ရေးရင်းတောင်းပန်၊ တောင်းပန်ရင်းရေးခဲ့သည်
ကိုမြင့်စိုးရေ…..ပန်ဆန်းကို ကိုယ်အရင်ဆုံးသွားခဲ့တာပါကွာ၊ ၈၉ ခုနှစ်မှာ ငြိမ်းချမ်းရေး လုပ်ခဲ့ပေမဲ့ ပန်ဆန်း၊ မိုင်းမော၊ ဝိန်းကောင်ဒေသတွေက ကားလမ်း မပေါက်သေးတာမို့ ၁၉၉၃ ခုနှစ် မေလထဲမှာ နမ့်တစ်-မန်ခါးကတစ်ဆင့် တရုတ်ပြည်နယ်စပ် မုန်းအား/ မုန်းလျင်ကနေ ပန်ဆန်းကိုဝင်ရတာ၊ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတွေကို ကြေးနန်းတွေပို့ပြီး တင်ပြတဲ့အခါ ပေးပို့သူနေရာမှာ ဖဖရ(ပန်ဆန်း)၊ ဖဖရ(ဝိန်းကောင်)၊ ဖဖရ(မိုင်းမော)၊ ဖဖရ(မိုင်းလား) စသည်ဖြင့် ဖွံ့ဖြိုးရေးရဲ့ အတိုကောက်စာလုံး(ဖဖရ)ကိုလည်း ကိုယ်စပြီးသုံးခဲ့တာပါ၊ ဒါပေမဲ့ မင်းရေးနေတဲ့ ဆောင်းပါးတွေထဲမှာကျတော့ ငါ့နာမည် တစ်ခါမျှ မပါဘူးဟေ့။ ထိုသို့ ပြောလာ သူကတော့ နောင်တော်ကြီး ဦးခင်လတ်(ဗိုလ်မှူးခင်လတ်-ဗသက ၄၉) ဖြစ်သည်။ သည့်အတွက် သူ့ကိုတောင်းပန်ပြီး နောက်အလျဉ်းသင့်ချိန်ရေးသည့် ဆောင်းပါးများထဲတွင် ထည့်သွင်း ဖော်ပြပေးခဲ့ရဖူးသည်။ ဟုတ်လည်းဟုတ်ပါသည်။ ကျွန်တော်တို့ထက် နတလကို စော၍ ရောက်ကြသော၊ နယ်စပ်ဒေသများကို စော၍သွားခဲ့ကြရသော၊ စီနီယာလည်းကျသော နောင်တော်ကြီးများစွာထဲက ဗိုလ်မှူးဌေးမြင့်၊ ဗိုလ်မှူးစိုးအောင်၊ ဗိုလ်မှူးသန်းထူး၊ ဗိုလ်မှူး တင်ဝင်းတို့က အငြိမ်းစားဘဝနှင့် ရှိနေကြသည်။ ဒုတိယဗိုလ်မှူးကြီးမြင့်ဆွေ(စာရေးဆရာ နီမင်းဆွေ-ကွယ်လွန်)၊ ဗိုလ်မှူး စိုးတင့်(ကွယ်လွန်)၊ ဒုတိယဗိုလ်မှူးကြီးသန်းဌေး (ကွယ်လွန်)၊ ဦးစိန်လင်း(ကွယ်လွန်)၊ ဗိုလ်မှူးတင်လတ်(ကွယ်လွန်)တို့ကတော့ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အငြိမ်းစားယူပြီး လူ့လောကကြီးကိုပါ နှုတ်ဆက် ထွက်ခွာသွားကြပေပြီ။
နောက်ထပ် ဆောင်းပါးရေးရင်း တောင်းပန်ခဲ့ရသူကတော့ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှာ တည်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာကြီးထဲက မွန်ရိုးရာ အိမ်ကို ကြီးကြပ်တည်ဆောက်ပေးခဲ့သော၊ မွန်ကျောက်စာပညာရှင်လည်းဖြစ်သော၊ အဘ နိုင်ပန်းရှင် ဖြစ်သည်။ တိုင်းရင်းသားကျေးရွာအကြောင်း၊ မွန်အိမ်အကြောင်း၊ နန်းမြင့်မျှော်စင် တွေ အကြောင်းရေးရင်းက မွန်ကျောက်စာပညာရှင် အဘနိုင်ပန်းရှင်ကိုသတိရပြီး ထည့်ရေးရာ မှာ ကွယ်လွန်သွားပြီဖြစ်သော…..ဆိုပြီး ရေးလိုက်မိသည်။ အမှန်က အဘနိုင်ပန်းရှင်သည် ပြင်ဦးလွင်တွင် ကျန်းမာစွာရှိနေပါသည်။ နောင်မှသိရ၍ တောင်းပန်ရင်း အမှားပြင်ဆင်ချက် ပေးကာ ထပ်၍ရေးခဲ့ရတာကိုလည်း အမှတ်ရမိသည်။ နောက်တစ်ဦး လည်းရှိပါသေးသည်။ သူကတော့ ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးရဲတင့်ဖြစ်၏။ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်းသို့ “မိုခါ” မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ဝန်ကြီးဌာနအသီးသီးက တာဝန်ရှိသူများ အနေဖြင့် စစ်တွေမြို့သို့သွားရောက်၍ တာဝန်ထမ်းဆောင်ခဲ့ကြရသည်။ ယင်းသို့ တာဝန်ထမ်း ဆောင်ကြသော ဝန်ကြီးဌာနအလိုက် လုပ်ငန်းတာဝန်များကို ဖော်ပြ၍ ဂုဏ်ပြုဆောင်းပါးများ ရေးသားတင်ပြခဲ့သည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့ရသော ဒုတိယဝန်ကြီးများ၏ အမည်များကို ရေးသားဖော်ပြရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စသည်ဖြင့် အားလုံးပါဝင်ခဲ့ပါသည်။ ဆောင်းပါးတွေ ထွက်လာသောအခါ ပြန်ကြားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်က ညီလေး ငါ့နာမည်လည်း မပါဘူးဟု ပြောလာပါတော့သည်။ မိမိတို့နေရာအလိုက် ထိုင်နေကြသူတွေကိုကြည့်၍ ရေးလိုက်ခြင်းဖြစ်ရာ နေပြည်တော်သို့ ပြန်သွားသော ဦးရဲတင့်နာမည် ကျန်သွားခြင်းဖြစ်၍ တောင်းတောင်းပန်ပန်ပြုလုပ်ပြီးနောက် အပုဒ်တွေထဲမှာ ထည့်ပေးလိုက်ပါသည်။
ယခုလည်း နိဒါန်းချီ၍ ကျွန်တော်စရေးခဲ့သော MSME ဆောင်းပါးတွေကို (၈) ပုဒ် မြောက်မှာ ကျွန်တော် ရပ်နားတော့မည်ဖြစ်ပါသည်။ ဆောင်းပါး ၄၊ ၅၊ ၁၀ ပုဒ်လောက်နှင့် တော့ ကျင်းပပြီးစီးခဲ့သော MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကြီးအကြောင်းကို ပြည့်စုံအောင် ဖော်ပြနိုင်စွမ်း ရှိမည်မဟုတ်ပါ။ ထို့အတူ ပြခန်းပေါင်း ၉၆ ခန်းနှင့်ပတ်သက်၍ အားလုံး ပါဝင်အောင် ကျွန်တော်မရေးနိုင်ခဲ့ပါ။ ဝန်ကြီးဌာနပြခန်းတွေထဲမှာ ကျွန်တော့်ဝန်ကြီးဌာန သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအပါအဝင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြခန်းများနှင့် ပတ်သက်၍ ရေးရန်ကျန်ရှိခဲ့ပါသည်။ အလားတူ အခြားသောပြခန်းများ ဖြစ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၏ ပြခန်းများ၊ မြန်မာစီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်း၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၏ MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းပြခန်းများအကြောင်း ရေးသားတင်ပြရန် ကျန်ရှိခဲ့ပါသည်။ ထိုကဲ့သို့ ပြခန်းပေါင်းများစွာ ကျန်ရှိနေတာချင်းအတူတူ၊ ညီလေး-ဒီတစ်ခါရေးရင် ငါ့နာမည် မကျန်ခဲ့စေနဲ့နော်ဟု ကြိုတင်ပြောထားသည့် ဦးရဲတင့် အသံကို ကြားယောင်မိသောအခါ ဆောင်းပါးဘေးခေါင်းစဉ်လေးကို အောက်ပါအတိုင်းရေးလိုက် မိချေပြီ တမုံ့။
ပြန်ကြားရေးဝန်ကြီးဌာန
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းနှင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများ ဖွဲ့စည်း၍ ပြည်သူလူထုအား ပြန်ကြား ပေးရေး၊ အသိပညာပေးရေးနှင့် ဖျော်ဖြေပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုံနှိပ်မီဒီယာ၊ ရုပ်မြင်သံကြားနှင့် အသံလွှင့်မီဒီယာအပါအဝင် Internet ကဲ့သို့ မီဒီယာပုံစံသစ်(New Media) နှင့် ပြည်သူ့ဆက်ဆံရေးနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များက MSME လုပ်ငန်းများ နှင့်ပတ်သက်၍ ရိုက်ကူးပြီးထုတ်လွှင့့််လိုပါက မည်သို့ရိုက်ကူးပြီး ထုတ်လုပ်ရသည်ကိုပြသခြင်း၊ MRTV မှထုတ်လွှင့်သည့်အစီအစဉ်များကို Mobile Phone များမှ အချိန်မရွေး ပြန်ပြီးကြည့်ရှု နိုင်ရန် MRTV Application ကို လာရောက်လေ့လာသူများနှင့် လုပ်ငန်းရှင်များသို့ Install လုပ်ပေးခြင်း၊ လုပ်ငန်းရှင်များ ထုတ်လုပ်သည့် Product များကို အများပြည်သူသိရှိအောင် Promote လုပ်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ ၎င်းပြင် MSME ပွဲကြီးနှင့် ပတ်သက်၍လည်း ရိုက်ကူးရေးကို နေ့စဉ်ပြုလုပ်၍ Progarm အနေဖြင့် ထုတ်လွှင့် ပေးခြင်း၊ ထုတ်လွှင့်ချက်များကိုလည်း Application မှာ ထည့်၍ ဆောင်ရွက်ခြင်းအပြင် အခြား Progarm များကိုလည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရေဒီယို၊ Social Media, Telegram တို့မှ ထုတ်လွှင့်ပြသလျက်ရှိပါသည်။
သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် “သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ” ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့ပါသည် -
(က) ဦးရဲတင့် ဥက္ကဋ္ဌ
ဒုတိယဝန်ကြီး
ပြန်ကြားရေးဝန်ကြီးဌာန
(ခ) ဦးအေးကြွယ် အဖွဲ့ဝင်
ညွှန်ကြားရေးမှူးချုပ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
(ဂ) ဦးကိုကိုနိုင် အဖွဲ့ဝင်
ညွှန်ကြားရေးမှူးချုပ်
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန
(ဃ) ဦးသက်ဆွေ အဖွဲ့ဝင်
ဦးဆောင်ညွှန်ကြားရေးမှူး
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
(င) ဦးသက်အောင် အဖွဲ့ဝင်
ညွှန်ကြားရေးမှူး (ပြည်တွင်း၊ ပြည်ပဆက်ဆံရေးနှင့်
သတင်းပြန်ကြားရေးဌာနခွဲ)
စက်မှုဝန်ကြီးဌာန
(စ) ဦးရဲနိုင် အတွင်းရေးမှူး
ညွှန်ကြားရေးမှူးချုပ်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား
သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည် -
(က) ပြပွဲအတွင်းပြန်ကြားရေးဌာနထားရှိခြင်း၊
(ခ) ပြပွဲပြိုင်ပွဲကျင်းပပြုလုပ်မည့်ကိစ္စရပ်များအား သတင်းထုတ်ပြန်ခြင်း၊
(ဂ) ပြခန်းခင်းကျင်းပြသသည့် MSME များနှင့် ပြိုင်ပွဲဝင် MSME များအား Interview အစီအစဉ်ဆောင်ရွက်ခြင်း၊
(ဃ) သတင်းဆောင်းပါးရေးသားပြုစုခြင်းနှင့် ကြိုတင်လှုံ့ဆော်ခြင်း၊
(င) အသုံးစရိတ်များခန့်မှန့်တွက်ချက်တင်ပြခြင်း၊
(စ) ပြိုင်ပွဲပြီးစီးပါက မှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုများ စုစည်းပေးအပ်ခြင်းနှင့် မှတ်တမ်း စာအုပ်ထုတ်ဝေခြင်း။
တာဝန်ကျေခဲ့ပါသည် ပြန်ကြားရေး
သူတို့တာဝန်ကျေခဲ့ပါသည်၊ သူတို့ဆိုရာဝယ် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်း အားလုံးကို ရည်ညွှန်းပါသည်။ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုလျက် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကြီးကို နေပြည်တော်ရှိ ဥပ္ပါတ္တသန္တိစေတီ တော်မြတ်ကြီး၏ ခြေတော်ရင်း၊ တပေါင်းကွင်းမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့ထိ ခမ်းနားထည်ဝါစွာ ဝှဲချီးကျင်းပပြုလုပ်မည့် သတင်းစကားနှင့် ပတ်သက်၍ မြန်မာ့ရုပ်မြင် သံကြား၊ ရေဒီယို၊ နေ့စဉ်ထုတ် သတင်းစာများအပါအဝင် ရှိရှိသမျှ မီဒီယာကဏ္ဍအားလုံးမှ ကြိုတင်ထုတ်လွှင့် လှုံ့ဆော်ပေးခဲ့ကြသည်။ ကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးသိန်းဆွေ တင်ပြခဲ့သော ဖွင့်ပွဲသီချင်း အချိန်မီရေးစပ်သီကုံး၍ အဆိုတော်နှင့် အသံသွင်းနိုင် ရေးကိစ္စကိုပင် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ကူညီစီစဉ် ဆောင်ရွက်ပေးခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲနေ့အပါအဝင် နေ့စဉ်ဖျော်ဖြေရေးအစီအစဉ်များလည်း ရှိနေလေရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တေးသံရှင်များက မေတ္တာ စေတနာ အပြည့်ဖြင့် လာရောက်ဖျော်ဖြေတင်ဆက်ကြသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
ကျွန်တော်နှင့် အင်တာဗျူးခြင်းအနုပညာ
ကျွန်တော့်ဘဝတစ်လျှောက်လုံး၌ ကင်မရာရှေ့မှာ ရပ်ဖူးတာဆိုလို့ တစ်ကြိမ်သာရှိခဲ့ဖူး သည်။ လွန်ခဲ့သော(၁၂)နှစ်ခန့်က သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့၏ ခရီးစဉ်နှင့်အတူ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့သို့ ရောက်ရှိခဲ့ကြစဉ်၊ ထိုမြို့၌ ဖွင့်လှစ်ပေးခဲ့သော နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် ပတ်သက်၍ MRTV, MWD တို့မှ အင်တာဗျူးလုပ်ခဲ့ခြင်းဖြစ်၏။ မြန်မာ့အသံရေဒီယိုတွင်လည်း ရန်ကုန်၌ရှိစဉ် တစ်ကြိမ်သွားရောက်၍ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ဖူးသည်။ ထိုတစ်ကြိမ်စီပြီးကတည်းက ကျွန်တော် မြင့်စိုး(နတလ)သည် ကင်မရာရှေ့မှာရော၊ မိုက်ရှေ့မှာရော ရှိမနေတော့ပါ။ ရှောင်ခဲ့ပါသည်။ အသံနှင့်ရူပါကို ချွေတာ သည့်သဘော။ ပြည်ထောင်စုအဆင့် MSME ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို အင်တာဗျူးမည်ဆိုသောအခါ ဆပ်ကော်မတီအတွင်းရေးမှူး တာဝန်ယူထားသော အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းအေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများဆိုင်ရာ ဒိုင်အဖွဲ့ဥက္ကဋ္ဌတာဝန်ယူထား သည့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်တို့နှင့် ဗျူးစေခဲ့ပါသည်။ ဒါတွေအပြင် ဖေဖော်ဝါရီလ ၉ ရက်က ဧရာဝတီတိုင်းဒေသကြီးခရီးစဉ်မှ နေပြည်တော်သို့ ပြန်လာနေစဉ် ပြည်ထောင်စုအဆင့် MSME ဆုရွေးချယ်ရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များအား သတင်းထုတ်မည်ဖြစ်ကြောင်း ဆက်သွယ်ပြောဆိုလာသဖြင့် သတင်း စာသားကိစ္စ၊ ရိုက်ကူးရေးကိစ္စများအဆင်ပြေအောင် လမ်းကနေလှမ်းပြီး မှာကြားဆောင်ရွက် ပေးခဲ့ရသေး၏။
MRTV ၊ မြဝတီနှင့် သတင်းစာများ၏ အခန်းကဏ္ဍ
အဆိုပါ သတင်းမီဒီယာအဖွဲ့များအနေဖြင့် ပြပွဲပြိုင်ပွဲအကြိုကာလမှာကတည်းက ဦးစီး ကော်မတီ၊ ကျင်းပရေးလုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ(၁၁)ခုတို့၏ လုပ်ငန်းပြင်ဆင်ဆောင် ရွက်နေမှုများကို အင်တာဗျူးအစီအစဉ်ဖြင့်တစ်မျိုး၊ တွေ့ဆုံမေးမြန်းခြင်းဖြင့်တစ်နည်း၊ ဆောင်းပါးများ ရေးသား၍တစ်ဖုံ၊ စုံစုံလင်လင် ဝေဝေဆာဆာ တင်ဆက်ဖော်ပြပေးခဲ့သည်။ ဝန်ကြီးဌာနပြခန်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပြခန်းများ၊ ကုန်ထုတ်သမဝါယမအသင်း ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းပြခန်းများ၊ အခြားသောအသင်းအဖွဲ့ပြခန်းများ စတင်ခင်းကျင်းပြသချိန်တွင်လည်းကောင်း၊ ပြပွဲပြိုင်ပွဲတွင်ပါဝင်ဆင်နွှဲသည့် လုပ်ငန်းရှင်များ ရောက်ရှိလာချိန်တွင်လည်းကောင်း၊ ဒေသထွက်ရိုးရာအစားအစာများ ရောင်းချသည့် ဆိုင်ခန်း များတွင်လည်းကောင်း၊ ဆိုင်ရာဆိုင်ရာများနှင့် တွေ့ဆုံ၍ ထပ်မံမေးမြန်းရိုက်ကူး တင်ဆက် ပေးခဲ့ကြသည်။
သတင်းစာနှင့် ရုပ်မြင်သံကြားတို့မှ တွေ့ဆုံမေးမြန်းသူ၊ ကင်မရာမင်း၊ ဓာတ်ပုံဆရာ စသည့် ဝန်ထမ်းများကလည်း သတင်းရယူ ရေးသားထုတ်လွှင့်ပေးမှု အလွန်အားကောင်းခဲ့ပါ သည်။ တွေ့ဆုံမေးမြန်သူများဖြစ်ကြသော ဝင်းဝင်းမင်း၊ အေးအေးသန့်၊ ဇင်ဦး၊ ဟိန်းထက်ဇော်၊ အောင်ရဲသွင်၊ အလင်းသစ် စသောဝန်ထမ်းများနှင့်အတူ ဓါတ်ပုံဆရာများဖြစ်ကြသည့် ဖိုးပြည့်စုံ၊ ဂျိုင်းလော၊ ကိုကြီးထိန်၊ ဇော်ဘီ၊ သန်းမင်းအောင်၊ သန်းတင်အောင်တို့ကလည်း တက်ညီလက်ညီဖြင့် အပင်ပန်းခံ သွားရောက်မေးမြန်း၍ ဒစ်ဂျစ်တယ်ကော်နာတွင် ထွန်းသစ်စ နည်းပညာများ ပြသထားမှု၊ သတင်းအချက်အလက်နှင့် နည်းပညာများ ဖလှယ်ခွင့်ရရှိစေမည့် စီးပွားရေးလုပ်ငန်းအချင်းချင်းချိတ်ဆက်မှု၊ စိုက်ပျိုးရေးကဏ္ဍနှင့် သက်ဆိုင်သောနည်းပညာ၊ အသိပညာများဖြန့်ဝေပေးနေမှု၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ပါဝင်ယှဉ်ပြိုင်ပြသထားသော ထုတ်ကုန်ပစ္စည်းများအခြေအနေ၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု(OROP)ထုတ်ကုန်များအခြေအနေ၊ စက်မှုဝန်ကြီးဌာန၏ သက်မွေးရွေ့လျားသင်တန်းပို့ချပေးနေမှုအခြေအနေများကို အများပြည်သူ သိရှိနိုင်စေရန် ရေးသားဖြန့်ချိပေးခဲ့သည်။
MRTV မှာလည်း ကျွန်မ ဝင်းမြတ်သန္တာလွင်ပါရှင်၊ ကျွန်တော် မင်းထွဋ်ခေါင်ပါဆိုသည့် သတင်းထောက်များ၏ အသံကို မကြာခဏကြားနေမြင်နေရပါသည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနများအပြင် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီးတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း ရိုက်ကူးတင်ဆက်သွား ကြသည်။
ပြန်လည်ဆုံတွေ့ကြပါစို့
နိုင်ငံအတွင်းက ဘယ်မြို့ဘယ်ရွာကိုသွားသွား၊ မြို့အဝင်ရွာအဝင်တွေမှာ လှိုက်လှဲစွာ ကြိုဆိုပါ၏။ ပြန်လည်ဆုံတွေ့ကြပါစို့ ဆိုသည့် ဆိုင်းဘုတ်များကိုတွေ့ရမည်ဖြစ်သည်။ ဒါ့အပြင် ကျွန်တော့်နားထဲမှာ နိုင်ငံတော်တေးသံရှင် အကော်ဒီယံအုန်းကျော်၏ “သွေးကစကား ပြောပါတယ်” သီချင်းထဲက ပြန်လည်ဆုံမယ်ဟေ့ - ပြန်လည်ဆုံမယ်ဟေ့ ဆိုသည့် အသံကို ကြားယောင်နေမိသည်။ တီထွင်ဆန်းသစ်သော MSME နည်းပညာများဖြင့် ပြည်ပပို့ကုန် အမယ်သစ်များ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းစွမ်းဆောင်နေကြသော နိုင်ငံ့ဂုဏ်ဆောင် စီးပွား ရေးလုပ်ငန်းရှင် အဟောင်း အသစ်များနှင့် ရင်းနှီးချစ်ခင်စွာ ပြန်လည်တွေ့ဆုံခွင့်ရကြပါဦး မည်။ မကြာသောကာလမှာ ပြန်လည်ဆုံတွေ့ကြပါစို့။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်