Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“ကမ္ဘာမြေ ငြိမ်းချမ်းဖို့ သမဝါယမများက ဝန်းရံစို့”


04 Jul,2026

ခန့်ဇော်(ကျေးလက်)

သမဝါယမဆိုတာဟာ မိမိတို့ရဲ့ စီးပွားရေး၊ လူမှုရေး သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာလိုအပ် ချက်များကို ဖြည့်ဆည်းနိုင်ရန် လူအများ ပူးပေါင်းတည်ထောင်ပြီး အဖွဲ့ဝင်များကိုယ်တိုင် စီမံ ခန့်ခွဲဆောင်ရွက်နိုင်သော၊ အမြတ်အစွန်းထက် အဖွဲ့ဝင်များ၏အကျိုးစီးပွားကို ဦးစားပေးသည့် စီးပွားရေး/ လူမှုရေးအဖွဲ့အစည်းများပဲဖြစ်ပါတယ်။ သမဝါယမဟာ လူမှုအသိုင်းအဝိုင်းအတွင်း ယုံကြည်မှုနဲ့ စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးနိုင်သလို မတူကွဲပြားသော လူအုပ်စုများ အကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ အစုအဖွဲ့စနစ်ဖြင့် စုပေါင်းဆောင်ရွက် ခြင်းမှသည် ညီညွတ်ခြင်း၊ ပေါင်းစုလုပ်ဆောင်ခြင်း၊ ညှိနှိုင်းဆုံးဖြတ်လုပ်ဆောင်ခြင်း စတဲ့အလေ့အထ ကောင်းများရရှိစေတာကြောင့် ငြိမ်းချမ်းရေး၊ လူမှုတရားမျှတမှုနဲ့ စီးပွားရေးတည်ငြိမ်မှုတို့ကိုပါ အထောက်အကူပြုစေပြီး ဒေသခံအသိုင်းအဝိုင်းများရဲ့ ခံနိုင်ရည်စွမ်းအားကောင်းသော ဖွံ့ဖြိုး တိုးတက်မှုကို ဖြစ်စေပါတယ်။

ထို့ကြောင့် ကမ္ဘာတစ်ဝန်းတွင် သမဝါယမလုပ်ငန်းများရဲ့အရေးပါမှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ နှစ်စဉ် ဇူလိုင်လရဲ့ ပထမဆုံးသော စနေနေ့ကို အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အဖြစ် သတ်မှတ်ကျင်းပလျက်ရှိပါတယ်။ ၂၀၂၆ ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ဟာ ဇူလိုင်လ ၄ ရက်နေ့မှာ ကျရောက်ပြီး (၁၀၄)နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ယခုနှစ်ရဲ့ အပြည်ပြည် ဆိုင်ရာသမဝါယမနေ့ ဆောင်ပုဒ်ကတော့ “ကမ္ဘာမြေ ငြိမ်းချမ်းဖို့ သမဝါယမများက ဝန်းရံစို့” (Cooperatives for a peaceful world) ဖြစ်ပြီး ငြိမ်းချမ်းသောလူ့အဖွဲ့အစည်း အသိုက်အဝန်း များဖော်ဆောင်နိုင်ရေးတွင် သမဝါယမလုပ်ငန်းများရဲ့အထောက်အကူပြုနိုင်မှုကို အလေးပေး ဖော်ပြ ထားရှိခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံ့စားနပ်ရိက္ခာဖူလုံရေးနှင့် ပို့ကုန်ဝင်ငွေ တိုးမြှင့်ရရှိစေရေးမှာ စိုက်ပျိုးရေးလုပ်ငန်းဟာ အဓိကကျပြီး တောင်သူတွေဟာ ဒီကဏ္ဍရဲ့အခြေခံအကျဆုံး ကြိုးပမ်းအားထုတ်ပေးနေသူများဖြစ်ပါတယ်။ တောင်သူတစ်ဦးချင်းစီ အတွက် ငွေကြေး၊ အရင်းအနှီး၊ ခေတ်မီနည်းပညာ၊ အရည်အသွေးပြည့်မီသော မျိုးစေ့နှင့် သွင်းအားစု များကို အချိန်မီရရှိရေးဟာ အဓိကကျပြီး ဦးစားပေးဖြစ်ပါတယ်။ တစ်ဦးချင်းအဆင့်မှာ လက်လှမ်း မီနိုင်မှု အကန့်အသတ်များရှိတာကြောင့် သမဝါယမအစုအဖွဲ့စနစ်ကဲ့သို့သော စုပေါင်းဆောင်ရွက်မှု များဖြင့်သာ ထိရောက်စွာ ဖြေရှင်းကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

          မြန်မာနိုင်ငံသည် ထမင်းကို အဓိကစားသောနိုင်ငံဖြစ်ပြီး ဆန်စပါးကို အဓိက စိုက်ပျိုးသော နိုင်ငံဖြစ်သဖြင့် စပါးကို ကျေးလက်နေတောင်သူများက စိုက်ပျိုးကြခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် တောင်သူဦးကြီးများဟာ တိုင်းပြည်ရဲ့ကျေးဇူးရှင်များဖြစ်ပြီး တောင်သူများ စားဝတ်နေရေး ပြေလည် အဆင်ပြေမှ၊ စိုက်ပျိုးနိုင်မှ နိုင်ငံသားအားလုံး စားဝတ်နေရေးအဆင်ပြေမှာဖြစ်တဲ့အပြင် နိုင်ငံ့ စီးပွားရေးလည်း အဆင်ပြေမှာဖြစ်ပါတယ်။

ကုန်ထုတ်လုပ်မှုစွမ်းအားဖြင့် ဈေးကွက်တည်ငြိမ်မှု

တောင်သူများ အဆင်ပြေပြီး ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးလုပ်ငန်းဖြစ်စေဖို့ ကုန်ထုတ် လုပ်မှုစွမ်းအားကို မြှင့်တင်ရန် မရှိမဖြစ်လိုအပ်ပါတယ်။ ထုတ်လုပ်မှုစရိတ် သက်သာဖို့/ လျော့ချ နိုင်ဖို့၊ ဈေးနှုန်းတည်ငြိမ်ဖို့နဲ့ ပန်းတိုင်အထွက်နှုန်း ရရှိဖို့ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ပန်းတိုင် အထွက်နှုန်း ပြည့်မီမှ ကုန်ထုတ်လုပ်မှုစွမ်းအား တိုးမြင့်လာမှာဖြစ်ပြီး ကုန်ထုတ်လုပ်မှု တိုးမြင့် လာစေဖို့ နည်းပညာနဲ့ ငွေကြေးအရင်းအနှီး ပံ့ပိုးပေးမှုတွေလိုအပ် မှာဖြစ်ပါတယ်။ နည်းပညာတွေ စဉ်ဆက်မပြတ်ပေးနိုင်အောင်၊ စက်ယန္တရားတွေ လုံလုံလောက်လောက်သုံးလာနိုင်အောင် လုပ်ပေး ရမှာဖြစ်ပါတယ်။ တစ်ဦးချင်းစီ ဆောင်ရွက်ခြင်းထက် သမဝါယမစနစ် နဲ့ စုပေါင်းလုပ်ဆောင်မှသာ လွယ်ကူမြန်ဆန်ထိရောက်မှာဖြစ်ပါတယ်။

သမဝါယမစနစ်နဲ့ အစုအဖွဲ့စနစ်ရဲ့ အရေးပါမှု

          သမဝါယမစနစ်ဆိုတာကတော့ ရှေ့မှာပြောခဲ့သလိုပဲ လူအများရဲ့အကျိုးစီးပွားကို စိတ်တူ ကိုယ်တူ ပူးပေါင်းလုပ်ဆောင်ပြီး တိုးတက်အောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ တကယ့်လုံးလုံး လျားလျား Business ကြီးတစ်ခုအနေနဲ့ စီးပွားရေးဆန်ဆန်မဟုတ်ဘဲ အများအတွက်ရှေ့ရှုပြီး Social Economic ဆောင်ရွက်တာမျိုးဖြစ်ပါတယ်။ အများအတွက် စုပေါင်းလုပ်ကိုင်ရာမှတစ်ဆင့် ထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာစေပြီး အကျိုးအမြတ်ရအောင် လုပ်ကိုင်တဲ့ပုံစံဖြစ်ပါတယ်။ အစုအဖွဲ့စနစ်ကလည်း တောင်သူများ၊ စိုက်ပျိုးရေးသမားများ၊ မွေးမြူရေးသမားများ၊ အသေးစား လုပ်ငန်းရှင်များ ပူးပေါင်းပြီးတော့ ထုတ်လုပ်မှုကဏ္ဍမှတစ်ဆင့် ဈေးကွက်၊ ငွေကြေးကဏ္ဍတွေ ရောက်တဲ့အထိ ပူးပေါင်းစီမံဆောင်ရွက်ကြခြင်းမျိုးဖြစ်ပါတယ်။

မြန်ဆန်သိသာတဲ့အကျိုးရရှိမှုကတော့ စရိတ်တွေ လျှော့ချနိုင်တာဖြစ်ပါတယ်။ ဥပမာ− တစ်ယောက်စာအတွက်သီးသန့်ကို ဆန် (၁)ဘူးချက်ရပေမဲ့ မိသားစု (၅) ယောက်စာ ပေါင်းချက် တဲ့အခါ ဆန် (၄)ဘူး(သို့မဟုတ်) (၃)ဘူးခန့်နဲ့ လုံလောက်သလိုမျိုးပါပဲဟု ပြည်ထောင်စုဝန်ကြီးက တောင်သူများကို နားလည်လွယ်အောင် ရှင်းပြလေ့ရှိပါတယ်။  အလေအလွင့်နည်းပြီး အချိန်ကုန် သက်သာစေပါတယ်။ ဒါ့ကြောင့် စုပေါင်းလုပ်ဆောင်ရင် ကုန်ကျစရိတ် လျှော့ချနိုင်မယ်၊ ဈေးကွက်ကို တိုးချဲ့ချိတ်ဆက်နိုင်မယ်၊ နည်းပညာတွေလည်း အစုအဖွဲ့နဲ့မျှဝေနိုင်မယ်။ အစိုးရဌာနတွေ၊ နည်းပညာ မျှဝေပေးတဲ့သူတွေအနေနဲ့လည်း အစုအဖွဲ့တွေရှိတဲ့နေရာမှာ မျှဝေပေးမှသာ ကုန်ကျစရိတ်လည်း သက်သာပြီး ထိရောက်မှုပိုရှိမှာဖြစ်ပါတယ်။

          မျိုးနဲ့ သွင်းအားစုဓာတ်မြေဩဇာတွေကို ဝယ်ယူတဲ့အခါ အသင်းတွေကနေတဆင့် ချိတ် ဆက်ပြီးတော့ သတ်မှတ်နေရာတွေကို  စုပေါင်းပို့ဆောင်ပေးပြီး အဲ့ဒီကနေတဆင့် ခွဲဝေယူကြမယ်။ မျိုးစေ့တွေ၊ ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဈေးတွေ၊ စက်သုံးဆီတွေကို စုပေါင်း ဝယ်ယူတဲ့အတွက် သယ်ယူစရိတ်တွေ လျော့ချလာနိုင်မယ်၊ တစ်ဦးချင်းဝယ်ရင် ဈေးကြီးပြီး အစုအဖွဲ့နဲ့ ဝယ်တဲ့အခါ လက်ကားဝယ်ယူနိုင်တဲ့အတွက် ဈေးနှုန်းပိုမို သက်သာသွားပါမယ်။ ဒါ့ကြောင့် အစုအဖွဲ့နဲ့ လုပ်တဲ့ အခါမှာ နိုင်ငံတော်ကမျှဝေပေးတဲ့ နည်းပညာတွေကို ပိုမိုရရှိနိုင်မယ်၊ ဈေးကွက်တည်ငြိမ်မှု ရှိ လာပြီး နည်းပညာ မျှဝေခြင်းကိစ္စတွေမှာ ပိုမိုအဆင်ပြေလာမယ်၊ ငွေကြေး အထောက်အပံ့ရရှိမှု တွေမှာ ပိုမိုလွယ်ကူ အဆင်ပြေလာပါမယ်။

စုပေါင်းစက်ယန္တရား အသုံးပြုမှု

          တောင်သူတွေအနေနဲ့ တစ်ဦးတစ်ယောက်ချင်းစီက ပိုင်ဆိုင်တဲ့ လယ် (၂) ဧကခန့်ကို စက်ငှားပြီး ထွန်ယက်ရမယ်ဆိုရင် အဲဒီထွန်စက်တွေ၊ ရိတ်သိမ်းခြေွလှေ့စက်တွေ မိမိလယ်ထဲသို့ ရောက်ရှိအသုံးပြုနိုင်ဖို့ သယ်ယူစရိတ် စက်ငှားခတွေ အများကြီးကျသင့်ပါလိမ့်မယ်။ အဲ့ဒီအတွက် ကြောင့် တစ်ဦးထဲကမဟုတ်ပဲ အနီးအနားမှာရှိတဲ့ တစ်ဆက်တစ်စပ်တည်း လယ်ယာတွေက စိုက်ပျိုးချိန် ရိတ်သိမ်းချိန်တူညီမယ်ဆိုရင် စက်တွေရောက်ရှိတဲ့အချိန်မှာ တစ်ပြိုင်နက်တည်း ထွန်မယ်၊ ရိတ် သိမ်းနိုင်မယ်ဆိုရင် သယ်ယူစရိတ် (Logistic Cost) တွေ သက်သာပါလိမ့်မယ်။

          စက်ကိရိယာ ပိုင်ဆိုင်ဖို့အတွက်မှာလည်း ဈေးနှုန်းကြီးမြင့်တာကြောင့် တစ်ဦးချင်း ပိုင်ဆိုင် ကြဖို့ ခက်ခဲပါတယ်။ တစ်ဦးချင်းမဝယ်နိုင်ပေမဲ့ အသင်းမှာပါဝင်တဲ့ လူ (၁၀)ဦး/ (၂၀)ဦးက ပိုင်ဆိုင်တဲ့လယ်ဧက (၁၀၀)အတွက် လိုအပ်တဲ့စက်တွေကို အစုအဖွဲ့အလိုက်စုစည်းပြီး ဝယ်မယ် ဆိုရင် ဝယ်နိုင်မှာဖြစ်ပါတယ်။ စုပေါင်းဝယ်ယူမယ်၊ ထိန်းသိမ်းမယ်၊ ပြင်ဖို့ထိန်းဖို့ တာဝန်ပေးတဲ့ အခါမှာ တကယ်တတ်ကျွမ်းပြီးလုပ်နိုင်တဲ့သူကို ရွေးချယ်တာဝန်ပေးမယ်ဆိုလို့ရှိရင် ကုန်ကျစရိတ် သက်သာအောင် လုပ်နိုင်ပါလိမ့်မယ်။ သမအသင်းအဖွဲ့ပိုင်၊ အစုအဖွဲ့ပိုင်ယန္တရားများ ထားရှိနိုင်ပြီး ကျေးရွာမှာ စုပေါင်းစက်ယန္တရားစင်တာတွေ ထူထောင်နိုင်တာတွေ လုပ်လာနိုင်မယ်ဆိုရင် ကုန် ထုတ်လုပ်မှုတွေ တိုးတက်လာပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေ မြန်ဆန်လာမှာဖြစ်ပါတယ်။ အလုပ် သမားငှားရမ်းခကုန်ကျစရိတ်လည်းလျော့ချလာနိုင်ပြီး စက်သုံးဆီစရိတ်တွေလည်း သက်သာလာ မှာဖြစ်ပါတယ်။

သီးနှံဈေးကွက်နဲ့ တန်ဖိုးမြှင့်ထုတ်လုပ်မှု

          လက်ရှိမှာ တောင်သူများဟာ စိုက်ပျိုးသီးနှံတွေကို ကုန်ကြမ်းအနေနဲ့သာ ထုတ်လုပ်ရောင်း

 ချနိုင်ပြီး ကုန်ကြမ်းကိုလည်း သိုလှောင်နိုင်မှုမရှိတာ တွေ့ရပါတယ်။ တောင်သူတွေအနေနဲ့ တစ်ဦး တစ်ယောက်ထဲဆိုရင် သိုလှောင်ရုံတွေ၊ အအေးခန်းတွေ၊ အခြောက်ခံစက်တွေလုပ်နိုင်ဖို့ ခက်ခဲ မှာဖြစ်သလို ထုတ်လုပ်မှုမှာ တန်ဖိုးမြှင့်ထုတ်ကုန် Value Addedကို သွားနိုင်ဖို့ ခက်ပါလိမ့်မည်။

          အဲ့လိုအနေအထားမှာ သိုလှောင်ရုံအကြီးစားတွေမဟုတ်ဘဲ အစုအဖွဲ့စနစ်နဲ့ သီးနှံသိုလှောင် ရုံလေးတွေ၊ လျှပ်စစ်မီးရတဲ့နေရာတွေမှာ အအေးခန်း၊ အခြောက်ခံစက်တွေ လုပ်ပေးတာမျိုးကို သမစနစ်အနေနဲ့ စုပေါင်းပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ ဥပမာဆိုရင် ဆန်စက် လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး စပါးကို သိုလှောင်ရုံတွေမှာ ဘယ်လိုထားမလဲ၊ သိုလှောင်ခတွေ ဘယ်လို ပေးမလဲ၊ စပါးဈေးအတက်အကျပေါ်မူတည်ပြီး သိုလှောင်သိမ်းဆည်း ရောင်းချတာတွေ ဘယ်လိုလုပ်မလဲဆိုတာမျိုး ပေါင်းစပ်စီစဉ်လို့ရသွားပါမယ်။ ဆီထွက်သီးနှံဆိုလည်း အလားတူပဲ ဆောင်ရွက်လို့ရပါမယ်။ သစ်သီးတွေကို အခြောက်ခံပြီး အသီးခြောက်အနေနဲ့ Value Added အဖြစ် ထုတ်လုပ်ဖြန့်ဖြူးတာတွေကို သမဝါယမစနစ်၊ အစုအဖွဲ့စနစ်နဲ့ လုပ်နိုင်လာပါမယ်။

          ဌာနဆိုင်ရာတွေအနေနဲ့က Value Addedဖြစ်ဖို့ နည်းပညာသင်ကြားပေးတာ၊ ဈေးကွက် ချိတ်ဆက်တာတွေ ဆောင်ရွက်ပေးလို့ရပါတယ်။ တိုက်ရိုက်ဝယ်ယူလိုတဲ့အခါ သက်ဆိုင်ရာ အစိုးရ ဌာနအဖွဲ့တွေနဲ့ ချိတ်ဆက်ပေးတာ၊ Supplierတွေနဲ့ ချိတ်ဆက်ပေးတာ၊ ထုတ်ကုန်တွေအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွေမှာ သတ်မှတ်ထားတဲ့ မှတ်ပုံတင် Register လုပ် ပေးတာတွေ လုပ်ပေးပါမယ်။ ထုတ်ကုန်တွေရဲ့အမှတ်တံဆိပ်တွေနဲ့ ထုတ်ပိုးမှုဒီဇိုင်းတွေ ဖန်တီး လုပ်ကိုင်ပေးမယ်ဆိုရင် အစုအဖွဲ့တွေအနေနဲ့ ဈေးကွက်ဝင်ရောက်ရှိနိုင်လာမှာ ဖြစ်ပါတယ်။

ငွေကြေးအရင်းအနှီးနှင့် သမဝါယမဘဏ္ဍာရေးစနစ်

          ပြင်ပမှာ တောင်သူတွေက တစ်ဦးချင်း ချေးငွေရယူရတဲ့အခါ အတိုးနှုန်းမြင့်မားတာကို ကြုံ တွေ့ရမှာ ဖြစ်ပါတယ်။ အတိုးနှုန်းများနေတဲ့အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်လည်း မြင့်မား နေဦးမှာဖြစ်ပါတယ်။ ကျေးရွာတွေမှာ ငွေကြေးအရင်းအနှီးစနစ်တွေလိုအပ်နေပါတယ်။ ဒါကိုတော့ နိုင်ငံတော်အစိုးရအနေနဲ့ တော်တော်များများ လုပ်ပေးနိုင်ထားနိုင်ပါတယ်။ နိုင်ငံတော်က နိုင်ငံ့ စီးပွားမြင့်မားရေးစီမံချက်နဲ့ အတိုးနှုန်းသက်သာစွာဖြင့် သီးနှံပေါ်ပေးစနစ် ဆောင်ရွက်ပေးနေ ပါတယ်။ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်ကနေ သက်သာတဲ့အတိုးနှုန်းနဲ့ ချေးပေးပါတယ်။ သမ အသင်းတွေကနေ သမဝါယမချေးငွေ ပေးတာရှိပါတယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနကနေ မြစိမ်းရောင်လည်ပတ်ရန်ပုံငွေထူထောင်ပေးတာရှိပါတယ်၊ အတိုးနှုန်း အလွန်သက်သာပြီး ငါးမူးကနေ တစ်ကျပ်ခွဲအတွင်းပဲ ရှိပါတယ်။

          အလားတူပဲ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း Rural Business Fund Projectကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် ပေးနေပါတယ်။ အစုအဖွဲ့စနစ်နဲ့ ဆောင်ရွက်ရတာ ဖြစ်ပြီး အစုအဖွဲ့က (၂၅%)၊ နိုင်ငံတော်အနေနဲ့ RBF စီမံကိန်းရန်ပုံငွေ (၇၅%) ပူးပေါင်းထည့်ဝင်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ စုပေါင်း လုပ်ကိုင်ကြတာဖြစ်လို့ သမဝါယမစနစ် စစ်စစ်ဖြစ်ပါတယ်။ သမဝါယမဦးစီးဌာနအနေနဲ့ သက်တန့် ရောင်စီမံကိန်းဖြင့် မတည်ရန်ပုံငွေထူထောင်ပေးပြီး စိုက်ပျိုးရေးအစုအဖွဲ့၊ မွေးမြူရေးအစုအဖွဲ့များ ထူထောင်ကာ စနစ်ကျသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။

 

နည်းပညာနဲ့ အသိပညာဖြန့်ဝေမှု၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု

          ကုန်ထုတ်လုပ်မှုတိုးမြင့်စေဖို့ နည်းပညာကဏ္ဍကလည်း အရေးကြီးပါတယ်။ တစ်ဦးချင်းကို ပညာပေး၍ မထိရောက်နိုင်လို့ သမဝါယမအသင်းများ၊ အစုအဖွဲ့များကို စုပေါင်းပညာပေးတာက ပိုထိရောက်စေပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာအသုံးချ၍ ဖုန်းကနေတဆင့် စိုက်ပျိုးမွေးမြူရေး အသိပညာ ဖြန့်ဝေပေးတာ၊ သီးနှံတွေ စိုက်ပျိုးထုတ်လုပ်ပြီးချိန်မှာ ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံး ရတာတွေ၊ ထုတ်လုပ်မှုလျော့ကျတာတွေမဖြစ်ရလေအောင် အရေးကြီးတဲ့ရာသီဥတုအခြေအနေကို တာဝန်ရှိတဲ့အစိုးရဌာနဆိုင်ရာတွေအနေနဲ့ ကြိုတင်အသိပေးတာ၊ သမအစုအဖွဲ့ ခေါင်းဆောင်တွေ၊ ကျေးရွာခေါင်းဆောင်တွေကနေတစ်ဆင့် viberတွေ၊ Applicationတွေမှာ ကွန်ယက်ချိတ်ဆက် ထားပြီး ကြိုတင်သတိပေးတာတွေ၊ အရေးကြီးတဲ့ဈေးကွက် သတင်းမျှဝေပေးခြင်းတွေ တိုးချဲ့ ဆောင်ရွက်ကြရပါမယ်။ ပြည်သူတွေကလည်း အမြဲနားစွင့်ထားဖို့ လိုအပ်ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေနဲ့လည်း သီးနှံမျိုး၊ သွင်းအားစုတွေရောင်းတဲ့အခါမှာ ဒီအတိုင်းရောင်းတာမျိုး မဟုတ်ဘဲ နည်းပညာတွေ ပူးပေါင်းဖြန့်ဝေပေးတာ လုပ်ရမှာဖြစ်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက် တာဟာ သမဝါယမစနစ်ပဲဖြစ်ပါတယ်။

အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု      

          အစုအဖွဲ့ရဲ့ သဘောတရားဆိုတာ အိမ်တွေမှာ မိသားစုတွေ စုပေါင်းနေထိုင် ဆောင်ရွက် ကြတာ၊ ရုံးတွေမှာ ဌာနတွေပေါင်းပြီး ဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက်ကြတာတွေ၊ ဝန်ကြီး ဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်တာ၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေနဲ့ ပြည်ထောင်စုက ဝန်ကြီးဌာနတွေ ပူးပေါင်းညှိနှိုင်းဆောင်ရွက်တာတွေ စတာတွေဟာ သမဝါယမစနစ်ပါပဲ။ ပူးပေါင်း ဆောင်ရွက်တာဟာ အစုအဖွဲ့စနစ်လို့ ပြောလို့ရပါတယ်။ ဒါ့ကြောင့် အစိုးရအဖွဲ့တွေနဲ့ ပုဂ္ဂလိက အဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအား၊ စုပေါင်းဆောင်ရွက်မှုကိစ္စတွေကိုလည်း သမဝါယမစနစ်လို့ ယူဆလို့ရပါတယ်။

          သမဝါယမစနစ်အောင်မြင်ဖို့အတွက် အစိုးရအဖွဲ့အနေနဲ့ လုပ်နိုင်ကိုင်နိုင်ရှိတဲ့၊ လုပ်သာ ကိုင်သာရှိတဲ့ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်ရေး မူဝါဒတွေ လုပ်ပေးနေပါတယ်။ ဘာတွေ တိုးချဲ့ပြီး လုပ်ရမလဲဆိုတာကိုလည်း စဉ်ဆက်မပြတ် သုံးသပ်ပြီး လုပ်နေကြပါတယ်။ ယခုဆိုရင် ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့အစိုးရဖြစ်တာမို့ ပြည်သူအတွက် ဘာတွေလုပ်ပေးနိုင်မလဲ

ဆိုတာကို နေ့စဉ်နှင့်အမျှ ဆွေးနွေးတိုင်ပင်နေတယ်ဆိုတာကိုလည်း ကြားသိရမှာဖြစ်ပါတယ်။

          ထို့ပြင် အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေမှာ ပူးပေါင်း ပါဝင်လုပ်ဆောင်ချင်လာအောင် ဖန်တီးပေးလျက်ရှိသလို လုပ်ငန်းရှင်တွေကလည်း နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ တောင်သူတွေကို ပြန်ကြည့်ပေးဖို့လိုပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးဖို့ တတ်နိုင်တဲ့ဘက်က ပါဝင် လုပ်ဆောင်မယ်ဆိုတဲ့စိတ်နဲ့ ဆောင်ရွက်ပေးစေလိုပါတယ်။ အလားတူ လွှတ်တော်ကိုယ်စားလှယ် တွေ ဒေသတွင်းကွင်းဆင်းတဲ့အချိန်တွေမှာ ကျေးလက်ပြည်သူအကျိုး၊ ကျေးလက်ပြည်သူတွေ ရဲ့စီးပွားရေးအတွက် ဌာနဆိုင်ရာတွေပူးပေါင်းပြီး ဆွေးနွေးလုပ်ဆောင် နေတာဟာ “ကျွဲကူးရေပါ” ထိရောက်စေပါတယ်။

          အစုအဖွဲ့တွေအနေနဲ့ ဈေးကွက်ချိတ်ဆက်မှုတွေမှာ မြို့နယ်အလွန်၊ တိုင်းအလွန်၊ ပြည်ပ တင်ပို့ရောင်းချမှုတွေ မဆောင်ရွက်နိုင်သေးတာဖြစ်လို့ ပုဂ္ဂလိကတွေအနေနဲ့ အစုအဖွဲ့တွေ၊ အစိုးရ ဌာနတွေနဲ့ပူးပေါင်းပြီး ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်။

          ပြည်သူတွေအနေနဲ့ကလည်း ချေးငွေတွေ ရယူပြီးရင် အကြေပေးဆပ်ဖို့ လိုပါတယ်။ မဆပ် တာကို ခွင့်ပြုပေးလို့မရတာမို့ ဌာနတွေအနေနဲ့ကလည်း အကုန်ကောက်ရမှာဖြစ်ပြီး ထပ်မံချေး ပေးဖို့ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အထွက်နှုန်းတိုးလာဖို့ ကိုယ်တိုင်လုပ်မှရပါမယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ကြရင် ပြောင်းလဲတိုးတက်မှာမဟုတ် ပါဘူး။ အများအတွက်စဉ်းစားပြီး စုပေါင်းလုပ်တဲ့ အလေ့အကျင့်ကို မွေးမြူကျင့်သုံးကြရပါမယ်။

ရှေ့ဆက်လက်ဆောင်ရွက်ကြမည်

          အနာဂတ်မှာ သမဝါယမစနစ်ကျေးလက်စီးပွားဖွံ့ဖြိုးရေးကို အောင်မြင်အောင် အကောင် အထည်ဖော်နိုင်ဖို့ ဆိုရင်ဖြင့်-

(က)    သမဝါယမစနစ်၊ အစုအဖွဲ့စနစ်ကို တောင်သူများရဲ့ ယုံကြည်မှုတည်ဆောက်ရန် အတွက် အဖွဲ့အစည်းများ၏စွမ်းဆောင်ရည်နှင့် ကောင်းမွန်တဲ့စီမံခန့်ခွဲမှုစနစ်ဖြင့် ဆောင်ရွက်ခြင်း၊

( ခ )   ဈေးကွက်သေချာစေရန် အစိုးရ-ပုဂ္ဂလိက-တောင်သူ အစုအဖွဲ့ပုံစံ၊ သမဝါယမ စနစ်ပုံစံဖြင့် Win-Win-Winဖြစ်စေသည့်Modelဖော်ထုတ်၍ ပူးပေါင်းဆောင်ရွက်ခြင်း၊

( ဂ )   ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းဝန်ဆောင်မှုများကို သမဝါယစနစ်၊ အစု အဖွဲ့စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်ခြင်း၊

 (ဃ)   သမဝါယစနစ်၊ အစုအဖွဲ့စနစ်ဖြင့် မျိုးနဲ့ သွင်းအားစုများကို အရည်အသွေးမီ၊ ဈေး

          နှုန်းမှန်ဖြင့် အချိန်မီ ရရှိစေရေး ဆောင်ရွက်နိုင်ပါမည်၊

( င )   စိုက်ပျိုး မွေးမြူရေး၊ ကုန်ထုတ်လုပ်မှု၊ ဒေသထွက်ကုန်တန်ဖိုးမြှင့်ခြင်းValue Added စနစ်လုပ်ဆောင်ဖို့၊ MSMEs ဖွံ့ဖြိုးဖို့၊ ဒစ်ဂျစ်တယ် ဈေးကွက်စနစ်တွေ ဖော်ဆောင်ဖို့ တွေကို သမဝါယစနစ်၊ အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ပါမည်၊ စုပေါင်းထုတ်လုပ် ခြင်းကြောင့် ငွေကြေးစနစ်တည်ငြိမ်စေပြီး ဝင်ငွေတိုးပွားလာစေခြင်းဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာစေမှာ ဖြစ်ပါတယ်။

ဤနည်းအားဖြင့် တစ်ဦးတည်း အောင်မြင်မှုထက် အစုအဖွဲ့ဖြင့် အောင်မြင်မှုကို ဦးတည်ပြီး

သမဝါယမစနစ်ကို အခြေပြုတဲ့ ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဤသည်မှာ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍများအတွက်သာမဟုတ်ဘဲ ကဏ္ဍ တိုင်း၊ လုပ်ငန်းရပ်တိုင်းတွင် ကျင့်သုံးဆောင်ရွက်သင့်တဲ့အခြေခံမူတစ်ရပ်လည်း ဖြစ်ပါတယ်။ MSME လုပ်ငန်းများကို ပုဂ္ဂလိကနှင့်သမဝါယမပုံစံများဖြင့် အရှိန်မြှင့်တင်ဆောင်ရွက်သွားဖို့လည်း နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားထားရှိပါတယ်။

စုပေါင်းလုပ်ကိုင်တတ်တဲ့အလေ့အကျင့်ကို တစ်ဦးချင်းမှစတင်ကာ တစ်စုတစ်ဖွဲ့၊ ထို့နောက် အစုအဖွဲ့ပေါင်းများစွာအဖြစ် ဆင့်ကဲဖြန့်ကျက်သွားပြီး ကျေးရွာ၊ ရပ်ကွက်၊ မြို့ပြ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ နိုင်ငံအဆင့်မှသည် ကမ္ဘာတစ်ဝန်းသို့ သမဝါယမအသင်းများ ပြန့်ပွား လုပ်ဆောင်လာနိုင်စေခြင်းဖြင့် လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှု၊ ညီညွတ်မှုနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သည့် ယဉ်ကျေးမှုတစ်ရပ်ပေါ်ပေါက်လာစေကာ ငြိမ်းချမ်းသောလူ့အဖွဲ့အစည်း အသိုက်အဝန်းများကို ဖော်ဆောင်လာနိုင်မည်ဖြစ်၍ သမဝါယမစနစ်သည် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေး အတွက်သာမက ရေရှည်တည်တံ့သောငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင်လည်း အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၄ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။  ။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်