Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မုဒုံမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေး


30 May,2025

နေပြည်တော် မေ ၃၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်း က တာဝန်ရှိသူများ လိုက်ပါလျက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ရုံးသို့သွားရောက်ပြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက် နေပြည်သူများ မိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ သင်တန်း တက်ရောက်နေကြသော ချောင်းဆုံ၊ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ သထုံ၊ ပေါင် မြို့နယ်တို့မှ ကျေးရွာကော်မတီဝင် (၃၄) ဦး၊ သင်တန်းနည်းပြ ဆရာဆရာမများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ယခုဘဏ္ဍာနှစ်အတွင်း မွန်ပြည်နယ် မော်လမြိုင်ခရိုင်တွင် (၈) ကြိမ်၊ သထုံခရိုင်တွင် (၇) ကြိမ်၊ စုစုပေါင်းသင်တန်း (၁၅) ကြိမ် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ ဒေသနှင့် ကိုက်ညီသောသင်တန်းများ ဖြစ်စေရေး၊ သင်တန်းပြီးဆုံး၍ ကိုယ်ပိုင်လုပ်ငန်းထူထောင်သူများအနေ ဖြင့် အမှန်တကယ် မိသားစုဝင်ငွေတိုးရေးအတွက် သင်တန်းတာဝန်ခံ ဆရာဆရာမများနှင့် ကြီးကြပ်သူကျေးရွာကော်မတီဝင်များက ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရိုးဂိုးကျေးရွာ(ရွာဟောင်း)သို့ သွားရောက်ပြီး မွန်ပြည်နယ် သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သော ဆင့်ပွား စိုက်ပျိုး ရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူများထံ စပါးအစေ့ချ ကိရိယာနှင့် အထွက်တိုးမျိုးစပါး ပေးအပ်ပွဲသို့တက်ရောက်ခဲ့ရာ သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီး မှူးက မွန်ပြည်နယ်အတွင်း ဆောင်ရွက်နေသော သမဝါယမစိုက်ပျိုးရေးလုပ်ငန်း ဆိုင်ရာများ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ပန်းတိုင်အထွက်နှုန်း ရရှိရေး အတွက် အထွက်တိုးမျိုးစပါးများနှင့် သွင်းအားစုများကို တောင်သူလက်ဝယ်အရောက် ပြည်နယ်၊ မြို့နယ် သမဝါယမဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ သမဝါယမအသင်းစုချုပ်နှင့် အသင်းအမှုဆောင် များက ကြီးကြပ်ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးနည်းပညာ များ ဖြန့်ဝေပေးရန် မှာကြားသည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များက မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဒေသထွက်သီးနှံများမှ တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေး ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက အသင်းသားတောင်သူများထံ အထွက်တိုးမျိုးစပါးများ၊ စပါး အစေ့ချကိရိယာများ ပေးအပ်ခဲ့ပြီး အသင်းသားတောင်သူ ဦးဇော်ဇော်အောင်၏ လယ်မြေတွင် စပါးအစေ့ချကိရိယာအသုံးပြု၍ အောင်နိုင်တိုး အထွက်တိုးစပါးမျိုး စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေး ခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ရိုးဂိုးကျေးရွာ ကုန်ထုတ်လမ်း (၄၄၉၅) ပေ ဖောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။ ဆက်လက်ပြီး ရိုးဂိုးကျေးရွာ(ရွာဟောင်း) အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ်သိန်း (၃၀၀) အား ပေးအပ်ပြီး မြစိမ်းရောင်ချေးငွေဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင် အောင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မွန်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင် နှင့်အတူ မုဒုံမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး လက်ရက် ကန်း (၆) လသင်တန်း၊ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ (၁) နှစ်သင်တန်း တက်ရောက်နေ ကြသော သင်တန်းသူများ၊ သင်တန်းကျောင်းအုပ်ဆရာမကြီး၊ နည်းပြဆရာ၊ ဆရာမများနှင့် တွေ့ဆုံ ၍ ရိုးရာယဉ်ကျေးမှုကို အခြေခံသော ရက်ကန်းနှင့် သဘာဝဆိုးဆေး ပညာရပ်များကို အဆင့်မှီစွာ တီထွင်ဖန်တီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသူများ၏ ပဝါရက်လုပ်မှု၊ ချည်ထည် များ ရက်လုပ်မှု၊ သဘာဝဆိုးဆေး အသုံးပြုထားသော ချည်ထည်ဖြင့် လက်ကိုင်အိတ်များ တီထွင် ဖန်တီးမှုတို့ကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ၄ ခန်းတွဲ ၃ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ပြီးစီးမှုနှင့် ဝန်ထမ်းများ နေရာချထားမှုကို လိုက်လံကြည့်ရှုခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မော်လမြိုင်မြို့၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွင်း ဦးစီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြရန်၊ မိမိတို့တန်ဖိုးထားသော ဝန်ထမ်းဘဝ တိုးတက်မြင့်မားရေးအတွက် ရည်မှန်းချက်ထား၍ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်ပြီး ပြည်နယ်လမ်းပန်းဝန်ကြီးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည် များ မှာကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ သွားရောက်၍ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်တွေ့ဆုံ၍ သမဝါယမအသင်းများ၏ မိုးစပါးစိုက်ဧကနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်နေမှု၊ မွန်ပြည်နယ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်း များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးရေးစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်