Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များနှင့်ဆက်စပ်မှုရှိသည့် ဦးစီးဌာနများနှင့်ညှိနှိုင်းအစည်းအဝေးပြုလုပ်


19 Nov,2026

နေပြည်တော်၊ နိုဝင်ဘာ ၁၉

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသည့် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များနှင့်ဆက်စပ်မှုရှိသည့် ဦးစီး ဌာနများနှင့်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

          အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မူပိုင်ခွင့်ဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ကြပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနတို့မှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြ သည်။

          ဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာ ဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ၁၉၉၁ ခုနှစ်တွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေနှင့် ၂၀၁၁ ခုနှစ်တွင် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းမြှင့်တင်ရေးဥပဒေကို ပြင်ဆင်သည့် အသေးစားစက်မှုလက်မှုလုပ်ငန်း မြှင့်တင်ရေးဥပဒေ၊ ၂၀၁၅ ခုနှစ်မှာ ပြဋ္ဌာန်းထားသော နည်းဥပဒေများနှင့်အညီ စနစ်တကျ လုပ်ငန်းမှတ်ပုံတင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မှတ်ပုံတင်လုပ်ငန်းများကို မှတ်ပုံတင်လက်မှတ်ထုတ်ပေးရာတွင် မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းအဆင့်ဆင့်အတိုင်း ပြည့်စုံမှုရှိပါက မှတ်ပုံတင်လုပ်ငန်း များကြီးကြပ် စိစစ်ရေးအဖွဲ့အစည်းအဝေးပြုလုပ်ပြီး သေချာစွာ စိစစ်ပြီးမှခွင့်ပြုပေးခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်း ဆေးဝါးများနှင့် အကျုံးဝင်ပြီး ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဆေးအဖြစ် သောက်သုံးရသည့် စားသောက်ကုန်၊ လိမ်းဆေးနှင့် ရှုဆေးအဖြစ်အသုံးပြုရသည့် လူသုံးကုန်များကို တိုင်းရင်းဆေးပညာ ဦးစီးဌာန၏ မှတ်ပုံတင်ပါရှိမှသာ လုပ်ငန်းမှတ်ပုံတင်ပေးရန်၊ ဌာနတွင် မှတ်ပုံတင်ထားသည့် ထုတ်ကုန်များ၏ Labelling ကုန်အမှတ်တံဆိပ်တွင် စားသောက်ကုန်များအတွက် အစားအသောက် အဖြစ်သာ ထည့်သွင်းရန်၊ ကျန်းမာရေးအကျိုးကျေးဇူးများ ထည့်သွင်း၍ ကြော်ငြာခြင်း မပြုရန်နှင့် မှတ်ပုံတင်ထားသည့် စားသောက်ကုန်များမှာ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဓာတ်ခွဲစမ်းသပ်မှုများကို စနစ်တကျ တာဝန်ယူ ဆောင်ရွက်သွားကြရန် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများကို  လမ်းညွှန်မှာကြားပြီးဖြစ်ပါကြောင်း၊ ဆက်စပ်ဦးစီးဌာနများဖြစ်ကြသည့် FDA ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မူပိုင်ခွင့်ဦးစီးဌာနတို့ အနေဖြင့်လည်း မိမိတို့ဌာနအလိုက် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုထုတ်ပေးထားသည့်လိုင်စင်၊ မှတ်ပုံတင်လက်မှတ်နှင့် ထောက်ခံချက်များကို စိစစ်ရာမှာ ဌာန အချင်းချင်း အချက်အလက်ဖလှယ်မှုအားကောင်းစေရန်နှင့် ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ် ဖြန့်ဖြူး ခြင်းများမရှိစေရေး ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် လုပ်ထုံး လုပ်နည်းပိုင်းဆိုင်ရာများကိုလည်း လွယ်ကူအောင်ဆောင်ရွက်ပေးမှသာ လုပ်ငန်းရှင်ပြည်သူများ အတွက်ရော နိုင်ငံတော်စီးပွားဖွံ့ဖြိုးရေးအတွက်ပါများစွာ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ဌာနအလိုက် ဆက်စပ်ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဌာန၏ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသော ဦးစီးဌာနများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။ ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသူများက အထွေထွေ ဆွေးနွေးကြပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားပြီး ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်