နေပြည်တော် ဧပြီ ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့နံနက်ပိုင်းက မန္တလေးမြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းသို့ သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လတ်တလောပြင်ဆင်ရမည်များကို အမြန်ဆောင်ရွက်ကြရန်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် အပြီးသတ်လုပ်ငန်းများ ဆောင်ရွက်နေသော (၃) ထပ် စာသင်ဆောင်အား သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားသည်။ ဆက် လက်ပြီး ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြီးခဲ့သည့်စာသင်နှစ်တွင် တက္ကသိုလ်ပေါင်း ကူးခွင့် အရည်အချင်းမမှီသော သင်တန်းသားသင်တန်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း များ ချိတ်ဆက်ဆောင်ရွက်ပေးရေး၊ လာမည့်စာသင်နှစ်တွင် ကျောင်းသူကျောင်းသားများ အဆင် ပြေစွာ နေထိုင်စားသောက်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၊ ယာယီရုံး ဖွင့်လှစ်သည့်နေရာသို့ သွားရောက်၍ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် အသင်းရုံး ပြိုကျပြီး အသက်ဆုံးရှုံးခဲ့သည့် ဝန်ထမ်း(၇)ဦး၏ ကျန်ရစ်သူမိသားစုဝင်များကို အားပေးစကားပြောကြားကာ သမဝါယမအသင်းများ၏ ကူညီပံ့ပိုးငွေများ လွှဲပြောင်းပေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် စစ်ကိုင်းမြို့သို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ရွေလျားရေသန့်စင်ကား (၂) စီးဖြင့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် သောက်သုံးရေဖြန့်ဝေပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါရေသန့်စင်ကား (၂) စီးဖြင့် စစ်ကိုင်းမြို့ပေါ် ရပ်ကွက် ၂၄ ခုအနက် ရပ်ကွက် ၁၅ ခုတွင်လည်းကောင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ရေကားအင်းရွာ၊ ကျောက်တာရွာ၊ ဝါးချက်ရွာများသို့လည်းကောင်း သောက်သုံးရေများ ဖြန့်ဝေပေး ခဲ့ရာ မတ်လ (၃၀) ရက်နေ့မှ ယနေ့အချိန်ထိ သောက်ရေဂါလံပေါင်း (၁၂၆,၁၃၀) ကျော်၊ သုံးရေ ဂါလံပေါင်း (၁၀၁,၄၀၀) ဖြန့်ဝေပေးခဲ့ပြီး ဖြစ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စစ်ကိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးသို့ သွားရောက်၍ ခြံစည်းရိုး ပြိုကျပျက်စီးမှု အခြေအနေ၊ ယာယီရုံးဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေတို့ကိုလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးရုံးသို့ သွားရောက်၍ ပြန်လည် ပြုပြင် တည်ဆောက်ရမည့်လုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်ပြီး စစ်ကိုင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးတွင် ဝန်ကြီး ဌာနအောက် ဦးစီးဌာန(၄)ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သို့ သွားရောက်ပြီး ပင်မအဆောက်အဦးနှင့် ဘွဲ့နှင်းခန်းမ ထိခိုက်ပျက်စီးမှုကိုလည်းကောင်း၊ စာသင် ဆောင်များနှင့် ဆရာဆရာမ ဝန်ထမ်းအိမ်ရာများကိုလည်းကောင်း၊ လာမည့်စာသင်နှစ်တွင် နေရာချ ထားပေးမည့် ကျောင်းသားကျောင်းသူ အိပ်ဆောင်များကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး ခဲ့သည်။ ယင်းနောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့်တွေ့ဆုံ၍ ဝန်ထမ်းမိသားစုများ နေရာချထားရေး၊ တက္ကသိုလ်ပြန်လည်ဖွင့်လှစ်ချိန်တွင် ရုံးဌာနများ နေရာ သတ်မှတ်ချထားရေး ဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ် လမ်းညွှန်ချက်အရ Life Straw သောက်ရေသန့်စက် (၂) လုံးအား ကျောင်းသားကျောင်းသူများ အသုံးပြုရန်အတွက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်