နေပြည်တော် မတ် ၂၅
နှစ်(၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ကုန်းမြို့နယ် ရွှေဥဒေါင်း- ရွေးစုကျေးရွာချင်းဆက်လမ်းနှင့် ရွှေဥဒေါင်းကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား များကို ယနေ့နံနက်ပိုင်းက အဆိုပါ လမ်းဖွင့်ပွဲနေရာများ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင်များနှင့် သက်ဆိုင်ရာတာဝန် ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နှစ်(၈၀) ပြည့် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ကုန်းမြို့နယ်အတွင်းရှိ တပ်ကုန်းမြို့နှင့် ပုဗ္ဗသီရိမြို့ ဆက်သွယ်သောလမ်းမှ ရွှေဥဒေါင်း-ရွေးစု ကျေးရွာချင်းဆက်လမ်းဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ရဲမိုး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်တို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းအားဖြတ်သန်းကြည့်ရှုကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းကျေးရွာတွင်း ကွန်ကရစ် လမ်းသစ်ဖွင့်အခမ်းအနားသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ရဲမိုး၊ အဖွဲ့ဝင်(၂) ဦးဇေယျာလင်းတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျေးရွာတွင်း လမ်းများအား လှည့်လည်ကြည့်ရှုကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဆင်းရဲ နွမ်းပါးမှုလျော့ချရေးလုပ်ငန်းများဟာ ကျေးလက်သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့မှုအပေါ်များစွာ အခြေခံနေတာကြောင့် ကျေးလက်လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုဟာ အဓိက အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်နေပါကြောင်း၊ ဒေသခံပြည်သူများ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းတွေ တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ရန် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် လမ်းတံတားများ လိုအပ်ပါကြောင်း၊ ဒါ့ကြောင့် မိမိတို့ ဝန်ကြီးဌာန အနေဖြင့် စဉ်ဆက်မပြတ် ကျေးလက်လမ်းကွန်ယက်များ ဖွံ့ဖြိုးစေရေးအတွက် သက်ဆိုင်သူ အားလုံး နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်ပေးခဲ့သည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ ဆောင်ရွက်မည့် တပ်ကုန်းမြို့နှင့် ပုဗ္ဗသီရိမြို့ဆက်သွယ်သောလမ်းမှ ရွှေဥဒေါင်း - ရွေးစု ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသည် မူလအမျိုးအစား အမာခံကျောက်လမ်း လမ်းအရှည် ပေ ၅၈၀၀ ကျော်ရှိပြီး ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေကျပ် ၂၀၂ သန်းဖြင့် အရှည်ပေ ၂၇၀၀ ကျော်အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက် ပေးနိုင်ခဲ့ပြီး အဆိုပါ လမ်းဆောင်ရွက်ပေးနိုင်မှုကြောင့် ကျေးရွာ နှစ်ရွာ ၊ အိမ်ခြေ (၉၁၂) အိမ်၊ လူဦးရေ (၄၀၅၄)ဦး၊ လယ်ဧက (၁၂၀၀)ကျော်တို့ကို တိုက်ရိုက်အကျိုးပြုပေးနိုင်မှာ ဖြစ်ပါ ကြောင်း၊ ဒါ့အပြင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလည်း လယ်ယာထွက်ကုန်များ လုပ်ငန်းခွင်မှ ကျေးရွာအရောက် အချိန်ကုန်သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်ရေး အတွက် ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း ၊ ဒါ့ပြင် ယနေ့ဖွင့်လှစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့သည့် ရှားတောကျေးရွာအုပ်စု၊ ရွှေဥဒေါင်းကျေးရွာ ကွန်ကရစ်လမ်းသစ် အရှည် (၁၂၇၁) ပေကို ပြည်ထောင်စု ရန်ပုံငွေကျပ် ၅၄ ဒသမ ၃ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျေးရွာများ၏ လိုအပ်ချက်များကို နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်၍ ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့ ရရှိခံစားကြရသည့် အသီးအပွင့်များကို ပျက်စီးမှုမရှိစေရေး၊ ရေရှည်အကျိုး ခံစားခွင့်ရရှိစေရေး တို့အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားလိုပါကြောင်း၊ ဆောင်ရွက်ပြီးကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများသည် နိုင်ငံတော်အစိုးရနှင့် ကျေးလက်နေပြည်သူများ ပူးပေါင်းဆောင်ရွက် ထားခြင်းဖြစ်သည့်အတွက် ကျေးရွာသူ ကျေးရွာသားများ အားလုံး စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် ကိုယ့်အားကိုယ်ကိုး စိတ်ဓါတ်၊ မိမိတို့ကိုယ်တိုင်ဖွံ့ဖြိုး တိုးတက်လိုစိတ်များ မွေးမြူ ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို တန်ဖိုးထားကြရန်နှင့် ဆောင်ရွက်ပြီး လုပ်ငန်း များအား ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောက်ရှောက်ပြီး အကျိုးရှိရှိ အသုံးပြုကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားပါသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော် ကောင်စီအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများနှင့် လမ်းရေရှည် တည်တံ့ ခိုင်မြဲအောင် ဒေသခံပြည်သူများမှလည်း ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက်ပေးစေလိုကြောင်း ပြောကြားပါသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ကွန်ကရစ်လမ်းသစ်များ တည်ဆောက်ပေးသည့် အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများအား နေရာအရောက်ပေးအပ်ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့ မဟာဇနက္ကစာသင်တိုက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဆိုင်ရာ လုပ်ငန်းသုံးပစ္စည်း များပေးအပ်ပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနား တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်အနက် စီးပွားရေး ဦးတည်ချက်ဖြစ်သည့် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြုပြီး MSME လုပ်ငန်း များကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအနက်မှ “ထုတ်ကုန်များကို ပြည်ပ ပို့ကုန်များအဖြစ် တိုးမြှင့်ထုတ်လုပ် ဆောင်ရွက်နိုင်ရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာခြင်း ဖြင့် တစ်ဦးချင်း ဝင်ငွေတိုးလာပြီး နိုင်ငံ့စီးပွားတိုးတက်လာနိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရေး” ဆိုသည့် လမ်းညွှန်ချက်နှင့်ညီ မိမိတို့ဝန်ကြီးဌာနက ယခုလို အသေးစားကုန်ထုတ်လုပ်ငန်းဆိုင်ရာ နည်းပညာသင်တန်းတွေ ဖွင့်လှစ်ပေးပြီး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်း၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် လုပ်ငန်းသုံးပစ္စည်း ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေတိုး စီမံကိန်းဖြင့် ရုံးချုပ်၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်(၁၅)ခုရှိ ကျေးရွာပေါင်း (၂၂၁)ရွာမှာ (၁၁၀၅)ဦးကို ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ပေးမှာပဲဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် လုပ်ငန်းထူထောင်ရမှာဖြစ်လို့ သင်တန်းမှ ပို့ချပေးလိုက်သည့် ပညာရပ် များကို အခြေခံပြီး စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး အရည်အသွေး ပြည့်မီသည့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးကြိုးစား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားပါသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီ နယ်မြေ အတွင်း ဘဏ္ဍာရေးနှစ်အလိုက် သင်တန်းဖွင့်လှစ်ပေးနိုင်ခဲ့မှု အခြေအနေများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့် နည်းပညာ၊ ဈေးကွက်၊ အရင်းအနှီး ရရှိအောင် နိုင်ငံတော်က အဖက်ဖက်က ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ MSME ချေးငွေ ထုတ်ချေး ပေးနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပါသည်။
ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်း အောင်လက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ သင်တန်းဆင်းအထိမ်းအမှတ် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လုပ်ငန်းသုံး ပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီးနောက် တပ်ကုန်းမြို့ မဟာဇနက္ကစာသင်တိုက် ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများအား ဆပ်ကပ် လှူဒါန်းကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့၊ “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ ဝါကြိတ်စက်နှင့် ဝါသိုလှောင်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များအား တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးပါသည်။
ထို့နောက် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့ နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာ စကားပြောကြားရာတွင် ရည်ညွှန်းဈေးနှုန်းများ ထပ်မံထုတ်ပြန်ပေးနိုင်ရေး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်ရွက်ချက်များ၊ အားသာချက်၊ အားနည်းချက်များ သုံးသပ်ရန်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ဆွေးနွေးနိုင်ရေး ရည်ရွယ်၍ အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ ဦးဆောင်ကော်မတီ အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် မြေဩဇာတန်ချိန် ၁ ဒသမ ၆ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၃၂၀,၀၀၀ တန်ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင် ရရှိရေး ထောက်ခံပေးခဲ့ကြောင်း၊
ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း အမှန်တင်သွင်းခဲ့သူများကို လျာထား Quota ပြည့်မီအောင် ထောက်ခံဆောင်ရွက်ပေးခြင်း၊ ရည်ညွှန်းဈေးနှုန်းများ တည်ငြိမ် အောင် ဆောင်ရွက်ပေးခြင်း၊ သတ်မှတ်ရောင်းဈေးနှုန်းများ မှန်/မမှန်၊ သွင်းအားစုများ သိုလှောင် ဈေးကစားခြင်း ရှိ/မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးမှုများကို ပြည်နယ်/တိုင်းဒေသကြီး အစိုးရ အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေး ပြည့်မီရေးနှင့် ဈေးနှုန်းသက်သာစေရေးတို့အတွက် သက်ဆိုင်ရာ အဖွဲ့ဝင်ဌာနများက ပူးပေါင်း ကြီးကြပ် ဆောင်ရွက်ပေးကြရန်ဖြင့် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် မြန်မာ နိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်တို့က ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု၊ ကုမ္ပဏီအလိုက်တင်သွင်းမည့် မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များ အတည်ပြု မှတ်တမ်းတင်ပေးရန်နှင့် နိုင်ငံတကာဈေးနှုန်း အခြေအနေများ၊ မြေဩဇာဈေးနှုန်းများနှင့် ဝယ်ယူ ဖြန့်ဖြူးရောင်းချ အသုံးပြုမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးစီးဌာနများမှ ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေး တင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြား ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်