ခန့်ဇော် (ကျေးလက်)
၂၈.၃.၂၀၂၅ ရက်နေ့ (သောကြာနေ့)၊ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်မှာ လှုပ်ခဲ့တဲ့ မန္တလေးငလျင်ကြီးဟာ ပြင်းအား ရစ်ချ်တာစကေး (၇.၇)ရှိပြီး ထိခိုက်ဆုံးရှုံးမှု များပြားခဲ့ကာ ဆုံးရှုံးမှုများအနေဖြင့် (၃၀.၅.၂၀၂၅) ရက်နေ့ မြန်မာ့အလင်းသတင်းစာပါ မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယအကြိမ် မြောက် အလှူငွေပေးအပ်လှူဒါန်းပွဲ၌ နိုင်ငံတော်ဝန်ကြီးချုပ်၏မိန့်ခွန်းအမှာစကား ပြောကြားချက်တွင် ပါရှိသောစာရင်းများအရ ငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၁၀)ခု၊ ရပ်ကွက် (၃၇၄)ခု၊ ကျေးရွာအုပ်စု (၉၄၄)စု၊ ကျေးရွာ (၂,၀၈၁)ရွာ၊ အိမ်ထောင်စု (၁၆၂,၁၆၇)စု၊ လူဦးရေစုစုပေါင်း (၅၀၆,၀၆၉)ဦး ဘေးသင့်ခဲ့ပြီး သေဆုံး (၃,၇၃၉)ဦး၊ ထိခိုက် (၅,၁၀၄)ဦး၊ ပျောက်ဆုံး (၆၈)ဦး၊ အသက်ရှင်လျက်ကယ်တင်နိုင်သူ (၆၅၃)ဦး၊ လူနေအိမ် (၅၁,၂၁၀) လုံး၊ လမ်းလုပ်ငန်း (၄၃၁)ခု၊ တံတား (၁၀၃)စင်း၊ ရထား လမ်း(၈၃)နေရာ၊ ရထားလမ်းတံတား(၁၁)စင်း၊ မိုဘိုင်း ဆက်သွယ်ရေးစခန်း (၆,၇၃၀)၊ မဟာဓာတ်အားလိုင်း (၁၀)လိုင်း၊ ဓာတ်အားလိုင်းတိုင် (၃,၄၃၅) တိုင်၊ ဆည်မြောင်း(၅၉၄)ခု၊ တာတမံ (၆)ခု၊ ဌာနအဆောက်အအုံပေါင်း (၁၁,၃၃၈) လုံး၊ ဆေးရုံ (၃၈၄)ရုံ၊ ဆေးခန်း (၃၆၄)ခန်း၊ ရှေးဟောင်းအဆောက် အအုံနှင့် ပြတိုက် (၁၆၆)ခု၊ အခြေခံပညာကျောင်း (၂,၄၀၉)ကျောင်း၊ အဆင့်မြင့်ပညာကျောင်း (၇၂)ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း (၉၀)၊ ဘုရားစေတီပုထိုးပေါင်း (၆,၄၆၉)ဆူ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် အခြားဘာသာရေးအဆောက်အအုံ (၅,၅၈၈)ခု၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ (၃၄၄)ခု၊ သီးနှံ (၇၈.၅)ဧက၊ တိရစ္ဆာန်ကောင်ရေ (၁၃၃,၇၀၀)တို့ ထိခိုက်ပျက်စီးခဲ့ရပြီး မူလတန်ဖိုး ၃၈၀၄.၅၄၉ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်ခဲ့ပြီ... အနာဂတ်မှာ အထိအခိုက် အနည်းဆုံးဖြစ်အောင် ဘယ်လိုသင်ခန်းစာ ရယူပြင်ဆင်ကြမလဲ ဆိုတာကတော့ အင်ဂျင်နီယာများနဲ့ မူဝါဒချမှတ်သူများကို မန္တလေးငလျင်ကြီးက သတိပေးလိုက်ပါပြီ၊ သတိပေးခေါင်းလောင်းသံ ပေးထားပါပြီ။
ငလျင်လှုပ်ပြီးကာလအတွင်း နေ့စဉ်ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရုံးတွေစစ်၊ ဝန်ထမ်းအိမ်ရာတွေစစ်၊ ဝန်ထမ်းတွေကို အားပေးစကားပြော၊ ရေပေးဝေရေးလုပ်ငန်းတွေစစ်၊ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများ ထောက်ပံ့၊ စားသောက်စရာတွေ ထောက်ပံ့၊ ပိုက်ဆံထောက်ပံ့၊ အလှူရှင်တွေထံ ဆက်သွယ် အလှူခံပြီး မိမိတို့ဝန်ထမ်းတွေရဲ့လတ်တလော ယာယီ နေထိုင်ရေး၊ စားသောက်ရေးတွေကို ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေး စီမံရပါတယ်။ ဝန်ကြီးဌာနအနေဖြင့် ရေသန့်စင်ကားတွေနဲ့ သန့်စင်ပြီး အိမ်ရာအတွက် ယာယီနေထိုင်ရာ နေရာများ၊ ရပ်ကွက်များ၊ ကျေးရွာများကို သောက်ရေဖြန့်ဝေခြင်း၊ သုံးရေဖြန့်ဝေခြင်းများကို ချက်ချင်းတုံ့ပြန် ဆောင်ရွက်ပါတယ်။ ကျေးလက်လမ်းတံတား ပျက်စီးမှုကိုလည်း ဆက်သွယ်ရေး မပြတ် တောက်အောင် ချက်ချင်းပြုပြင် ဆောင်ရွက်ပေးခဲ့ပါတယ်။
လတ်တလောယာယီနေထိုင်ရေးမှတစ်ဆင့် အမိုးအကာအတွင်း ဝန်ထမ်းများ နေထိုင်နိုင်အောင် နိုင်ငံတော်အကြီးအကဲများရဲ့ ဦးဆောင်မှုဖြင့် ဝန်ကြီးဌာနအလိုက် ဝန်ထမ်းများအတွက် ယာယီဘာရှာများ တည်ဆောက်ခြင်း၊ Container House များ တည်ဆောက်ပေးပြီး အမိုးအကာအောက်မှာ ဝန်ထမ်းများ နေထိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သက်ဆိုင်ရာဌာနများအလိုက် တက္ကသိုလ်/ ကောလိပ်များ၊ စာသင်ကျောင်းများ အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်တာကို တွေ့ရှိရပါတယ်။ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိတာကို တွေ့ရှိရပါတယ်။
အဆောက်အအုံတွေ ပြိုတာ၊ ပိတာ မျက်မြင်တွေ့ထားကြတော့ ဝန်ထမ်းအများစု အဆောက်အဦးပေါ် မတက်ရဲ၊ လမ်းပေါ်မှာပဲ အိပ်တာ၊ နေတာ တစ်ပတ်လောက် ကြာသွားကြတယ်။ ရွှေ့နိုင်တဲ့နေရာတွေကို ချက်ချင်းစီစဉ်ပေးနိုင်တော့ ထိခိုက်မှုမရှိတဲ့အဆောက်အဦးတွေမှာ နေရာချထားနိုင်ရေး၊ ဘုန်းကြီးကျောင်း တွေမှာ နေရာချထားနိုင်ရေးကို ယာယီအစီအစဉ် စလုပ်ရပါတယ်။ ရုံးဖွင့်နိုင်အောင် စီစဉ်ရပါတယ်။ ပြင်လဲပြင် ရုံးလဲ တက်ပေါ့။
အင်ဂျင်နီယာတွေ ရှိတဲ့ဌာနဆိုတော့ စစ်ဆေးရေးတွေကို သတ်မှတ်ပုံစံအတိုင်း စုဖွဲ့စစ်ဆေးဆောင်ရွက် ကြပါတယ်။ Structure ထိခိုက်မှုရှိ/ မရှိ စစ်ဆေးကြပါတယ်။ ကျွန်တော်တို့ရုံးကတော့ စစ်ဆေးချက်အရ Structure ထိခိုက်မှု မရှိတာကို တွေ့ရပါတယ်။ တာဝန်ရှိတဲ့ ဌာနတွေလာစစ်ဆေးတော့ ကျွန်တော်တို့ရုံးက “အပြာရောင်”ဖြစ်လို့ နေထိုင်ရန် သင့်တော်တဲ့ရုံး ဖြစ်ပါတယ်။ ရုံးအဝင်လမ်းတွေ ပြင်ဆင်ရပါတယ်။ ထိခိုက်သွားတဲ့ ရုံးအနောက်ဖက်ရှိ ဆည်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ ချိတ်ဆက် ညှိနှိုင်းစစ်ဆေးပြီး ချက်ချင်းပြုပြင်ရေး စတင်ဆောင်ရွက်ခဲ့ပါတယ်။ ရုံးတက်နိုင်အောင် ချက်ချင်းဆောင်ရွက် စီမံခဲ့ပါတယ်။
စစ်ဆေးချက် စာရင်းအချက်အလက်တွေရတော့ ကျေးရွာတွေမှာ ရေစင်တွေ ပြိုတယ်။ လမ်းတွေ ပျက် တယ်။ တံတားတွေ ကျိုးပျက်တယ်။ ဝန်ထမ်းအိမ်ရာတွေမှာ (၄)ထပ်တိုက်အများစု ပြိုတယ်။ “အနီရောင်” သတ်မှတ်တာ တွေ့ရပါတယ်။ “လိမ္မော်ရောင်”လည်း ပါဝင်ပါတယ်။ တစ်ထပ်နဲ့ နှစ်ထပ်အဆောက်အဦးတွေ ကတော့ အများစုက “အပြာရောင်” ဖြစ်ပါတယ်။
တံတားဒီဇိုင်းတွေနဲ့ ရေစင်ဒီဇိုင်းတွေ ပြန်ပြီး Review လုပ်ရန် အင်ဂျင်နီယာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။ ဇုန်အလိုက် ငလျင်ဒဏ်ခံနိုင်အောင် Design ပြန်လည်ရေးဆွဲ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ၅.၄.၂၀၂၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/ ၂၀၂၅) လမ်းညွှန်ချက်များထဲတွင် မြန်မာနိုင်ငံအနေဖြင့် အမြင့်ဆုံးပြင်းအား ရစ်ချ်တာစကေး “၈”အထိ ငလျင်လှုတ်ခတ်ဖူးသည့် သာဓကရှိသော ကြောင့် ငလျင်သက်ရောက်မှုလမ်းကြောင်းပေါ်တွင် အဆောက်အဦဆောက်လုပ်မည်ဆိုပါက ငလျင်ဒဏ်ခံနိုင် အောင် ထည့်သွင်းစဉ်းစားတွက်ချက်ပြီး ဆောက်လုပ်ရန်နှင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် အင်ဂျင် နီယာပိုင်းဆိုင်ရာကို သေချာစိစစ် ဆောင်ရွက်ရန် လမ်းညွှန်ချက်ပေးခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသား သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌဖြစ်သည့် ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးစိုးဝင်း ဦးဆောင်၍ ၂၅.၄.၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၃/၂၀၂၅) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက်တွင် နောင်အနာဂတ်မှာ ငလျင်ရစ်ချ်တာစကေး (၈)အထိ ဒဏ်ခံနိုင်တဲ့ အဆောက် အအုံတွေ ဆောက်လုပ်ရန် လမ်းညွှန်မှာကြားတာတွေ့ရပါတယ်။
ဒီလမ်းညွှန်ချက်တွေကို ကြိုဆိုရမှာဖြစ်ပါတယ်။ လမ်းညွှန်ချက်ကို ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတာ အရေးကြီးပါတယ်။ ဘယ်သူတွေက ကြီးကြပ်ရမှာလဲ။ ဘယ်သူတွေက လိုက်နာရမှာလဲ။ ဘယ်လိုစည်းကမ်းသတ်မှတ်ချက်တွေ...အရည်အသွေး ထိန်းချုပ်မှုတွေလုပ်မလဲ... ဘယ်လိုကြီးကြပ်သွားမလဲ... စတဲ့အချက်တွေကို အဓိကထား ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရပါမယ်။ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တည်ဆောက်ရေးလုပ်ငန်းတွေကို ကြီးကြပ်ရမှာဖြစ်သလို အရည်အသွေးစစ်ဆေးခြင်းကိုလည်း အလေးထား ဆောင်ရွက်သင့်ပါတယ်။ မြို့ပြမှာတော့ အဆောက်အဦးတွေဆိုရင် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီ တွေက ကြီးကြပ်ရမှာ ဖြစ်ပါတယ်။ အဆောက်အဦဆောက်ခွင့် တင်တဲ့အခါမှာ စစ်ဆေးကြပ်မတ် လို့ရပါတယ်။ သို့သော် ဥပဒေကဲ့သို့မဖြစ်မနေ လိုက်နာရန်လိုတဲ့အချက်တွေကို တိတိကျကျ ချမှတ်ထားရှိပြီး စစ်ဆေး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ယေဘုယျအနေဖြင့်မူ အောက်ဖော်ပြပါအချက်များကို မဖြစ်မနေ ထည့်သွင်း စဉ်းစား ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်-
(၁) Soil Test စစ်ဆေးဖို့လိုအပ်ခြင်း၊
(၂) မည်သည့်ငလျင်ဇုန်တွင် ပါဝင်မှု ရှိသည်ကို စိစစ်ရန်လိုအပ်ခြင်း၊
(၃) Earthquake Zone Factor ဒီဇိုင်းမှာ ထည့်သွင်းတွက်ချက်မှုရှိ/ မရှိ စိစစ်ရန် လိုအပ်ခြင်း၊
(၄) Myanmar National Building Code (MNBC) ပါအတိုင်း လိုက်နာဆောင်ရွက်မှုရှိ/ မရှိ စိစစ်ရန် လိုအပ်ခြင်း၊
(၅) တည်ဆောက်ရေးလုပ်ငန်းသုံးမည့်ပစ္စည်းများ အရည်အသွေးကိုက်ညီမှု ရှိ/ မရှိ၊ ပစ္စည်း အမျိုးအစား မှန်ကန်မှုရှိ/ မရှိ စိစစ်ရန် လိုအပ်ခြင်း၊ (လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေး ပြည့်မီမှု ရှိ/ မရှိ စစ်ဆေးဖို့ အင်မတန်အရေးကြီးပါတယ်။ အဓိက သံချောင်းတွေရဲ့Size မမှန်ဘဲ ဈေးကွက်ထဲသွင်းထားတာ...သုံးနေကြတာ တွေ့ရပါတယ်။ ဒါ့ကြောင့် ပစ္စည်းများ အရည်အသွေး သတ်မှတ်ချက်ပြည့်မီရေး ဘယ်လိုကြီးကြပ်ကြမလဲဆိုတာကို အဓိက ထည့်သွင်းစဉ်းစား ကြရမှာ ဖြစ်သလို တင်သွင်းသူ/ထုတ်လုပ်သူရော... ကြီးကြပ်စစ်ဆေးသူများပါ စည်းကမ်း လိုက်နာကြရန် လိုအပ်ပါတယ်)၊
(၆) စစ်ဆေးရမည့်အဖွဲ့အစည်းများအနေနဲ့ Quality Assurance (QA), Quality Control (QC) စစ်ဆေးတာ စနစ်တကျ သတ်မှတ်ချက်အတိုင်း စစ်ဆေးဖို့လိုအပ်ခြင်း၊
(၇) သက်ဆိုင်တဲ့ဌာနတွေအနေနဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးကြီးကြပ်ခြင်း၊ အရေးယူခြင်းတွေ လုပ်ဖို့ လိုအပ်ခြင်း၊
(၈) သက်ဆိုင်ရာမှထုတ်ပေးသည့်Certificateရှိသောကျွမ်းကျင်လုပ်သားတွေ အသုံးပြုဖို့လိုအပ်ခြင်း၊ လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ခြင်း၊ သတ်မှတ် Certificate များ ထုတ်ပေးခြင်း၊
(၉) အင်ဂျင်နီယာကောင်စီ၏သတ်မှတ်ချက်၊ အရည်အချင်းပြည့်မီသူ အင်ဂျင်နီယာတွေနဲ့ တည် ဆောက်ဖို့၊ ဒီဇိုင်းလုပ်ဖို့လိုအပ်ခြင်း။
အထက်ဖော်ပြပါဆောင်ရွက်ရန်ကိစ္စများကို မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအပါအဝင် ဝန်ကြီး ဌာနများမှလည်း ဆွေးနွေးပြောကြားတာ တွေ့ရပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်ဖြစ်တဲ့ Global Rapid Post Disaster Damage Estimation (GRADE) အရ ကဏ္ဍအလိုက်ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ(၁၀.၉၇)ဘီလီယံရှိပြီး မြန်မာနိုင်ငံ၏၂၀၂၄-၂၀၂၅ခုနှစ် GDP ရဲ့ ၁၄%နှင့်ညီမျှကြောင်း ဖော်ပြထားရှိတာကို အောက်ဖော်ပြပါအတိုင်း တွေ့ရှိရပါတယ်-
စဉ် |
ကဏ္ဍ |
အမျိုးအစား |
ခန့်မှန်းပျက်စီးဆုံးရှုံးမှု (ဘီလီယံဒေါ်လာ) |
က |
လူနေအဆောက်အအုံ |
အိုးအိမ်တိုက်တာစသည်… |
၄.၉၇ |
ခ |
အများပြည်သူပိုင် အဆောက်အအုံ |
စီးပွားရေးအဆောက်အအုံများ၊ စက်ရုံအလုပ်ရုံ၊ အများပိုင်အဆောက်အအုံ၊ ဘာသာရေးအဆောက် အအုံ၊ ဘက်စုံသုံးအဆောက်အအုံများ၊ စသည်… |
၂.၆၃
|
ဂ |
အခြေခံအဆောက်အအုံ |
လျှပ်စစ်မီး၊ ရေပေးဝေရေး၊ ဆက်သွယ်ရေး၊ လေဆိပ်၊ လမ်း၊ တံတား၊ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ စသည်… |
၃.၃၆ |
စုစုပေါင်း |
၁၀.၉၇ |
စစ်ကိုင်းပြတ်ရွေ့(Sagaing Fault)ကြောင့် ကြီးမားပြင်းထန်တဲ့ ငလျင်လှုပ်ခဲ့မှုနှင့် ထိခိုက်မှုကို GRADEရဲ့ နှိုင်းယှဉ်ဖော်ပြချက်မှ Magnitude 7 နှင့်အထက်လှုပ်ခတ်ခဲ့သည့် ငလျင်များကို အောက်ပါအတိုင်း တွေ့ရှိရပါတယ်-
ခုနှစ် |
တည်နေရာ |
Magnitude |
Max.MMI |
သေဆုံးသူ အရေအတွက် |
---|---|---|---|---|
၁၈၃၉ |
အင်းဝ၊ မန္တလေး |
၇.၉-၈.၃ |
XI |
၅၀၀ ကျော် |
၁၉၀၈ |
ကချင်ပြည်နယ် |
၇.၂ |
VII |
- |
၁၉၃၀၊ မေ |
ပဲခူး၊ ရန်ကုန် |
၇.၄ |
IX |
၅၅၈ ကျော် |
၁၉၃၀၊ ဒီဇင်ဘာ |
ဖြူး |
၇.၃ |
VII-IX |
၃၆ ဦး |
၁၉၃၁ |
ကချင်ပြည်နယ် (မြစ်ကြီးနား၊ ကာမိုင်းငလျင်) |
၇.၆ |
IX |
- |
၁၉၄၆၊ စက်တင်ဘာ |
တကောင်း |
၇.၁ |
VII |
- |
၁၉၄၆၊ စက်တင်ဘာ |
တကောင်း |
၇.၆ |
- |
- |
၁၉၉၁ |
သပိတ်ကျင်း |
၇.၀ |
VII+ |
၂ |
၂၀၂၅ |
မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် |
၇.၇ |
IX |
၃၅၀၀ ကျော် |
အထက်ဖော်ပြပါမြန်မာနိုင်ငံအတွင်း ငလျင်လှုပ်ခဲ့မှုဇယားကို လေ့လာကြည့်လျှင် ၁၈၃၉ ခုနှစ်မှ ၁၉၀၈ ခုနှစ်အကြား ၆၉ နှစ်၊ ၁၉၀၈ ခုနှစ်မှ ၁၉၃၀ ပြည့်နှစ်အကြား ၂၂ နှစ်၊ ၁၉၃၀ ပြည့်နှစ်၌ (၁)နှစ်အတွင်း (မေလနှင့် ဒီဇင်ဘာလ)၊ ၁၉၃၀ ပြည့်နှစ်မှ ၁၉၃၁ ခုနှစ်အကြား ၁ နှစ်၊ ၁၉၃၁ ခုနှစ်မှ ၁၉၄၆ ခုနှစ်အကြား ၁၅ နှစ်၊ ၁၉၄၆ ခုနှစ် (၁)နှစ်အတွင်း (စက်တင်ဘာလ၊ ၁၂ ရက်နေ့အချက်အလက်များအရ Magnitude ၇.၁ လှုပ်ခတ်ခဲ့ပြီး (၃)မိနစ်ခန့်အကြာတွင် Magnitude ၇.၆ ငလျင်လှုပ်ခဲ့ပါတယ်)၊ ၁၉၄၆ ခုနှစ်မှ ၁၉၉၁ ခုနှစ် အကြား ၄၅ နှစ်နှင့် ၁၉၉၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အကြား ၃၄ နှစ် အသီးသီးကွာခြားပြီး လှုပ်ခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။
လေ့လာတွေ့ရှိချက်များအရ Magnitude ၇ အထက် ငလျင်ကြီးများ လှုပ်ခတ်ခဲ့မှုများဟာ (၁)နှစ် အတွင်း၊ (၁)နှစ်အကြာ၊ (၁၅)နှစ်အကြာ၊ (၂၂)နှစ်အကြာ၊ (၄၅)နှစ်အကြာနှင့် (၆၉)နှစ်အကြာတွေမှာ လှုတ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ဇုန်အတွင်းမှာ ရှိနေတာကြောင့် ငလျင်က လှုပ်ချင်တဲ့အချိန်မှာ လှုပ်ခတ်နိုင်ပြီး ဘယ်ချိန် ဘယ်လိုလှုပ်မယ်ဆိုတာကို ကြိုတင်သိရှိနိုင်ခြင်း မရှိတာ သေချာပါတယ်။
ကြိုတင်ပြင်ဆင်မှုတွေသာ လုပ်ဆောင်ထားကြရမှာဖြစ်ပါတယ်။ ဘာတွေကြိုတင်ပြင်ဆင်ကြမှာလဲ။ ငလျင်ဇုန်အတွင်း တည်ဆောက်သမျှ အဆောက်အဦးတိုင်း သတ်မှတ်ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်ဖို့၊ Checking လုပ်ဖို့၊ အင်ဂျင်နီယာနဲ့ တည်ဆောက်ဖို့၊ တာဝန်ရှိသူတွေကြီးကြပ်ဖို့၊ စစ်ဆေးဖို့၊ လိုအပ်ရင် ပြင်ဆင်ဖို့၊ လိုအပ်ရင် အရေးယူဖို့တွေဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ငလျင်ဒဏ်မှ ကာကွယ်စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။
ဈေးကွက်အတွင်းမှ စံချိန်စံညွှန်းမမီ..အရည်အသွေးမမှန်ပစ္စည်းများ
ဈေးကွက်အတွင်းမှာ စံချိန်စံညွှန်းနဲ့ မကိုက်ညီသော ပစ္စည်းတွေ ရှိနေတာ၊ တင်သွင်းနေတာဟာ မှာယူသူများမှ သီးခြားသတ်မှတ်မှာယူတင်သွင်းနေလို့ဖြစ်သလို သုံးစွဲသူများမှလည်း သုံးနေလို့ပဲဖြစ်ပါတယ်။ စံချိန်စံညွှန်းမမီတဲ့ပစ္စည်းများကို ဈေးကွက်အတွင်း တရားဝင် တင်သွင်းခွင့်ပိတ်တာမျိုး၊ သွင်းလာတာကို ဆိပ်ကမ်းမှာ စိစစ်တွေ့ရှိခဲ့ရင် နိုင်ငံပိုင်သိမ်းတာမျိုးအပြင် တင်သွင်းလာသည့်ကုမ္ပဏီအား အရေးယူတာမျိုး ဆောင်ရွက်သင့်ပါတယ်။ စိစစ်သူများကလည်း သတ်မှတ်ချက်များနဲ့အညီ မှန်မှန်ကန်ကန် စစ်ဆေးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ သုံးစွဲသူများ သတ်မှတ်စံချိန်စံညွှန်းအတိုင်း သုံး/မသုံးကိုတော့ တာဝန်ရှိသည့်ဝန်ကြီးဌာန၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးကော်မတီများ၊ သက်ဆိုင်ရာစစ်ဆေးရေး အင်ဂျင်နီယာများမှ စိစစ်စစ်ဆေးဖော်ထုတ် အရေးယူခြင်းများ ဆောင်ရွက်သင့်ပါတယ်။
ယခင်ကအမှားတွေကိုထားတော့... ယခုမန္တလေးငလျင်ကြီးအပြီးမှာတော့ ယခင်ကအမှားတွေကို သင်ခန်းစာယူပြီး အစစအရာရာ ပြန်လည်ပြင်ဆင်သင့်ပါတယ်။ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ပြီး စတင် အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါတယ်။ ပညာရှင်များ၊ အင်ဂျင်နီယာကောင်စီနှင့် အင်ဂျင်နီယာ အသင်းတို့မှ အကြံပြုချက်များပေးခြင်း၊ စည်းကမ်းသတ်မှတ်ခြင်းများ ပါဝင်ဆောင်ရွက်သင့်ပါတယ်။ လုပ်ဆောင် နေကြတာလည်း တွေ့ရပါတယ်။ တာဝန်ရှိဝန်ကြီးဌာနအားလုံး လိုက်ပါဆောင်ရွက်ကြီးကြပ်သင့်ပါတယ်။
ငလျင်ဇုန်နှင့် စည်းကမ်း
ငလျင်ဇုန်ကို သိရှိပြီး ဇုန်အတွင်း အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများ၊ အခြေခံ အဆောက် အအုံများဖြစ်တဲ့ လမ်း/တံတားများ၊ လျှပ်စစ်လိုင်းများ၊ အများပြည်သူပိုင်အဆောက်အဦးများဖြစ်တဲ့ စာသင် ကျောင်း၊ ဆေးပေးခန်းများ ဆောက်လုပ်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရေးနှင့် ဖြစ်လာပါက ထိခိုက်မှု နည်းပါး စေရေးအတွက် အောက်ဖော်ပြပါနည်းလမ်းများအတိုင်း ဆောင်ရွက်သင့်ပါတယ်-
(က) ပါဝင်သည့်ဇုန်အခြေအနေအလိုက် Earthquake Zone Factorအရ Myanmar National Building Code(MNBC)ပါ ဆောင်ရွက်ရန်၊ လိုက်နာရန်များကို Designတွင် စဉ်းစားဆောင်ရွက်ရန်၊
( ခ ) အင်ဂျင်နီယာကောင်စီ သတ်မှတ်အရည်အချင်းပြည့်မီသူများကသာ Design ရေးဆွဲခွင့်ရှိရန်၊ သတ်မှတ်အရည်အချင်းပြည့်မီသူ အင်ဂျင်နီယာများကသာ ကြီးကြပ်ဆောက်လုပ်ရန်၊
( ဂ ) Design အတိုင်း ဆောက်/ မဆောက် သတ်မှတ်အရည်အချင်းပြည့်မီသူ အင်ဂျင်နီယာများမှ စစ်ဆေးသည့်စနစ်ထားရှိရန်၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီသည့်တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများကိုသာ အသုံးပြုတည်ဆောက်ရန်၊
(ဃ) လုပ်ငန်းပမာဏအကြီးအသေးပေါ်မူတည်၍ အကြံပေး(Consultant)ခန့်ထားရန်၊ ကြီးကြပ်ရန်၊ စနစ်ထားရှိရန်၊
( င ) သတ်မှတ်စံချိန်စံညွှန်း မပြည့်မီတဲ့တည်ဆောက်ရေးလုပ်ငန်းတွေကို စိစစ်ဖော်ထုတ်ရန်၊ ခွင့်ပြု ချက် မပေးရန်၊ တည်ဆောက်သည့် ကုမ္ပဏီအလိုက် မှတ်တမ်းထားရှိရန်နှင့် တာဝန်ယူ/ခံမှု၊ စည်းကမ်းလိုက်နာမှု၊ ကျင့်ဝတ်လိုက်နာမှုအပေါ် မူတည်ပြီး အဆင့်အတန်း သတ်မှတ်ထားရှိရန်၊
( စ ) တင်ပြချက် အထောက်အထား၊ စာရွက်စာတမ်းများ ပြည့်စုံသော်လည်း တည်ဆောက်စဉ် စစ်ဆေးမှုအရ လိုအပ်ချက်ရှိပါက စိစစ်အရေးယူသည့် Mechanism ထားရှိ ဆောင်ရွက်ရန်။
ဒီလိုဆောင်ရွက်တဲ့နေရာမှာ စာရေးသူအနေနဲ့ သက်ဆိုင်သူအားလုံးကို အဓိကတိုက်တွန်းချင်တာ ကတော့ ကျင့်ဝတ်တွေကို မမေ့မလျော့ လိုက်နာကြဖို့ပါပဲ။
ကြီးကြပ်သူ၊ စစ်ဆေးသူအရာရှိများ/အဖွဲ့အစည်းများ လိုက်နာရန်ကျင့်ဝတ်
ကြီးကြပ်သူ၊ စစ်ဆေးသူအရာရှိများ/ အဖွဲ့အစည်းများ၊ စစ်ဆေးရေးအဖွဲ့ဝင်များအနေနဲ့ ပစ္စည်း အရည်အသွေး စစ်ဆေးရာတွင်ဖြစ်စေ၊ တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေးရာတွင်ဖြစ်စေ အရည်အသွေး စံသတ်မှတ်ချက်များ ကိုက်ညီမှုရှိ/ မရှိကို မှန်ကန်တိကျစွာ စစ်ဆေးဆောင်ရွက်ကြရန် လိုအပ်သည့်အပြင် ကြီးကြပ်စစ်ဆေးသူတို့ လိုက်နာရန် ချမှတ်ထားသည့်ကျင့်ဝတ်များကိုလည်း မမေ့မလျော့ လိုက်နာဆောင်ရွက် ကြဖို့၊ မည့်သည့်အကြောင်းတရားကြောင့်မှ ယိမ်းယိုင်ခြင်းမရှိဖို့ လိုအပ်ပါတယ်။
လုပ်ငန်းရှင်များ လိုက်နာရန်ကျင့်ဝတ်
တည်ဆောက်သူ၊ ပစ္စည်းတင်သွင်းသူ၊ ရောင်းချသူ လုပ်ငန်းရှင်များအနေနဲ့လည်း စီးပွားရေးသမားတို့ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာမှုရှိဖို့ လိုအပ်ပါတယ်။ စီးပွားရှာရာတွင် အကျိုးအမြတ် တစ်ခုတည်းကိုသာ မကြည့်ဘဲ အများပြည်သူ အကျိုးဖြစ်ထွန်းမှုကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ လုပ်ငန်း လုပ်ကိုင်ရာမှာ ဖြောင့်မတ်ဖို့၊ စားသုံးသူအပေါ် စေတနာရှိဖို့၊ စာနာမှုရှိဖို့ လိုအပ်ပါတယ်။ အရည် အသွေးပြည့်မီသည့်၊ အရည်အသွေး အာမခံချက်ရှိသည့်ကုန်ပစ္စည်းများကို တင်သွင်းခြင်းဖြင့် စားသုံးသူ၏ ရေရှည်အကျိုးဖြစ်ထွန်းမှုကို ရှေ့ရှု ကြရမှာဖြစ်ပါတယ်။
အင်ဂျင်နီယာများ လိုက်နာရန်ကျင့်ဝတ်
ဒီဇိုင်းရေးဆွဲသူ၊ လုပ်ငန်းဆောင်ရွက်သူ အင်ဂျင်နီယာများအနေနဲ့လည်း အင်ဂျင်နီယာ ကျင့်ဝတ်များကို မမေ့မလျော့ မပေါ့မဆ လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်သလို ပညာရပ်ပိုင်းမှာ တစ်စိုးတစ်စိမျှ အထိအခိုက် အလျော့အပါးမခံဘဲ တိကျသေချာစွာ၊ ထောင့်စေ့စွာ လိုက်နာလုပ်ဆောင်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ ယုံကြည် အပ်နှံခြင်းခံရသူများပီသစွာ လုပ်ငန်းအပ်နှံသူများ၏အကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိစေရအောင် ဒီဇိုင်း တွက် ချက်မှု၊ တည်ဆောက်မှုအပိုင်းများအားလုံးကို စံသတ်မှတ်ချက်များနှင့်အညီ ကိုက်ညီပြည့်မီမှုရှိစွာ ဆောင်ရွက် ကြရမှာဖြစ်ပါတယ်။
အရည်အသွေးပြည့်မီသည့်ဒီဇိုင်းစံသတ်မှတ်ချက်များဖြင့် တည်ဆောက်နိုင်ရေးတွင် ကုန်ကျစရိတ် ကြီးမြင့်မှုကလည်း မဖြစ်မနေထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်ပါတယ်။ ဒီနေရာမှာ စာရေးသူရဲ့အတွေ့အကြုံ အရ ထောက်ပြအကြံပြုလိုတာ ရှိပါတယ်။ နိုင်ငံပိုင်အဆောက်အဦများကို လျာထားရာမှာ Plinth Area Estimate (PAE) ခေါ် တစ်ပေပတ်လည်နှုန်းထားဖြင့် ဘတ်ဂျက်လျာထားတာ၊ စိစစ်ဖြတ်တောက်တာတွေ လုပ်လေ့ရှိတာ တွေ့ရပါတယ်။ PAE စနစ်ဖြင့် လျာထားစိစစ်မည့်အစား လိုအပ်သည့် သတ်မှတ်Design အရ ဒေသပေါက်ဈေးနှုန်းများအတိုင်း လျာထားခွင့်ပြုသင့်ပါတယ်။ ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ် မတူညီ တာကို ထည့်သွင်းစဉ်းစားရပါမယ်။ ကွာခြားလျှင် ကွာခြားသည့်အတိုင်း သယ်ယူပို့ဆောင်စရိတ်များ ထည့်သွင်း တွက်ချက် စေရမှာဖြစ်ပါတယ်။ ဒေသပေါက်ဈေးနှုန်း သတ်မှတ်ရာမှာလည်း ဈေးကွက်ပေါက်ဈေးထက် လျော့နည်းမနေစေရေးကို သတိပြုရမှာဖြစ်ပါတယ်။ အရည်အသွေး ကောင်းကိုလိုချင်လျှင် ထိုက်သင့်သည့် ကုန်ကျငွေကိုလည်း နည်းမှန်လမ်းမှန်ဖြင့် စိစစ်ခွင့်ပြုရန် လိုအပ်မှာဖြစ်ပါတယ်။
သုံးစွဲသူပြည်သူများ လိုက်နာရန်ကျင့်ဝတ်
သုံးစွဲသူပြည်သူများအနေနဲ့လည်း ပေါချောင်ကောင်း မမက်မောဘဲ အရည်အသွေးပြည့်မီသည့် ပစ္စည်း များကို မှန်ကန်သည့်လုပ်ငန်းဒီဇိုင်းပုံစံဖြင့် တန်ရာတန်ကြေးပေးဆောင်ရွက်တတ်သည့်အလေ့အကျင့်ကို မွေးမြူ ဆောင်ရွက်ကြရပါမယ်။ တတ်သိနားလည်သည့်ပညာရှင်များ၏ အကြံပေး/ အကြံပြုချက်များကို တိတိ ကျကျ လိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါတယ်။ အင်ဂျင်နီယာနှင့်သာ တည်ဆောက်သင့်ပြီး အင်ဂျင်နီယာ မပါဘဲ မိမိအိမ်ကို မဆောက်သင့်ပါဘူး။
မန္တလေးငလျင်ကြီးကတော့ သတိပေးခေါင်းလောင်း တီးခဲ့ပြီးပါပြီ။ အုပ်ချုပ်သူများအနေဖြင့် စည်းမျဉ်း စည်းကမ်းဥပဒေသများ ခိုင်ခိုင်မာမာချမှတ်ထားရှိရန်လိုအပ်သကဲ့သို့ သက်ဆိုင်သူအားလုံးကလည်း ကျင့်ဝတ် စည်းကမ်း လိုက်နာဆောင်ရွက်ကြမှသာလျှင် အနာဂတ်တွင် ငလျင်ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော အဆောက်အအုံ များ ပေါ်ပေါက်လာမည်ဖြစ်ပြီး ပြည်သူအများ၏အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ် ပေးနိုင်မည်ဖြစ်သည်ကို မပေါ့မဆ သတိပြုကြရပါမည်။
ဘယ်တော့စမလဲ…
ပြန်လည်ထူထောင်ရေးကာလကတည်းက စတင်သင့်တာဖြစ်ပါတယ်။ ပြန်လည်ပြုပြင်မှုများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ SOP နဲ့အညီ လိုက်နာဆောင်ရွက်ကြရမှာဖြစ်ပြီး အင်ဂျင် နီယာကုမ္ပဏီများ၊ ဌာနဆိုင်ရာများက ကြီးကြပ်ရမှာ ဖြစ်ပါတယ်။ ပြည်လည်တည်ဆောက်မည့် အဆောက် အအုံများတွင် ဒီဇိုင်းသတ်မှတ်ချက်များ စနစ်တကျရေးဆွဲချမှတ်ဖို့ လိုအပ်သည်ဖြစ်ရာ ခိုင်မာသည့် မူဝါဒ၊ စည်းမျဉ်းဥပဒေသများ အမြန်ချမှတ်နိုင်ရေး ဆောင်ရွက်ကြရပါမယ်။
မူဝါဒချမှတ်ပြီးလျှင် လိုက်နာရန် အမိန့်ညွှန်ကြားချက်များ ဆက်တိုက်ထုတ်ပြန်ရပါမယ်။ အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်ပြီးလျှင် စည်ပင်သာယာရေးဥပဒေ၊ နည်းဥပဒေကို ထိုမူဝါဒ၊ အမိန့်ညွှန်ကြား ချက်များနှင့်ကိုက်ညီအောင် အမြန်ပြန်လည်ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဝန်ကြီးဌာနများမှ တာဝန်ယူသည့် အဆောက်အဦးများ၊ စာသင်ကျောင်းနှင့် ဆေးရုံ၊ ဆေးပေး ခန်းများကို ဝန်ကြီးဌာနများက ကြီးကြပ်ရမှာဖြစ်ပြီး မြို့ပြအတွက် စည်ပင်သာယာရေးဥပဒေဖြင့် ထိန်းကျောင်းမည်ဆိုလျှင် ကျေးလက်ဒေသများတွင် တည်ဆောက် မည့် ပုဂ္ဂလကအဆောက်အဦးများနှင့် သာသနိကအဆောက်အဦးများကို ဘာနဲ့ထိန်းကျောင်းမလဲ… ထည့်သွင်း စဉ်းစားကြရပါမယ်။ သက်ဆိုင်ရာဌာနအလိုက် ကြီးကြပ်ပြီး Third Partyဖြင့် စစ်ဆေးခံသည့်နည်းလမ်းကို စဉ်းစားသင့်ပါတယ်။ လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်ပြီး လိုက်နာဆောင်ရွက်သွားနိုင်ရေး ခုကတည်းက အစပျိုး ဆောင်ရွက်သွားကြဖို့ အကြံပြုတင်ပြအပ်ပါတယ်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်