နေပြည်တော် ဇူလိုင် ၂၈
သမဝါယမဦးစီးဌာန၏ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ချေးငွေလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ရုံးအမှတ် ၁၆ ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီး/ ပြည်နယ်သမဝါယမဦးစီးမှူးများ၊ သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက သမဝါယမသည် ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် လုပ်ငန်းတူရာများ၊ ဆန္ဒတူသူများ၊ အမှန်တကယ်အလုပ် လုပ်သူများ၏ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကို တတ်ကျွမ်းသူများက ဦးဆောင်ကာ စည်းမျဉ်း၊ စည်းကမ်းများ ချမှတ်ပြီး သမဝါယမအသင်းများ ဖွဲ့စည်းကြီးကြပ်ပေးခြင်းများကို အလေးထား ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါကြောင်း။ ဖွဲ့စည်းပြီးအသင်းများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို အဓိကဆောင်ရွက်နေသည့်အတွက် အသင်းသားတောင်သူများ လိုအပ်သော မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစုပံ့ပိုးပေးနိုင်ရေး၊ ထွက်ရှိလာသည့်သီးနှံများကို ဈေးကွက်ခိုင်မာမှု ရရှိအောင် လုပ်ဆောင်ပေးခြင်းဖြင့် သီးနှံတွေအထွက်တိုးကာ ပြည်သူများ၏ စားရေရိက္ခာ လုံလောက် စွာ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါကြောင်း။
ထို့ကြောင့် ဝန်ထမ်းများအနေဖြင့် အသင်းများကို စနစ်တကျဖွဲ့စည်းပေးခြင်း၊ မျက်ခြေမပြတ် ကွင်းဆင်းကြီးကြပ်ခြင်း၊ မျိုးကောင်းမျိုးသန့်၊ သွင်းအားစုများကို အသင်းသားတစ်ဦးချင်းလက်ဝယ်သို့ ရောက်/ မရောက်စိစစ်ခြင်းနှင့် အမှန်တကယ်သုံးစွဲမှု ရှိ/မရှိတို့ကို အမြဲမပြတ် ကြီးကြပ်ဆောင်ရွက်ခြင်း၊ အသင်းသားတောင်သူများ၏ ထွက်ရှိလာသည့်သီးနှံများကို အသင်းအချင်းချင်း ချိတ်ဆက်ဝယ်ယူ ဖြန့်ဖြူးခြင်း၊ သက်ဆိုင်ရာကုမ္ပဏီများနှင့် ချိတ်ဆက်၍ ကာလပေါက်ဈေးဖြင့် ဝယ်ယူခြင်းတို့ကို ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးကြရမှာ ဖြစ်ကြောင်း။
အသင်းများအနေဖြင့်လည်း ကိုယ်ပိုင်ရင်းနှီးငွေများနှင့် တစ်ပိုင်တစ်နိုင် လုပ်ဆောင်ကြခြင်းဖြင့် အောင်မြင်မှုလမ်းစများ ရှိလာပါက နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေ၊ ပြည်ထောင်စု/တိုင်းဒေသကြီး၊ ပြည်နယ်ဘတ်ဂျက်တို့မှ ရရှိလာမည့် ရင်းနှီးထောက်ပံ့ငွေများနှင့် အသင်းများဖွံ့ဖြိုးအောင်၊ အသင်းသား တစ်ဦးချင်းစီ ဝင်ငွေတိုးအောင် ဆောင်ရွက်ကြရန်မှာ ကြားလိုပါကြောင်း။
သီးနှံများစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းများတွင် သွင်းအားစုများပံ့ပိုးပေးမှု၊ ထွက်ရှိလာသည့် သီးနှံများကို ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးမှုတို့ကို သတ်မှတ်ချက်နှင့်အညီ မဖြစ်မနေ ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။
၂၀၂၅-၂၆ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်းအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၃)ခုတွင် စိုက်ပျိုးဧက (၁၅၂၅၇၈.၃၉၆) ဧက စိုက်ပျိုးနိုင်ရေးလျာထားလျက် ရှိကြောင်း၊ (၁)ဧကလျှင် ငွေကျပ် ၂ သိန်း/ ၂.၅ သိန်း/ ၃သိန်းနှုန်းဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ သက်တံရောင်စီမံကိန်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဘတ်ဂျတ်၊ အသင်းပိုင်/ အသင်းအချင်းချင်းတို့မှ သွင်းအားစုပံ့ပိုးငွေ ၃၄၃၉၅.၁၄၆ ကျပ်သန်း ထောက်ပံ့ပေးနိုင်ရေး လျာထားဆောင်ရွက်လျက် ရှိကြောင်း။
ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းအနေဖြင့်လည်း နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး တို့တွင် မိုးကြိုဝါ၊ မိုးဝါ၊ မိုးနှောင်းဝါ စိုက်ပျိုးဧက (၉၀၀၀၀) စိုက်ပျိုးနိုင်ရေး လျာထားလျက်ရှိပြီး အတူတကွ စုပေါင်းထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခူးဆွတ်ခြင်း၊ ရောင်းချခြင်းတို့ကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူး များစွာရရှိနိုင်မည် ဖြစ်ကြောင်း။
သမဝါယမအသင်းများဖွဲ့စည်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို မျိုး၊ မြေ၊ ရေ၊ နည်း (၄) ချက်နှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ထိုမှတစ်ဆင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ဆောင်ရွက်၍ Value added များ ပြုလုပ်ကာ ဝင်ငွေပိုမိုရရှိအောင် ကြိုးစားကြဖို့ လိုအပ်ပါကြောင်း။
သမဝါယမစနစ်ဖြင့် စိုက်ပျိုးသော ဆီထွက်သီးနှံများမှ ထွက်ရှိလာသည့်ဆီများကို ဒေသတွင်း အပြင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ရောင်းချပေးနိုင်ရန် လိုကြောင်း၊ ထိုသို့ ဆောင်ရွက် နိုင်ရေး သမဝါယမအသင်းအဖွဲ့များ အချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မွေးမြူရေးကိုလည်း သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသန္တရမွေးမြူရေးကို စနစ်တကျ မွေးမြူနိုင်အောင် ဦးစားပေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ သမဝါယမအသင်းများအနေဖြင့် ဒေသနွားမွေးမြူရေးအပါအဝင် ဒေသနှင့်ကိုက်ညီသော ကြက်၊ ဝက်၊ ဘဲ၊ ငါး၊ ပုဇွန်များကို စနစ်တကျ မွေးမြူကြရမည် ဖြစ်ကြောင်း၊
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိသည့် သမဝါယမ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို သတ်မှတ်နည်းစနစ်များနှင့်အညီ အရှိန်အဟုန်မြင့် ကြိုးပမ်းဆောင်ရွက်ကြရန်၊ နွားမွေးမြူရေးလုပ်ငန်းအပါအဝင် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက လုပ်ငန်းဆောင် ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးတင်ပြခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးမှူးများက မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေ၊ မျိုးစေ့ချစက်ကိရိယာ ပံ့ပိုးမှုအခြေအနေ နှင့် လိုအပ်သောစိုက်ပျိုးစရိတ်၊ တင်ပြတောင်းခံမည့် အခြေအနေများနှင့် နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိသော စိုက်ပျိုးစရိတ်ထောက်ပံ့ငွေများနှင့်ပက်သတ်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အမြဲတမ်းအတွင်းဝန်တို့က လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ တက်ရောက်လာသော ဌာနအသီးသီးမှ ညွှန်ကြားရေးမျူးချုပ်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ထားသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်