နေပြည်တော် ဇွန် ၂၃
သမဝါယမဦးစီးဌာနနှင့် မျိုးစေ့ထုတ်ကုမ္ပဏီများ၊ သွင်းအားစုကုမ္ပဏီများ၊ လယ်ယာသုံး စက်ကိရိယာ ရောင်းချသည့်ကုမ္ပဏီများ ပူးပေါင်းကျင်းပပြုလုပ်သည့် မျိုး၊ မြေဩဇာသွင်းအားစု၊ မျိုးစေ့ချကိရိယာ(Seeder)များနှင့် လက်စွဲကောက်စိုက်စက်ပေးအပ်ခြင်း၊ လယ်ယာဝန်ဆောင်မှု အသင်းများနှင့် ချိတ်ဆက်ထွန်ယက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်နေပြည်သူများ၏ တစ်မိသားစု ချင်းဝင်ငွေတိုးပွားစေရေး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ ဝန်ကြီးဌာနမှ အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ ကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစား တူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ၊ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့် များရရှိရေး၊ သွင်းအားစု ပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော စိုက်ပျိုးရေး၊ မွေးမြူရေး ထုန်ကုန်များကို ဈေးကွက် ခိုင်မာမှုရရှိရေး လုပ်ဆောင် ပေးလျက်ရှိပါကြောင်း၊ ဒါကြောင့် တိုင်းဒေသကြီးအတွင်းရှိ တောင်သူများအနေဖြင့်လည်း မိမိတို့ ဒေသအလိုက် စိုက်ပျိုးကြသည့် သီးနှံများ သတ်မှတ်ပန်းတိုင် အထွက်နှုန်းရရှိရေး အတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန် အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစု များကို နိုင်ငံတော်ထောက်ပံ့ငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ သမဝါယမအသင်း ရန်ပုံငွေ၊ သွင်းအားစုလုပ်ငန်းရှင်များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သတ်မှတ်ပန်းတိုင် အထွက်နှုန်း မရရှိပါက အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ပြီး နောက်တစ်ကြိမ် ပြန်လည်စိုက်ပျိုးချိန်တွင် အားနည်းချက်များကို ပြုပြင်စိုက်ပျိုး သွားရန်လိုအပ်ကြောင်း၊ ဒါမှသာ စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိမှာဖြစ်ပြီး တောင်သူများ၏ ဝင်ငွေနှင့်လူနေမှု အဆင့် အတန်းမြင့်မားလာစေမှာဖြစ်သည့်အတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ သတ်မှတ်ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးနှင့် ဒေသကြက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ နှစ်သီးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးမှု အခြေအေနများ၊ သဘာဝ မြေဩဇာအသုံးပြုရန်၊ စပါးရိတ်သိမ်းပြီးပါက သဘာဝမြေဩဇာအဖြစ် အထောက်အကူပြုနိုင်ရေး အတွက် ပဲမျိုးစုံ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကြဲပက်စနစ်အစား Seeder များ တိုးချဲ့ထုတ်လုပ် သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးမှု အခြေအနေများ၊ ပဲခူးတိုင်းဒေသကြီးအတွင်း လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ လက်ရှိဆောင်ရွက်ပေးနေမှု အခြေအနေများကို ဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစု များ၊ လယ်ယာသုံး စက်ကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့မှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အတွင်းရှိ MSME လုပ်ငန်းရှင် များ ထုတ်လုပ်သော လယ်ယာသုံးစက်ကိရိများ အသုံးပြုမှုအား Video Clip ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တိုင်းဒေသကြီးမန်နေဂျာက ဘဏ်အရစ်ကျစနစ် ဖြင့် တောင်သူတစ်ဦးချင်း၊ သမဝါယမအသင်းသားတစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ အသင်းအစု အဖွဲ့အနေဖြင့် လည်းကောင်း သက်သာသော အတိုးနှုန်းဖြင့် ချေးငွေရယူပြီး ထွန်စက်များ၊ ရိတ်သိမ်း ချွေလှေ့စက်များ ဝယ်ယူနိုင်မည့် အခြေအနေများအား လည်းကောင်း၊ တက်ရောက်လာသော ကုမ္ပဏီများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် မျိုးစေ့ထုတ်လုပ်မှု အခြေအနေများ၊ သွင်းအားစု မြေဩဇာထုတ်လုပ်မှုအခြေအနေများ၊ လယ်ယာသုံးစက်ကိရိယာတင်သွင်း ရောင်းချနေမှုအခြေအနေ များအားလည်းကောင်း ရှင်းလင်းတင်ပြကြပြီးနောက် တက်ရောက်လာသော အသင်းသား တောင်သူ များက သိရှိလိုသည်များ မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တို့က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးတို့က တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်းများအတွက် အထွက်တိုး စပါးမျိုးများ၊ အစေ့ချစက်(Seeder)များနှင့် သွင်းအားစုမြေဩဇာများအား အသင်းသားတောင်သူ များထံ အသီးသီး ပေးအပ်ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပုဂ္ဂလိက လုပ်ငန်းရှင်ကုမ္ပဏီများမှ မျိုးစေ့များ၊ မြေဩဇာသွင်းအားစုများ၊ လယ်ယာသုံးစက်ကိရိယာ အမျိုးမျိုး ခင်းကျင်းပြထားမှုများအား ကြည့်ရှုအားပေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ အိုးဘိုကျေးရွာသို့ သွားရောက်ပြီး အိုးဘိုကျေးရွာ သမဝါယမလယ်ယာဝန်ဆောင်သမဝါယမအသင်းမှ ထွန်စက်များဖြင့် ထွန်ယက် ပေးနေမှုအား ကြည့်ရှုအားပေးပြီးနောက် အသင်းသားတောင်သူများအား မျိုးစေ့၊ မြေဩဇာ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာ(Seeder)များထောက်ပံ့ပေးအပ်ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် ဆိုင်ကယ်ပြင် သင်တန်းဆင်းပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်းသားတစ်ဦး၏ “သူ” ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း များ စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောအရင်းအနှီးများ ထောက်ပံ့ ပေးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်မှ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်ဒေသကြီး၊ လှည်းကူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ ၅ ရွာ၊ အိမ်ခြေ ၃၁၀၀ ကျော်၊ လူဦးရေ ၁၂၃၃၄ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် ရန်ကုန်-ပဲခူး ကားလမ်းမကြီးမှ ရဲမွန်ကျေးရွာသို့ ဆက်သွယ်သောလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး က လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆောလျင်စွာပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေး အလေးထားကြပ်မတ် ဆောင်ရွက်ကြရန်နှင့် ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည် ကောင်းမွန်စေရေး ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင့် ခေတ်မီ စံပြကျေးရွာဖြစ်သည့်အတွက် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ရေးစီမံကိန်း (RBF) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နို့စားနွားမွေးမြူရေးလုပ်ငန်းများအား အောင်မြင်အောင်ဆောင်ရွက် ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်၊ ရဲစုကျေးရွာ၌ ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)ရန်ပုံငွေဖြင့် အစုအဖွဲ့စနစ်ဖြင့် မွေးမြူထားသော နို့စားနွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက မျိုးကောင်းမျိုးသန့်ရရှိရေး၊ မျိုးစပ်နိုင်ရေး တို့အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထွက်ရှိလာသော နွားနို့များ ဈေးကွက်ရရှိရေး ချိတ်ဆက်ပေးခြင်းတို့ကို သမဝါယမအသင်းများ၊ အစုအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တိရစ္ဆာန် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး အသင်းသား တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်