ခန့်ဇော်(ကျေးလက်)
ပြည်ထောင်စုလွှတ်တော်ကတိသစ္စာပြုအခမ်းအနားမှာ နိုင်ငံတော်သမ္မတက “ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ တောင်သူလယ်သမားတွေရဲ့ ဘဝမြှင့်တင်ရေးဟာ ကျွန်တော်တို့ အတွက် အဓိကကျတဲ့ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ ကျေးလက်နေပြည်သူအများစုဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအပေါ် အဓိကမှီခိုနေရတာဖြစ်တယ်။ နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြတာဖြစ်လို့ တောင်သူလယ်သမားများရဲ့ဘဝ မြှင့်တင်ဖို့နဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံဆောင်ရွက်ပေးသွားမယ်။ ထိရောက်တဲ့ ရေရှည်စီမံကိန်းတွေ ရေးဆွဲပြီး ဈေးကွက်စီးပွားရေးကို ဆက်လက်ကျင့်သုံးခြင်းဖြင့် ပြည်သူလူထု တစ်ရပ်လုံးရဲ့အသက်မွေးဝမ်းကျောင်းမှုကိုမြှင့်တင်ဖို့နဲ့ လူမှုစီးပွားဘဝမြှင့်တင်နိုင်ဖို့ ကြိုးစား လုပ် ဆောင်သွားမှာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။ မြေပြင်အခြေအနေနဲ့ အင်မတန် ကိုက်ညီမှုရှိတဲ့ လမ်းညွှန်မှာကြားချက် ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှာကျရောက်မယ့် “ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့”ရဲ့ ဆောင်ပုဒ် ကလည်း “တက်ကြွ၍ သာယာဝပြောပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ကျေးလက်အသိုက်အဝန်း ဖော်ဆောင်ရေး” ဖြစ်ပြီး အမှန်တကယ် လိုက်နာဖော်ဆောင်သင့်ပါတယ်။ ဘာတွေကို လိုက်နာဆောင်ရွက်သင့်သလဲ ဆိုရင်ဖြင့် အခြေခံအကျဆုံးလိုအပ်ချက်များဖြစ်သော-
(၁) ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊
(၂) စားနပ်ရိက္ခာဖူလုံမှု မြှင့်တင်ရေး၊
(၃) စိုက်ပျိုးရေးနှင့် ကျေးလက်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊
(၄) အခြေခံအဆောက်အအုံများ (လမ်း၊ ရေ၊ လျှပ်စစ်၊ အင်တာနက်) တိုးတက်စေရေးနှင့်
(၅) ကျေးလက်ပြည်သူများ၏လူမှုစီးပွားဘဝမြှင့်တင်ရေးတို့ကို အဓိကဦးစားပေး ဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးရဲ့ဦးတည်ရာ
ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုတာ ကျေးလက်ဒေသနေ ပြည်သူများရဲ့ ဝင်ငွေတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေး၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ တိုးမြင့် ရရှိရေး၊ လူမှုဘဝအဆင့်မြှင့်တင်ပေးနိုင်ရေးတို့ကို ရည်ရွယ်ဆောင်ရွက်သောလုပ်ငန်းစဉ်များ ဖြစ် ပါတယ်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးရဲ့အရေးပါမှုများ
ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ခြင်းဖြင့် ရရှိလာမဲ့ရလဒ်တွေရဲ့ အရေးပါမှုကတော့-
(၁) ဆင်းရဲမွဲတေမှု (ဆင်းရဲမှုနှုန်း)ကို လျော့ချနိုင်မယ်၊
(၂) မြို့ပြကို အလုပ်ရှာဖို့အတွက် ကျေးလက်ကနေ မြို့ပြသို့ ပြောင်းရွှေ့ အလုပ်အကိုင် ရှာဖွေမှုနှုန်းကို လျှော့ချပေးနိုင်မယ်၊
(၃) ကျေးလက်ဖွံ့ဖြိုးရေးလုပ်ခြင်းအားဖြင့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များမှတစ်ဆင့် ကုန်ထုတ်လုပ်မှုကို တိုးတက်စေမယ်၊
(၄) အခြေခံနိုင်ငံစီးပွားရေးကို တည်ငြိမ်စေနိုင်မယ်… စတာတွေပဲဖြစ်ပါတယ်။
မြန်မာ့ကျေးလက်ဒေသရဲ့ လက်ရှိအခြေအနေ
မြန်မာ့ကျေးလက်ဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အစဉ်အဆက် တစ်စိုက်မတ်မတ် ဆောင်ရွက်ပေးခဲ့တာဖြစ်ပေမဲ့ ကျေးရွာအဆင့်၊ တောင်သူလယ်သမားအဆင့်အထိ ဆောင်ရွက်ပေး ရတာဖြစ်လို့ အောက်ဖော်ပြပါလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးရပါမည်-
(၁) ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်၊
(၂) သန့်ရှင်းသောသောက်ရေနှင့် လုံလောက်သောသုံးရေ ရရှိရန် (၂၀၂၄ခုနှစ် သန်းခေါင် စာရင်းအရ ကျေးလက်ဒေသသောက်သုံးရေရရှိမှုနှုန်း ၈၄.၅%)၊
(၃) လျှပ်စစ်မီးရရှိရန်(၂၀၂၄ခုနှစ် သန်ခေါင်စာရင်းအရ ကျေးလက်ဒေသ လျှပ်စစ်မီးရရှိမှု နှုန်း ၅၁.၆%)၊
(၄) စိုက်ပျိုးရေးနည်းပညာ၊ သွင်းအားစု၊ မျိုးစသည်တို့ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန်၊
(၅) ကျေးလက်စီးပွားရေးအတွက် အရင်းအနှီး ရရှိရန်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးတဲ့နေရာမှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်မှစ၍ ခေတ်အဆက်ဆက်ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ ကျေးလက် ဒေသဖွံ့ဖြိုးရေးဆိုတာ တစ်ကြိမ်တစ်ခါဆောင်ရွက်ပြီးရုံနဲ့ ပြီးပြတ်သွားတဲ့လုပ်ငန်းစဉ်မျိုးမဟုတ်ဘဲ စဉ်ဆက်မပြတ် ဆောင်ရွက်ရတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့အတွက် ယခင်ကဆောင်ရွက်ခဲ့သလို ယခု လည်း ဆက်လက်ဆောင်ရွက်နေရမှာဖြစ်ပြီး နောင်လည်း ဆက်လက်ဆောင်ရွက်နေကြရဦးမှာပဲ ဖြစ်ပါတယ်။ ခေတ်နဲ့ ညီအောင် ပြောင်းလဲတိုးချဲ့ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
ဘက်စုံဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မှု၏အရေးပါပုံ
ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျေးလက်ဖွံ့ဖြိုးရေးဟာ အရမ်းကျယ်ပြန့်တာဖြစ်တဲ့အတွက် ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတဲ့ ပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍဟာ အလွန်အရေးကြီး ပါတယ်။ ဒါကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာ ဗျူဟာဖြစ်သော “ထိရောက်သောပူးပေါင်းဆောင်ရွက်မှု” (Affective Cooperation) အလေးထား ဆောင်ရွက်နေပါတယ်။ ကျေးလက်ဖွံ့ဖြိုးရေးဟာ ဌာနတစ်ခုတည်းမဟုတ်ဘဲ ဌာနများစွာ လုပ် ကြရတာဖြစ်တဲ့အတွက် ဘယ်လိုပေါင်းစည်းပြီးတော့ ဘက်စုံဖွံ့ဖြိုးရေး (Integrated Development) လုပ်မလဲဆိုတာ အဓိကစဉ်းစားရမှာဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ အုပ်ချုပ်ရေးအဖွဲ့များစသဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအားလုံး ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ပါတယ်။
ဘယ်လိုလုပ်ကြမလဲဆိုရင်… စိုက်ပျိုးရေး၊ စက်မှုနှင့် ဝန်ဆောင်မှုကဏ္ဍတွေ ချိတ်ဆက်ဖို့ ဆိုပါစို့။ ဥပမာအားဖြင့်… စက်မှုလယ်ယာဖော်မယ်ဆိုရင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ တောင်သူတွေ ပူးပေါင်းဆောင်ရွက် ကြရပါမယ်။ ဒီအတိုင်းပါပဲ…ငွေကြေးအရင်းအနှီးရရှိမှုဆိုရင်လဲ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့မြစိမ်းရောင်ကျေးရွာစီမံကိန်းတွေ၊ သမအသင်းတွေ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဒါမျိုးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အစိုးရသစ်လက်ထက်မှာ တောင်သူတွေအတွက် စိုက်ပျိုးစရိတ်ချေးငွေနှုန်းထားများကို တိုးမြှင့် သတ်မှတ်ပေးခဲ့သလို Agro-Based Industry တည်ဆောက်နိုင်ရန်အတွက် စိုက်ပျိုးရေးနှင့် လယ်ယာ သုံးစက်ရိယာများ ဝယ်ယူလိုသည့်တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များကိုလည်း လယ်ယာ သုံးစက်ကိရိယာချေးငွေများ ချထားပေးလျက်ရှိပါတယ်။
နည်းပညာရရှိမှုအတွက်ဆိုရင်လည်း စိုက်ပျိုးရေးဦးစီးဌာန၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ၊ ဆန်စက် လုပ်ငန်းရှင်တွေ၊ သမဝါယမဦးစီးဌာန၊ သမဝါယမအသင်းတွေ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနစတဲ့ဌာနအဖွဲ့အစည်းတွေနဲ့ အကျိုးတူဆောင်ရွက်မယ့်လုပ်ငန်းရှင်တွေ သက်ဆိုင်ရာအစိုးရ အဖွဲ့တွေ ပေါင်းစပ်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်အချက်များ
ကျေးလက်လူမှုစီးပွားဘဝဖွံဖြိုးရေးမှာ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်တွေ၊ အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ စီးပွားရေးရာလုပ်ငန်းတွေ ပါဝင်ပါတယ်။
စီးပွားရေးရာလုပ်ငန်းတွေမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ MSME လုပ်ငန်းများ၊ လက်မှုလုပ်ငန်းများပါဝင်သလို ဈေးကွက်ရရှိရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းလည်းပါဝင်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိမှ တစ်ဦးချင်းဝင်ငွေ တိုးတက်မှာဖြစ်ပြီး၊ တစ်ဦးချင်းဝင်ငွေတိုးတက်မှ စီးပွားရေး၊ လူမှုရေးရာတည်ငြိမ်မှုရရှိပြီး လူမှု စီးပွားဘဝ မြင့်မားလာမှာဖြစ်ပါတယ်။ ဒါက တစ်ခုနဲ့ တစ်ခုချိတ်ဆက်သက်ရောက်နေတဲ့ ကွင်းဆက် ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးမှာ လူမှုစီးပွားဘဝမြင့်မားရေးဟာ အဓိကကျတဲ့အခန်းကဏ္ဍကပါဝင်ပြီး လူမှု စီးပွားဘဝမြင့်မားရေးအတွက် အခြေခံလိုအပ်ချက်သည်လည်း စီးပွားရေးဖွံ့ဖြိုးမှုနဲ့ လူမှုဘဝဖွံ့ဖြိုးမှု ဖြစ်ပြန်ပါတယ်။
လူမှုရေးရာ…ပညာ၊ ကျန်းမာကိစ္စရပ်များ ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးခြင်း
လူမှုစီးပွားဖွံ့ဖြိုးရေးဖြစ်တဲ့အတွက် လူမှုရေးနဲ့ဆိုင်တဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စ
ရပ်တွေလည်း ပါဝင်တာကြောင့် ပညာရေးအဆင့်မြှင့်တင်စေဖို့ ပညာရေးစနစ် ကောင်းမွန်အောင် စနစ်တကျပြုပြင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားဖို့ အခြေခံပညာကဏ္ဍမှာ KG+9 အဆင့်ထိ အားလုံးသင်ယူနိုင်ရေးမူဝါဒကို ချမှတ်လုပ်ဆောင်လျက်ရှိသလို နိုင်ငံတော်ဘဏ္ဍာငွေများကို ပညာရေး ကဏ္ဍတွင် ပိုမိုတိုးမြှင့်ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားကြရမည်ဖြစ်ပြီး အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက် သည့် ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၁-၄-၂၀၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံတော်သမ္မတက လမ်းညွှန် မှာကြားထားရှိပါတယ်။
ကျန်းမာရေးနဲ့ပတ်သက်ရင်လည်း ကျေးလက်ကျန်းမာရေးစင်တာတွေမှာ ကျန်းမာရေးစောင့် ရှောက်မှုအတွက် အခြေခံအဆောက်အအုံ ပြည့်စုံမှုရှိအောင်၊ လိုအပ်တဲ့ပစ္စည်းကိရိယာနဲ့ ဆေးဝါးတွေ ပြည့်စုံအောင်၊ ဆရာဝန်/ သူနာပြုအင်အား ပြည့်စုံအောင်၊ လက်လှမ်းမီမှုရှိအောင် စီစဉ်ဆောင်ရွက် ပေးရမှာဖြစ်ပါတယ်။ လက်ရှိလည်း အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး
ပညာရေးနှင့် ကျန်းမာရေး ကောင်းမွန်လာခြင်းသည် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး အတွက် မရှိမဖြစ်အခြေခံလိုအပ်ချက်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဟာလည်း လူမှုစီးပွား ဖွံ့ဖြိုးရေးမှာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။ ကျေးလက်မှာနေတဲ့တောင်သူတွေကို ခေတ်မီစိုက်ပျိုးမွေးမြူရေးနည်းပညာတွေ သိအောင်၊ ကျေးလက်ဒေသက အသေးစားလုပ်ငန်းတွေ အနေနဲ့ လိုအပ်တဲ့နည်းပညာတွေရရှိအောင် သင်ပေးတာ၊ အသိပညာ ပေးတာတွေ၊ အသက်မွေး ဝမ်းကျောင်းသင်တန်း ပေးတာတွေ လုပ်ပေးရပါမယ်။ စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်း လုပ် ချင်ရင် စိုက်ပျိုးရေးပညာသင်ပေးရပြီး မွေးမြူရေးနဲ့အသက်မွေးဝမ်းကျောင်း လုပ်ချင်ရင် မွေးမြူရေး ပညာသင်ပေးရပါတယ်။ အသက်မွေးဝမ်းကျောင်းလိုအပ်ချက်အပေါ်မူတည်ပြီး အသက်မွေးဝမ်းကျောင်း သင်တန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လုပ်ချင်တာနဲ့ လုပ်နိုင်စွမ်းကို သဟဇာတဖြစ်အောင် စပ်ဟပ်ပေးရမှာဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် အဆင့်မြင့်ပညာဆက်သင်ဖို့ အခက်အခဲရှိတဲ့ လူငယ်လူရွယ်များကို စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးစတဲ့ အသက်မွေးဝမ်းကျောင်းဘာသာရပ်ဆိုင်ရာ အထက်တန်းကျောင်း၊ သင်တန်းကျောင်းတွေမှာ ပညာသင်ယူခွင့်ရရှိအောင် ဆောင်ရွက်ပေးနေပါတယ်။ လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးလာမှသာ ကျေးလက်စီးပွားရေးကို အရှိန်အဟုန်ဖြင့် မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ ကျေးလက် စီးပွားမြင့်မားရေးတွင် အသေးစားကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးဟာ အဓိက မောင်းနှင်အားဖြစ်ပြန်ပါတယ်။
အသေးစားကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေး
အသေးစားကုန်ထုတ်လုပ်မှုဖွံ့ဖြိုးရေးအတွက် လူသုံးကုန်ထုတ်လုပ်နည်းသင်တန်း၊ စားသောက် ကုန်ထုတ်လုပ်နည်းသင်တန်းတွေပေးရမှာဖြစ်သလို အသေးစားကုန်ထုတ်လုပ်မှုဆိုင်ရာ၊ စိုက်ပျိုးမွေးမြူ ရေးတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်မှုဆိုင်ရာ အသိပညာပေးသင်တန်းတွေလည်း ပေးနေပါတယ်။ အသိအမြင်ကျယ်ပြန့်လာမှ လုပ်နိုင်စွမ်းတွေ ပိုမြင့်မားလာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတွေအတွက် နည်းပညာတွေပံ့ပိုးပေးရမှာဖြစ်သလို လိုအပ်တဲ့အရင်းအနှီးအတွက် ငွေကြေးအရင်းအနှီးမတည်ပေးနိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်ပေးရန်လည်းလိုအပ်ပါတယ်။ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနဲ့ ဌာနဆိုင်ရာများ ချိတ် ဆက်ပူးပေါင်းဆောင်ရွက်နေပြီး ဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်ခြင်းမှသည် သမဝါယမစနစ် ပီပြင်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။
ငွေကြေးအရင်းအနှီးရရှိရေးနှင့် စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း
ကျေးလက်စီးပွားရေးမှာ ငွေကြေးအရင်းအနှီးရရှိဖို့ဟာ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တဲ့ အတွက် Micro Finance လုပ်ငန်းတွေ၊ ဘဏ်တွေကနေ သက်သာတဲ့နှုန်းထားနဲ့ ချေးငွေ ရရှိဖို့ လိုအပ်ပါတယ်။ လက်ရှိမှာ အစိုးရဘဏ်တွေကနေပြီးတော့ သက်သက်သာသာနှုန်းနဲ့ စိုက်ပျိုးစရိတ် ချေးငွေ ပေးတာရှိပါတယ်။ မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေစီမံကိန်း၊ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေစီမံကိန်းလို နိုင်ငံတော်စီမံကိန်းတွေ၊ သမဝါယမအသင်းများရဲ့ အစုအဖွဲ့စနစ်၊ သမဝါယမစနစ်တွေကနေပြီးတော့ ငွေကြေးအရင်းအနှီး ထုတ်ချေးပေးတာတွေရှိပါတယ်။ သမဝါယမ အသင်းတွေကနေ ငွေကြေးဝန်ဆောင်မှုတွေ၊ မျိုးနဲ့ သွင်းအားစုဝန်ဆောင်မှုတွေရရှိအောင် လုပ်ဆောင် ပေးတာတွေ ရှိပါတယ်။ တိုးမြှင့်ဆောင်ရွက်ပေးဖို့ လိုအပ်လျက်ရှိပါတယ်။
ဒါ့အပြင် ပုဂ္ဂလိကဘဏ်တွေရော အစိုးရဘဏ်တွေကပါ Value Addedတန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ်မယ့်လုပ်ငန်းတွေ၊ ကျေးလက်မှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေ၊ MSME လုပ်ငန်းတွေအတွက် သက်သာတဲ့အတိုးနှုန်းနဲ့ MSME ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါတယ်။ ကျေးလက်စီးပွားရေး လုပ်ငန်းရှင်များအနေနဲ့ ငွေကြေးအရင်းအနှီး ရရှိမှသာ နည်းပညာသင်တန်းများမှ ရရှိလာတဲ့ ကျွမ်းကျင်မှုတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မှာဖြစ်ပြီး ထုတ်လုပ်မှုတိုးတက်စေရေးကို အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်အားလုံးဟာ တစ်ခုနဲ့ တစ်ခုချိတ်ဆက်နေပြီး အပြန်အလှန် အမှီသဟဲ့ပြု ဆက်စပ် အကျိုးပြုနေကြတာဖြစ်တဲ့အတွက် ကျေးလက်ဖွံ့ဒေသဖြိုးရေးအတွက် မဖြစ်မနေထည့်သွင်းစဉ်းစား ဆောင်ရွက်သွားကြရမယ့် လုပ်ငန်းများပဲဖြစ်ပါတယ်။
ရှေ့ဆက်လက်ဆောင်ရွက်သွားကြမည်….
ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဖော်ဆောင်ရာမှာ-
(က) စည်းလုံးညီညွတ်မှုရှိမှ အောင်မြင်မှုက တာရှည်ခံမှာဖြစ်ပြီး ငြိမ်းချမ်းမှုရှိမှ ဖွံ့ဖြိုးတိုး တက်မှုဆီ တက်လှမ်းနိုင်မှာဖြစ်လို့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး (Peace) အတွက်
အားလုံး တာဝန်သိစိတ်ဖြင့်ပါဝင်ဆောင်ရွက်ကြလျှင် ဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ပါမည်၊
( ခ ) ပြည်သူပူးပေါင်းပါဝင်မှုရှိမှသာ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည် ဖြစ်သည့်အတွက် အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူ၊ လူမှုရေးအဖွဲ့အစည်းများနဲ့ လွှတ်တော် ကိုယ်စားလှယ်များ၏ပူးပေါင်းဆောင်ရွက်မှု (Partnership) မြှင့်တင်ပြီး ဆောင်ရွက် ကြပါမည်၊
( ဂ ) အစုအဖွဲ့စနစ်ဖြစ်သောသမဝါယမစနစ်ကို အခြေခံ၍ ပုဂ္ဂလိကနဲ့ တောင်သူ အကျိုးတူ ပူးပေါင်းပြီး တောင်သူများအတွက် မျိုးနှင့် သွင်းအားစု ပံ့ပိုးပေးခြင်း၊ ခေတ်မီ သိုလှောင်ထိန်းသိမ်းရေးစနစ် ထူထောင်ပေးခြင်းနဲ့ ဈေးကွက်သေချာမှုရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှု (Productivity) တိုးမြှင့်လာစေရေး ဆောင်ရွက်ကြပါမည်၊
(ဃ) အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးလာ စေရန်အတွက် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်စေရေး (Processing) ဆောင်ရွက်ကြပါမည်၊
( င ) ကောင်းမွန်သောစီမံအုပ်ချုပ်မှု(good governance)ဖြစ်စေရေး၊ အကောင်အထည် ဖော်ဆောင်ရွက်သူ၊ ပူးပေါင်းပါဝင်ဆောင်ရွက်သူအားလုံး စွမ်းဆောင်ရည် ပြည့်ဝမှု ရှိစေရး၊ နည်းပညာဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးမွေးမြူထုတ်လုပ်မှုများတွင် ဒီဂျစ်တယ် နည်းပညာအခြေပြု ခေတ်မီနည်းစနစ်များ အသုံးချနိုင်စေရေး (Performance) ဆောင်ရွက်ကြပါမည်။
ဖွံ့ဖြိုးတိုးတက်မှုဆိုတာဟာ ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ စွမ်းဆောင်ရည်များဖြင့်သာ တည်ဆောက်ရခြင်းမဟုတ်ဘဲ သက်ဆိုင်သူအားလုံးရဲ့စိတ်ဆန္ဒသဘောထား၊ ခံယူချက်များနှင့်ပါ ပေါင်းစပ်ဖော်ဆောင်ရခြင်းဖြစ်ရာ ကျေးလက်နေပြည်သူများ၊ တောင်သူများအပါအဝင် ကျွန်တော်တို့ အားလုံးဟာ အစုအဖွဲ့နဲ့ စနစ်တကျပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို မွေး မြူကြရပါမယ်။ တိုးတက်လိုစိတ်၊ ကြိုးစားလိုစိတ်ရှိပြီး စိတ်ဆန္ဒရှိတဲ့အတိုင်း ဖြစ်မြောက် အောင်မြင် အောင် အကောင်အထည်ဖော်နိုင်တဲ့ ဇွဲသတ္တိ၊ လုံ့လနဲ့ ဝီရိယ ရှိရပါမယ်။ တာဝန် သိစိတ်ရှိဖို့၊ တာဝန် ကျေပွန်ဖို့ ကြိုးစားကြရပါမယ်။ ကျွန်တော်တို့နိုင်ငံရဲ့လိုအပ်ချက်အခြေအနေအရ အားလုံး တက်ညီ လက်ညီနဲ့ နှစ်ဆသုံးဆတိုးပြီး ကြိုးစားဆောင်ရွက်ကြမှ ပန်းတိုင်ရောက်မှာ ဖြစ်ပါတယ်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်ရာမှာ ဒေသအလိုက် ဖွံ့ဖြိုးလာမှုနဲ့အတူ ဆင်းရဲမှုလျော့ချနိုင်ပြီး လူမှုစီးပွားဘဝများပါတစ်ပါတည်းမြင့်မားလာစေရေးကို ဦးတည်ဆောင်ရွက် ကြရတာဖြစ်တဲ့အတွက် ဆောင်ရွက်ရတဲ့လုပ်ငန်းပမာဏ အင်မတန် ကြီးမားကျယ်ပြန့်ပါတယ်။ ဒါကြောင့် ဌာနဆိုင်ရာအားလုံးနဲ့အတူ ကျေးလက်နေပြည်သူ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လုပ်ငန်းရှင် များအပါအဝင် သက်ဆိုင်သူအားလုံး တက်ညီလက်ညီပူးပေါင်းပါဝင် ဆောင်ရွက်သွားကြမှသာ ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးရေးဆီ တက်လှမ်းရောက်ရှိနိုင်မည်ဖြစ်ပြီး တက်ကြွ၍ သာယာဝပြောပြီး ပျော်ရွှင်ချမ်းမြေ့သော ကျေးလက်အသိုက်အဝန်း ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို ဂုဏ်ပြုရင်း ရေးသား တင်ပြလိုက်ရပါတယ်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်