နေပြည်တော် မေ ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များလိုက်ပါလျက် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများအတွက် ယာယီဆောက်လုပ် နေရာချထား ပေးခဲ့သော အမှုထမ်းနှင့် အရာထမ်းအိမ်ရာများသို့ သွားရောက်၍ ရေ၊ မီး အဆင်ပြေမှုရှိ/ မရှိ၊ သန့်စင်ခန်းများ ကောင်းမကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး မိုးတွင်းရေမဝပ်စေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရန် မှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ ယာယီနေထိုင်လျက် ရှိသော လယ်ဝေးမြို့၊ မဟာစည်သာသနာ့ရိပ်သာသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ အားပေးစကားပြောကြားကာ မိုးတွင်းကာလ ရုံးဖယ်ရီကားများ မိုးလုံလေလုံဖြစ်စေရေး၊ ဝမ်းလျှော ဝမ်းပျက်ရောဂါများမဖြစ်အောင် ဂရုပြုရေး မှာကြားခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံး မြေနေရာတွင် အရာထမ်း (၂) ခန်းတွဲအိမ်ရာ (၁၀) လုံး ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ရက်အတွင်းပြီးစီးရေး၊ အခန်းအလိုက်ထားရှိပေးမည့် ခုတင်များ ပြီးစီးအောင် ဆောင်ရွက် ပေးရေး မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပျဉ်းမနား မြို့၊ မြောက်လွတ်ကုန်း သင်တန်းကျောင်းသို့ သွားရောက်ပြီး အရာထမ်း (၂) ခန်းတွဲအိမ်ရာ (၇) လုံး ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပျဉ်းမနားရိပ်သာသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ အားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် သက်ဆိုင်ရာက အပြာရောင်အဆင့်သတ်မှတ်ချက်ဖြင့် ပြန်လည်နေရာချထားပေးပြီး ဖြစ်သည့် သဇင် (၁)၊ သဇင် (၄)၊ သဇင် (၆) ဝန်ထမ်းအပျိုဆောင်များ သို့ သွားရောက်၍ တွေ့ဆုံအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်