နေပြည်တော် ဩဂုတ် ၄
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဝန်ကြီးဌာနအလိုက် ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြား ရာတွင် မြန်မာနိုင်ငံစိုက်ပျိုးရေးကဏ္ဍအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် သွင်းအားစု သုံးစွဲမှသာ အထွက်နှုန်းတိုးမည်ဖြစ်ကြောင်း၊ သုံးစွဲနိုင်အောင်နှင့် ပစ္စည်းမပြတ်လတ်အောင် ဆောင်ရွက်ပေးရန် လိုပါကြောင်း၊ ဓာတ်မြေဩဇာ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပမှတင်သွင်းနေရပြီး အရှေ့အလယ်ပိုင်း (ပင်လယ်ကွေ့ဒေသ)မှ အဓိကတင်သွင်းလျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့သွားမှုကြောင့် နိုင်ငံတကာ မြေဩဇာဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ပါ ကြောင်း၊
ပြည်ပယူရီးယားမြေဩဇာဈေးနှုန်းများ မတည်ငြိမ်မှုကြောင့် ပြည်တွင်းကုမ္ပဏီတစ်ခုချင်းအ လိုက် တင်သွင်းရန် အခက်အခဲရှိနေကြသဖြင့် စိုက်ပျိုးချိန်ရာသီအမီ အချိန်မီတင်သွင်းနိုင်ရေး အတွက် ယူရီးယား မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ကုမ္ပဏီများ စုပေါင်းပြီး သမဝါယမစနစ် Consortium ဖွဲ့စည်းကာ အမြတ်မယူဘဲ စုပေါင်းဝယ်ယူ စုပေါင်း ဖြန့်ဖြူးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ တင်သွင်းရာမှာ ပစ္စည်းမပြတ်လပ်အောင် အသုတ်လိုက် စီစဉ်လျက်ရှိပြီး တင်သွင်းမှုအတွက် ဈေးနှုန်းပျှမ်းမျှတွက်ချက်ပြီး ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်ပေးထားပါကြောင်း၊
နိုင်ငံတော်အနေဖြင့်လည်း တောင်သူများဓာတ်မြေဩဇာသုံးစွဲရာမှာ သက်သာသောဈေးနှုန်း ဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတ်မှတ် ဈေးနှုန်းရောင်းချပေးခဲ့ရာ ဦးဆောင်ကော်မတီအနေဖြင့် ယူရီးယားမြေဩဇာ တစ်အိတ် ၁၂၀၀၀၀ ကျပ်နှုန်းဖြင့် ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်း သတ်မှတ်ပေးထားကြောင်း၊ ရည်ညွှန်းဈေးနှုန်းကို အခြေခံ၍ သယ်ယူစရိတ်နှင့်တင်ချခတို့ကို ထည့်ပေါင်းပြီး အမြတ်မယူဘဲ တောင်သူလက်ဝယ် အရောက် တိုက်ရိုက်ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ နှင့်ပူးပေါင်း၍ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယူရီးယားဓာတ်မြေဩဇာ တင်သွင်းသောကုမ္ပဏီ များကို တင်ဒါ၊ ယှဉ်ပြိုင်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတ်မြေဩဇာ အရည်အသွေးနှင့် အလေးချိန် မှန်ကန်ရေး၊ သတ်မှတ်ရောင်းဈေးထက် ပိုမိုရောင်းချမှုမရှိစေရေး၊ သိုလှောင်ဈေးကစား ခြင်းများ မရှိစေရေး၊ တောင်သူများသုံးစွဲမှု ရှိ/ မရှိ၊ မြေပြင်လက်ကျန်စာရင်း မှန်ကန်မှုရှိမရှိတို့ကို တာဝန်ရှိသူများက ဝိုင်းဝန်းစစ်ဆေးကြပ်မတ် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြော ကြားသည်။
ယင်းနောက် ဦးဆောင်ကော်မတီ အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌတို့က ဓာတ်မြေဩဇာ ဝယ်ယူတင်သွင်းဖြန့်ဖြူး ရောင်းချနေမှုများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဦးဆောင်ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များ နှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်