Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာ၌ ရုရှားနေကြာမျိုးများ ခူးဆွတ်ရိတ်သိမ်းနေမှု ကြည့်ရှုအားပေး


06 Mar,2025

နေပြည်တော် မတ် ၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါ လျက် ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အုန်းပင်စုကျေးရွာသို့ သွားရောက်ပြီး ကျေးရွာသူကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာ အဆင့် ဆင်းရဲမှုလျော့ချရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။

 ယင်းနောက် ဒုတိယဝန်ကြီးက ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်ပေးထားပြီးဖြစ်၍ သီးနှံ များ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ နေကြာအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုးရေး၊  အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပေါများ ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းသင်တန်းများ ဖွင့်လှစ်ပေးရေး မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး အတွင်း ဆောင်ရွက်နေသာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှု လျော့ချရေးစီမံကိန်း လုပ်ငန်းများဖြစ်သော Home Garden စိုက်ခင်းများကိုလည်းကောင်း၊ ပေ ၃၈၀၀ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုကိုလည်းကောင်း၊ ရေဂါလံ (၂၄၀၀) ဆံ့ အမြင့်ရေစင် တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ Green House စနစ်၊ Net House စနစ်ဖြင့် စိုက်ပျိုးထားမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာသို့ သွားရောက်ပြီး ဝါးခယ်မ၊ မြောင်းမြ၊ အိမ်မဲမြို့နယ်များမှ နေကြာစိုက် တောင်သူများနှင့်တွေ့ဆုံ၍ လာမည့်နေကြာ စိုက်ရာသီ၌ ရေဆင်းစပ်မျိုး-၁ နေကြာမျိုးအပြင် အထွက်နှုန်းကောင်းသော ရုရှားနေကြာမျိုးများ ကိုလည်း စိုက်ပျိုးသွားကြရေး၊ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အသင်းစုချုပ်များ ကလည်း စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်း၍ နေကြာမျိုးများ သွင်းအားစုများ အချိန်မီရရှိအောင် ဆောင်ရွက်ပေးကာ သမဝါယမဆီစက်၊ ပုဂ္ဂလိကဆီစက်များနှင့် ချိတ်ဆက်၍ ဆီကြိတ်ခွဲဖြန့်ဖြူးနိုင်သည်အထိ ဆောင်ရွက်ပေးရေး မှာကြားခဲ့သည်။

ဆက်လက်ပြီး နေကြာစိုက်တောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကြာဖြူကျေးရွာရှိ ရွှေကြာဖြူ (၁) စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ တောင်သူဦးဝင်းဘို၏ လယ်ယာမြေတွင် စမ်းသပ် စိုက်ပျိုးထားသော ရုရှားနေကြာမျိုးများဖြစ်သည့် အန်တူတအော်(ANTUTA OR)၊ ဗော်ကန်အော်(VULKAN OR)၊ ဂျိုယာ(JOYA)၊ ဟစ်ပိုလိုက်(HIPPO LIKE)၊ မာဟွမ်းကေအယ်လ်ပီ (MAHAON KLP)၊ စဗျက်တလာနာကေအယ်လ်ပီ(SVETLALA KLP) မျိုး (၆) မျိုး ခူးဆွတ်ရိတ်သိမ်း နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Fund RC Investment မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ရရှိခဲ့သော အလေးချိန် ၇.၂၀ ကီလိုဂရမ်ရှိ ရုရှားနေကြာမျိုး (၉) မျိုးအား တစ်မျိုးလျှင် ၀.၀၅ ဧက နေရာသတ်မှတ်ကာ မျိုးစေ့များကို ရုရှားရွက်ဖျန်းမြေဩဇာဖြင့် စိမ်ခြင်း၊ စိုက်ပျိုးထားသည့်ကာလအတွင်း သွင်းအားစုများကို သတ်မှတ်  နှုန်းထားအတိုင်း အသုံးပြုခြင်း၊ ရုရှားရွက်ဖျန်းမြေဩဇာကိုလည်း သတ်မှတ်ရက်အတိုင်း ဖျန်းပေး ခြင်း၊ တန်းကြား ၂ ပေ ပင်ကြား ၉ လက်မ နည်းစနစ်များအတိုင်း စိုက်ခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ ရုရှားနေကြာမျိုး (၉) မျိုးအနက် အန်တေး (ANTEY)၊ ဂျူလီယာ (JULIA)၊ နွမ်း (NORM) (၃) မျိုးတို့အား မတ်လ ၁ ရက်နေ့တွင် စံကွက်ရိတ်သိမ်းခဲ့ရာ နေကြာပွင့်အရွယ်အစားနှင့် အစေ့အဆံ ပါဝင်မှု၊ အလေးချိန်တို့ အပေါ် မူတည်၍ ကျွမ်းကျင်ပညာရှင်များ၏ ခန့်မှန်းတွက်ချက်မှုအရ အန်တေး နေကြာမျိုးသည် တစ်ဧက လျှင် ၅၂ တင်းနှုန်း၊ ဂျူလီယာ နေကြာမျိုးသည် တစ်ဧကလျှင် ၈၂ တင်းနှုန်း၊ နွမ်း နေကြာမျိုးသည် တစ်ဧကလျှင် ၆၄ တင်းနှုန်း ထွက်ရှိနိုင်ကြောင်း သိရသည်။ အလားတူ ဒေသမျိုးဖြစ်သည့် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးကိုလည်း အထက်ပါနည်းစနစ်များအတိုင်း စိုက်ပျိုးခဲ့ပြီး စံကွက် ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် ၆၇ တင်းနှုန်း ထွက်ရှိခဲ့ပါသည်။ ယနေ့ စံကွက် ရိတ်သိမ်းပြီးစီးခဲ့သော ရုရှားနေကြာ (၆) မျိုး၏ တစ်ဧက ပျမ်းမျှအထွက်နှုန်းများမှာ အန်တူတအော်(ANTUTA OR) မျိုးသည် (၇၆) တင်းခန့်၊ ဗော်ကန်အော်(VULKAN OR) မျိုးသည် (၆၉) တင်းခန့်၊  ဂျိုယာ(JOYA) မျိုးသည် (၆၂.၅) တင်းခန့်၊ ဟစ်ပိုလိုက်(HIPPO LITE) မျိုးသည် (၆၂.၅) တင်းခန့်၊ မာဟွမ်း ကေအယ်လ်ပီ(MAHAON KLP) မျိုးသည် (၇၆)တင်းခန့်၊ စဗျက်တလာနာကေအယ်လ်ပီ(SVETLALA KLP) မျိုးသည် (၅၆) တင်းခန့်စီ ထွက်ရှိနိုင်ကြောင်း သိရသည်။ အဆိုပါ ရုရှားနေကြာမျိုး (၉) မျိုးနှင့် ဒေသမျိုးဖြစ်သည့် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးတို့ မှ ထွက်ရှိသော နေကြာစေ့များအား ဆီကြိတ်ခွဲပြီးချိန်၌ ရရှိမည့် ပိဿာနှုန်းထားများကိုလည်း စနစ်တကျ မှတ်တမ်းရယူသွားမည် ဖြစ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဝါးခယ်မမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကြာဖြူကျေးရွာကုန်ထုတ်လမ်း အရှည်ပေ (၁၃၂၀) ဖောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်