မြစ်ကြီးနား သြဂုတ် ၂
ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမတည်ပေးမှုဖြင့် ဒေသတွင်း ပထမဆုံး နှစ်ဖက်ချောစက္ကူထုတ်လုပ်၍ ကျောင်းသုံးဗလာစာအုပ်များ ဖြန့်ဖြူးရောင်းချနိုင်ခဲ့သည့် ဖြိုးဝေဝေ စက္ကူနှင့်စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်အနေဖြင့် လုပ်ငန်းတိုးချဲ့ လုပ်ကိုင်နိုင်ရေးအတွက် မန်ခိန်ရပ်ကွက်အတွင်း စက်ရုံသစ်တည်ထောင်၍ လုပ်ငန်းများပြန်လည် လည်ပတ်လျက်ရှိသည်။
အဆိုပါ ဖြိုးဝေဝေ စက္ကူနှင့်စာအုပ်ထုတ်လုပ်ရေး သမဝါယအသင်းလီမီတက်အနေဖြင့် ဒေသတွင်း ရုံးသုံး၊ ကျောင်းသုံးစာအုပ်ဟောင်းများနှင့် စာရွက်အပိုင်းအစများ Recycle ပြုလုပ်၍ ပျော့ဖတ်များမှတစ်ဆင့်စက္ကူ (အကြမ်း/အချောများ)၊ တစ်ရှူးစက္ကူများနှင့် ကတ်ထူစက္ကူများကို ထုတ်လုပ်ဆောင်ရောင်းချလျက်ရှိရာမှ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဒေသတွင်း ကုန်ထုတ်လုပ်မှု စွမ်းအားမြင့်မားလာစေရေးနှင့် ပထမဆုံးနှစ်ဖက်ချောစက္ကူထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ (ရန်ပုံငွေစက်ဝန်း) အလိုက် သိန်း ၁၀၀၀ ကျော် မတည်ပေးခဲ့သဖြင့် နှစ်ဖက်ချော ကျောင်းသုံး ဗလာစာအုပ်များ ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ယခင်က စက်မှုရပ်ကွက်အတွင်း လုပ်ငန်းလည်ပတ်ခဲ့ရာမှ ယခုအခါ မန်ခိန် ရပ်ကွက်အတွင်း၌ စက်ရုံသစ် ၁၂၀ ပေ၊ ၄၀ ပေ၊ ၁၇ ပေ အဆောက်အဦ တည်ဆောက်ထားပြီး တစ်ရှူးစက်၊ တစ်ဖက်ချောစက်နှင့် နှစ်ဖက်ချောစက်ကြီးများ ပြန်လည်တပ်ဆင်၍ လည်ပတ် ထုတ်လုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များနှင့် ကုန်ကြမ်းရရှိမှု အခြေအနေ များ၊ နှစ်ဖက်ချောစက္ကူ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို မေးမြန်း ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များ လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သမဝါယမအသင်းအနေဖြင့် ယခုအခါ စက်ရုံသစ်တွင် စက်များကို ပြန်လည် တပ်ဆင်၍ လုပ်ငန်းလည်ပတ်လျက်ရှိပြီး လုပ်ငန်းအပြည့်အဝလည်ပတ်နိုင်ပါက တစ်နှစ်လျှင် တစ်ဖက်ချော စက္ကူကို တန် (၉၀၀)၊ တစ်ရှူးစက္ကူ တန်(၁၀၀၀) ထုတ်လုပ်ရောင်းချလျက်ရှိသည့် အပြင် လက်ရှိတပ်ဆင်လျက်ရှိသော နှစ်ဖက်ချော စက္ကူထုတ်စက် ရာနှုန်းပြည့်ပြန်လည်တပ်ဆင် ပြီးပါက တစ်နှစ်လျှင် နှစ်ဖက်ချောစက္ကူ ခန့်မှန်းတန် (၉၀၀) ခန့်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် တစ်ရှူးငှက်ပျောမှတစ်ဆင့် ငှက်ပျောစက္ကူထုတ်လုပ်နိုင်ရေးကိုလည်း စမ်းသပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်
ကချင်ပြည်နယ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်