Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မြစ်သားမြို့နယ်သမဝါယမအသင်းများ၏ မိုးကြိုဝါခူးဆွတ်မှု ကြည့်ရှုအားပေး


25 Jul,2025

နေပြည်‌တော် ဇူလိုင် ၂၅

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ခတက်ကုန်း ကျေးရွာသို့သွားရောက်ပြီး ကျေးရွာအုပ်စု (၃) အုပ်စုကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် လမ်း (၄)မိုင် (၄) ဖာလုံအနက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မြင်းခြံကုန်း-ခတက်ကုန်း-နှမ်းခင်း-ရွှေစေတီ ကျေးရွာချင်းဆက်လမ်း (၁) မိုင် (၃) ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီးဦးစီးမှူး၏ လုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် မြိုင်ကုန်းကျေးရွာသို့ သွားရောက်ပြီး ဌာနဆိုင်ရာဝန်ထမ်း များ၊ မြိုင်ကုန်း လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများ နှင့်တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မြိုင်ကုန်းလယ်ယာနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ အသင်းသားတောင်သူ ဦးမောင်ဆန်းက မြစ်သားမြို့နယ်၊ မြိုင်ကုန်းကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာများ၌ ၁၉၅၈၊ ၁၉၅၉ ကာလကတည်းက မြေကြေးရှင်းအဖွဲ့အနေဖြင့် (၁) ဧကလျင် ဝါပိဿာ (၁,၀၀၀) ကျော် ရရှိအောင် စိုက်ပျိုးခဲ့ကြပုံ၊ ဝါကြိတ်ဝါဖိစက်များ မပေါ်ပေါက်သေး၍ လက်လုပ်ဝါကြိတ်စက်လေးများ အသုံးပြုခဲ့ရပုံ သမိုင်းကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ဒေသဖွံ့ဖြိုးရေးလိုအပ်ချက် များ တင်ပြခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝါစိုက်ပျိုးရေးသမဝါယမအသင်း များအတွက် အထွက်တိုးမျိုးများနှင့် သွင်းအားစုများ ပံ့ပိုးပေးထားပြီးဖြစ်၍ ပန်းတိုင်အထွက်နှုန်းရရှိ အောင် စိုက်ပျိုးရန်၊ ဆီထွက်သီးနှံ နှမ်း၊ မြေပဲတို့ကိုလည်း ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်၊ ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းလက်တွဲ ကူညီဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။ ယင်းနောက် အသင်းသားတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ရှေးနှစ်ပေါင်း များစွာက အသုံးပြုခဲ့သော လက်လုပ်ဝါကြိတ်စက်ကို ကြည့်ရှုလေ့လာခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် အသင်းသားတောင်သူ ဦးကျော်ခိုင်ဦးနှင့် ဦးထွန်းငွေတို့၏ မိုးကြိုဝါစိုက်ခင်း (၅) ဧက ခူးဆွတ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါဝါစိုက်ခင်း များတွင် RAKA-999 မျိုးကို ရယူစိုက်ပျိုးပြီး ဇွန်လမှ စက်တင်ဘာလအတွင်း (၁၁) ကြိမ်ခန့် ခူးဆွတ်သွားမည် ဖြစ်ရာ (၁) ဧကလျင် ပိဿာ (၈၀၀) ကျော် ထွက်ရှိနိုင်ကြောင်း သိရသည်။

          မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ၂၀၂၅-၂၆ စိုက်ပျိုးရာသီတွင် RAKA-666, RAKA-999, TBL-195 ဝါမျိုးများဖြင့် မိုးကြိုဝါ (၅၃၄) ဧက စိုက်ပျိုးခူးဆွတ်လျက်ရှိပြီး မိုးဝါ (၁၁၀၇) ဧက စိုက်ပျိုးထားပြီး ဖြစ်ပါသည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးသည် စဉ့်ကိုင်မြို့နယ်မျိုးစေ့ထုတ်သမဝါယမအသင်းမှ အမှု ဆောင်များ၊ အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားပြီး တောင်သူ ဦးထွေးထွေး၏ လယ်(၅)ဧကတွင် ဧရာပဒေသာစပါးမျိုးဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်း အား ကြည့်ရှုအားပေးခဲ့သည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် စဉ့်ကိုင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ထန်းသုံးပင် ခေတ်မီစံပြကျေးရွာ (Smart Village) သို့သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း (RBF) ဖြင့် ဆိတ်မွေးမြူရေး အစုအဖွဲ့ (၁) ဖွဲ့၊ နွားမွေးမြူရေးအစုအဖွဲ့ (၃) ဖွဲ့တို့မှ အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ စီမံကိန်းရည်ရွယ် ချက်နှင့်အညီ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အဆိုပါကျေးရွာတွင် ဖွင့်လှစ်ပေး ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း တက်ရောက်အောင်မြင်ခဲ့သော သင်တန်းသား သင်တန်းသူများ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံပြီး ယခုသင်တန်းမှ ကိုယ်ပိုင်လုပ်ငန်း ထူထောင်မည့် လုပ်ငန်းရှင်(၅)ဦး ပေါ်ထွက်လာမည်ဖြစ်ရာ အမှန်တကယ် မိသားစုဝင်ငွေတိုးအောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် မိမိတို့၏ သားသမီးများ ပညာရေး ကို အလေးထားပြုစုပျိုးထောင်ပေးရန် တိုက်တွန်းမှာကြားပြီး ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်