Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မိတ္ထီလာခရိုင်အတွင်းရှိ ဝါစိုက်သမဝါယမအသင်းသား တောင်သူများနှင့်တွေ့ဆုံဆွေးနွေး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု


07 Sep,2026

နေပြည်တော်  စက်တင်ဘာ ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မိတ္ထီလာခရိုင်အတွင်းရှိ သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  မိတ္ထီလာမြို့နယ်၊ ကျောင်းရာကန်ကျေးရွာရှိ ကျေးရွာယာယီရှင်းလင်းဆောင်၌ တက်သစ်စစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား တောင်သူများနှင့်တွေ့ဆုံရာ သက်ဆိုင်ရာ တာဝန်ရှိသူများက မိတ္ထီလာမြို့နယ်အတွင်း သမဝါယမ ကဏ္ဍမှ ဝါစိုက်ပျိုးနေမှု အခြေအနေများ၊ မျိုးနှင့် သွင်းအားစုများ ထောက်ပံ့ပေးနေမှု အခြေအနေ များကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့တော် အစိုးရအနေဖြင့် ဝါစိုက်ပျိုးရေးကဏ္ဍမှ စတင်၍ အထည်အလိပ်စက်မှုလုပ်ငန်းအထိ ဖွံ့ဖြိုး တိုးတက် ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဝါစိုက်တောင်သူများ အနေဖြင့် သမဝါယစနစ်ဖြင့် စနစ်တကျစိုက်ပျိုးမှုမှ ထွက်ရှိလာသော ဝါထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်သော MSME လုပ်ငန်းရှင်များနှင့် ချိတ်ဆက် ရောင်းချနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝါများစိုက်ပျိုးရာ တွင်လည်း တစ်ကွင်း တစ်ဆက် တည်းရှိသော စိုက်ခင်းများတွင် သမဝါယမစနစ်ဖြင့် စနစ်တကျ စုပေါင်းစိုက်ပျိုးဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့် ဆည်းဆောင်ရွက်ပေးပြီးနောက် အသင်းသားတောင်သူများ၏ မိုးဝါစိုက်ပျိုးဖြစ်ထွန်းနေမှုများကို ကွင်းဆင်းကြည့်ရှုပါသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ (၁၀) ရွာရှိ အိမ်ခြေ ၁၃၂၆ အိမ်၊ လူဦးရေ ၇၄၀၀ ကျော်နှင့် စိုက်ပျိုးမြေဧက ၃၅၀ ကျော်တို့ကို တိုက်ရိုက်အကျိုးပြုပေးနိုင်မည့် မိတ္ထီလာ- မန္တလေးကားလမ်းမကြီးမှ ရိုးကန်၊ ကန်သာလမ်းကျေးရွာ ဆက်သွယ်သောလမ်းအား ကတ္တရာလမ်း လမ်းအကျယ်တိုးချဲ့ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုရာ တိုင်းဒေသကြီးကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြမှုအပေါ်  ပြည်ထောင်စုဝန်ကြီးက ကျေးရွာချင်းဆက်လမ်းများသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကုန်ထုတ် လုပ်မှုကို များစွာအထောက်အကူပြုခြင်းကြောင့် ကျေးလက်လမ်းတံတား လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်မြို့နယ်၊ ကမ္ဘာမြင့်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်းခြင်းစီမံကိန်း(RBF)ဖြင့်ဆောင်ရွက်သော နို့စားနွား မွေးမြူရေးလုပ်ငန်းနှင့် နို့ခဲထုတ်လုပ်နေမှုအား ကြည့်ရှုရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူများက ကမ္ဘားမြင့်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာ ခရိုင်အတွင်း စနစ်ကျသော နို့စားနွားမွေးမြူရေးလုပ်ငန်းကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အစုအဖွဲ့စနစ်ဖြင့် မျိုးကောင်းမျိုးသန့် ရရှိရေး ပံ့ပိုးဆောင်ရွက်နေသလို ကျေးလက်ပြည်သူ အစုအဖွဲ့ များကလည်း ပူးပေါင်းထည့်ဝင် ဆောင်ရွက်နေတာကို တွေ့ရတာဝမ်းသာပါကြောင်း၊ ဦးဆောင်သူ များအနေဖြင့် နို့ထွက်နှုန်းကောင်းအောင် သတ်မှတ်အာဟာရ ဖြည့်စွက်စာများလည်း ကျွေးရန် လိုအပ်ကြောင်း၊ Value  Added အဖြစ် ဒိန်ချဉ်အပါအဝင် နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ် ရောင်းချရန်လိုအပ်ကြောင်း၊ ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်