Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် သင်တန်းဆင်းပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ပေးခဲ့သော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်


27 Aug,2025

နေပြည်တော် ဩဂုတ် ၂၇

၁။      သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေး နှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ပေး ခဲ့သော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၆) ပြည်ထောင်စုဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်လျက်ရှိသော လုပ်ငန်းရှင်များ တက်ရောက်ကြပါသည်။

၂။      အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီး ဌာနသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်မှာပါ “နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်၍ စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုး တိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” ဆိုသည့် အချက် နှင့်အညီ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ပေါက် လာစေပြီး ကျေးလက်နေမိသားစုများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကြိုးပမ်း နေသော ဦးစီးဌာနတစ်ခုဖြစ်ပါကြောင်း၊ ပြည်တွင်းစားရေရိက္ခာဖူလုံရေးအတွက် မိမိနိုင်ငံတွင်းမှာ ပေါများစွာထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ် လာနိုင်စေရန် လိုအပ်ပါကြောင်း၊ ပြည်တွင်း၌ ဒေသအလိုက် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ် နိုင်မည်ဆိုပါက သယ်ယူပို့ဆောင်စရိတ် သက်သာစေပြီး ကုန်ပစ္စည်း ဈေးနှုန်းများလည်း ကျဆင်း လာမှာဖြစ်ပြီး ကျေးရွာနေပြည်သူများအနေဖြင့် ထုတ်ကုန်များအား သက်သာသော နှုန်းထားဖြင့် အသုံးပြုနိုင်မှာဖြစ်ပါကြောင်း၊ ဒါကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဝင်ငွေတိုးတက်ရရှိစေရေးအတွက် ဒေသအလိုက် ဆန်းသစ်တီထွင်ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ထုတ်ကုန်များ ဖန်တီးထုတ်လုပ်ခြင်းနှင့် MSME လုပ်ငန်းတွေ ပိုမို ကောင်းမွန်လာစေရန် ဒေသတစ်ခု ထုတ်ကုန်တစ်ခု မဟာဗျူဟာများ ချမှတ်ပြီး ဒေသအလိုက် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိတာကိုလည်း အားလုံးအသိပဲ ဖြစ်ပါကြောင်း ပြောကြားပါသည်။

၃။      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်ပြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ ယခုဘဏ္ဍာရေးနှစ်အထိ (၃)နှစ်ရှိပြီဖြစ်ပါကြောင်း၊ စီမံကိန်းဆောင်ရွက်သည့် အခါတွင်လည်း လိုအပ်သည့် နည်းပညာပေးခြင်း၊ လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးခြင်း၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်များ ထူထောင်နိုင်သည်အထိ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ကျေးရွာ(၁၅၁)ရွာမှ အသေးစား ကုန်ထုတ် လုပ်ငန်းရှင် (၆၉၇)ဦး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၁၉၃)ရွာမှ အသေးစား ကုန်ထုတ်လုပ်ငန်းရှင် (၉၆၅)ဦး စုစုပေါင်း လုပ်ငန်းရှင်(၁၆၆၂)ဦး ပေါ်ထွက်လာခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင်လည်း ကျေးရွာ(၁၉၆)ရွာမှာ အကောင်အထည်ဖော်ဆောင်ရွက် နေတာဖြစ်လို့ အသေးစားကုန်ထုတ်လုပ်ငန်းရှင်(၉၈၀)ဦး ပေါ်ထွက်လာမှာဖြစ်ပါကြောင်း၊ ယခုလို အသေးစားကုန်ထုတ်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာအောင် ဆောင်ရွက်ပေးနေသကဲ့သို့ တစ်ဖက်မှ လည်း အသေးစားလုပ်ငန်းများကို  မှတ်ပုံတင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒါ့အပြင် စားသောက်ကုန်၊ လူသုံးကုန်လုပ်ငန်းများအတွက် ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် ထုတ်လုပ်နိုင်ရန် လည်း ဦးစီးဌာနရှိ ဓာတ်ခွဲခန်း၌ ဓာတ်ခွဲစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးအတွက် Super Market ကြီးများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိသလို အခါအားလျော်စွာ ဈေးရောင်းပွဲတော်တွေမှာ ပါဝင်ပြသ ရောင်းချပေးခြင်းဖြင့် ဈေးကွက်ရရှိရေးကိုပါ တစ်ပါတည်း‌ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားကို ဝင်ငွေတိုးစီမံကိန်းသင်တန်းများမှ ထွက်ပေါ်လာသည့် လုပ်ငန်းရှင်တွေ၏ လုပ်ငန်းများ အောင်မြင်မှု ရှိ/မရှိ သိရှိနိုင်ရန်နှင့် အခြားလိုအပ်ချက်များရှိပါက ဆောင်ရွက်ပေးနိုင်ရန် ဦးစီးဌာနနှင့် လုပ်ငန်းရှင်များအကြား တွေ့ဆုံဆွေးနွေးပွဲကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊  လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့တွေ့ကြုံခဲ့ရသည့် အခက်အခဲ၊ အားသာချက်၊ အားနည်းချက်များကို အချင်းချင်း မျှဝေကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြားသော အခက်အခဲများရှိပါက  တင်ပြပေးစေလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးရွာများမှ အသေးစားလုပ်ငန်းရှင်များ၏ အခက်အခဲများကို သိရှိမှသာ လုပ်ငန်းရှင်များ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးနိုင်မှာဖြစ်ပါကြောင်း၊ ဌာနအနေဖြင့် လုပ်ငန်းများထူထောင်ဆောင်ရွက်နိုင်အောင် လိုအပ်သည့် နည်းပညာနှင့် လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏လုပ်ငန်းတွေကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်အောင်မြင်မှုရှိအောင် အမြဲတမ်းတီထွင် ကြံဆ ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြပါသည်။

၄။      ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများ နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီးနောက် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေး နှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဖြင့် သင်တန်းဆင်းသူများ၏ ကိုယ်ပိုင် လုပ်ငန်းထူထောင်ဆောင်ရွက်လျက်ရှိသော အပ်ချုပ်ဆိုင်လုပ်ငန်းရှင်များ ချုပ်လုပ်ထားသော ဝတ်စုံ များ၊ သံဂဟေဆက်လုပ်ငန်းရှင်များ၏ ထုတ်ကုန်များ၊ စားသောက်ကုန်လုပ်ငန်းရှင်များ၏ ထုတ်ကုန် များ၊ လူသုံးကုန်ထုတ်လုပ်ခြင်းလုပ်ငန်းရှင်များ၏ ထုတ်ကုန်များအား လှည့်လည် ကြည့်ရှုအားပေး ကြပါသည်။

၅။      ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ပြုလုပ်ရာ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေး နှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ များအား ရှင်းလင်းဆွေးနွေးပြီးနောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဝင်ငွေတိုး စီမံကိန်းလုပ်ငန်းရှင်များက ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပါသည်။ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်