတ် ဆောင်ရွက်ခွင့် ရရှိပြီး ရွေးချယ်တဲ့ ဦးစားပေးလုပ်ငန်းတွေက လက်တွေ့ကျပြီး ထိရောက်မှု ရှိ နိုင်ခြေ ပိုများပါတယ်။ အကယ်၍ ထိန်းညှိပေးဖို့ လိုအပ်တဲ့အခါမှာလည်း ပြည်သူကို သိရှိ နားလည် သဘောပေါက်အောင် ပြောပြပြီး ထိန်းကျောင်းတည့်မတ်ပေးနိုင်မှာဖြစ်ပါတယ်။

ပြည်သူပူးပေါင်းပါဝင်မှုရဲ့အားသာချက်ကတော့ ဒေသခံပြည်သူရဲ့ တာဝန်ယူ၊ တာဝန်ခံ မှုကို တိုးမြင့်လာစေတာဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူကိုယ်တိုင် ဦးဆောင် စီမံခန့်ခွဲရတဲ့အခါ ပိုမိုဂရုစိုက်ထိန်းသိမ်းလာပြီး အကျိုးခံစားခွင့်များ တရားမျှတမှုရှိဖို့ ပြည်သူ ကိုယ်တိုင် စိတ်ပါဝင်စားကြီးကြပ်လာတဲ့တွက် အဂတိလိုက်စားမှုကို လျှော့ချပေးပြီး အရင်း အမြစ်များကို ပိုမိုပွင့်လင်းမြင်သာစွာ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

ဒါ့အပြင် အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့ကျင့်သင်ကြား ပို့ချပေး မှုများမှတစ်ဆင့် ဒေသခံများသည် စီမံကိန်းရေးဆွဲခြင်း၊ ငွေစာရင်းထိန်းသိမ်းခြင်း၊ စာရင်း စစ်ဆေးမှုခံယူခြင်း၊ စာရင်းအင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုများ ရရှိလာစေမှာဖြစ်လို့ ကျေးလက်နေပြည်သူများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မှာဖြစ်တဲ့အပြင် စီမံကိန်း ပြီးဆုံး ချိန်မှာလည်း  နေ့စဉ်လူမှုဘဝမှာ ဆက်လက်အသုံးချနိုင်စေမှာ ဖြစ်ပါတယ်။

ပြည်သူပူးပေါင်းပါဝင်မှု တိုးမြှင့်လာစေရေး…

ပြည်သူများကို ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ အဓိကပါဝင်ဆုံးဖြတ်ခွင့်ရရှိသူ၊ ပင်မအကျိုး ခံစားရရှိသူများအဖြစ် ပြောင်းလဲပေးနိုင်မှသာ ကျေးလက်ဒေသများဟာ စစ်မှန်တဲ့ဖွံ့ဖြိုး တိုး တက်မှု၊ စဉ်ဆက်မပြတ်ရေရှည်တည်တံ့မှု၊ တန်းတူညီမျှမှုနဲ့ အခွင့်အလမ်းသစ်တွေ ရရှိလာမှာ ဖြစ်ပါတယ်။ ပြည်သူများရဲ့ပူးပေါင်းပါဝင်မှု အပြည့်အဝရရှိမှသာ ရေရှည်တည်တံ့တဲ့ကျေးလက် ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်မှာဖြစ်လို့ ပြည်သူကို ဗဟိုပြု၍ ပြည်သူပူးပေါင်းပါဝင်မှုရှိတဲ့ ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်အားပေးဆောင်ရွက်သွားသင့်ပါကြောင်း တိုက်တွန်း တင်ပြအပ်ပါတယ်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်