နေပြည်တော် ဇူလိုင် ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်းနှင့်အတူ ယနေ့နေ့လည်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ မန်ကျည်းပင် ကျေးရွာနှင့် ညောင်ပင်သာကျေးရွာများသို့ သွားရောက်၍ တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ အစီအစဉ်အရ ပြန်လည်ထူထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ပါ လုပ်ငန်းများ စတင်အကောင်အထည်ဖော်နေမှုအား ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာနက မန်ကျည်းပင်ကျေးရွာအုပ်စု ဒေသခံတောင်သူများအား ဖွင့်လှစ်သင်ကြားပေးနေသည့် ရေကြီးနစ်မြှုပ်မှုကြောင့် သဲ၊ နုံန်း ဖုံးလွှမ်း သွားသည့်နေရာများမှ မြေနမူနာများ ဓာတ်ခွဲစစ်ဆေးတွေ့ရှိချက်အရ ၂၀၂၅-၂၆ ခုနှစ်တွင် သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်စေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ ပညာပေးသင်တန်းကို ကြည့်ရှု အားပေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် မန်ကျည်းပင်ကျေးရွာ စာကြည့်တိုက် တည်ဆောက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် တပ်ကုန်းမြို့နယ် မီးသတ်ဦးစီးဌာနက မန်ကျည်းပင်ကျေးရွာအုပ်စုမှ သင်တန်း သားများဖြင့် ဖွင့်လှစ်သင်ကြားနေသော အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးသင်တန်းကို ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့သည် ညောင်ပင်သာကျေးရွာသို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ တူးဖော်ပေးနေသော ၄ လက်မ စက်ရေတွင်း တူးဖော်ပေးနေမှုကိုလည်းကောင်း၊ ကုန်ထုတ်လမ်း (၁) မိုင် စတင်ဖောက်လုပ်နေမှုကို လည်းကောင်း ကြည့်စစ်ဆေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် နေပြည်တော်ကောင်စီဝင်တို့သည် ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသော မန်ကျည်းပင်ကျေးရွာအုပ်စု၊ ကျေးရွာများမှ ကျောင်းသားကျောင်းသူများ၊ ၎င်းတို့၏ မိဘများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ထက်မြတ်သော လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ် ထားသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များသို့ လည်းကောင်း၊ အမျိုးသားရေးစိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ်အခြေခံပြည့်ဝသော သမဝါယမစီးပွားရေးပညာတတ်များ ပေါ်ထွန်းလာစေရေး အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသည့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့လည်းကောင်း တက်ရောက်ပညာသင်ယူနိုင်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်