Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သွင်းအားစုများ ပေးအပ်ခြင်း၊ လယ်ယာဝန်ဆောင်မှုအသင်းများနှင့် ချိတ်ဆက်ထွန်ယက်ခြင်း အခမ်းအနားနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားတက်ရောက်


12 Jun,2025

နေပြည်တော် ဇွန် ၁၁

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မင်းရပ်ကွင်းကျေးရွာသို့ သွားရောက်ပြီး ယင်းနားကုန်း စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးဇော်ဝင်းနိုင်၏ အောင်နိုင်တိုး အထွက်တိုးမျိုး၊ စံပြနွေစပါးစိုက်ခင်း အား ကြည့်ရှုစစ်ဆေးရာ မြို့နယ်သမဝါယမဦးစီးမှူးနှင့် အသင်းသားတောင်သူ များက နွေစပါး စိုက်ပျိုးမှုအခြေအနေများ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်းဖြစ်လို့ စိုက်နည်းစနစ် မှန်ကန်ရေးတို့ကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး အောင်ရေရရှိရေး၊ ပေါင်းမြက်ကင်းစင်ရေးနှင့် ဈေးကွက်ရရှိရေး ကိစ္စရပ်များနှင့် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပါသည်။

          ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့ မြို့တော်ခန်းမ၌ သမဝါယမဦးစီးဌာနနှင့် မျိုးစေ့ထုတ်ကုမ္ပဏီများ၊ သွင်းအားစုကုမ္ပဏီများ၊ လယ်ယာသုံးစက်ကိရိယာ ရောင်းချသည့်ကုမ္ပဏီများ ပူးပေါင်းကျင်းပပြုလုပ်သည့် သွင်းအားစုများ ပေးအပ်ခြင်း၊ လယ်ယာဝန်ဆောင်မှုအသင်းများနှင့် ချိတ်ဆက်ထွန်ယက်ခြင်းအခမ်းအနားနှင့်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်ကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ အနေဖြင့် မိမိတို့ ဒေသအလိုက် စိုက်ပျိုးကြသည့် သီးနှံများ သတ်မှတ်ပန်းတိုင် အထွက်နှုန်းရရှိရေး အတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည် အသွေးကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်း မျိုးသန့်များ နှင့် သွင်းအားစုများကို နိုင်ငံတော်ထောက်ပံ့ငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ သမဝါယမအသင်း ရန်ပုံငွေ၊ သွင်းအားစုလုပ်ငန်းရှင်များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သတ်မှတ် ပန်းတိုင် အထွက်နှုန်း မရရှိပါက အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ပြီး နောက်တစ်ကြိမ် ပြန်လည်စိုက်ပျိုးချိန်တွင် အားနည်းချက်များကို ပြုပြင်စိုက်ပျိုး သွားရန်လိုအပ်ကြောင်း၊ ဒါမှသာ စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိမှာဖြစ်ပြီး တောင်သူများ၏ ဝင်ငွေနှင့်လူနေမှု အဆင့် အတန်းမြင့်မားလာစေမှာဖြစ်သည့်အတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး လုပ်ငန်းများ သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ မျိုးစေ့၊ သွင်းအားစုနှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးခဲ့မှု အခြေအနေများ၊ လက်ရှိ ဆောင်ရွက် ပေးနေမှု အခြေအနေများကို ဆွေးနွေးပြောကြားပါသည်။

          ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ လယ်ယာသုံး စက်ကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့မှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီးမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တိုင်းဒေသကြီးမန်နေဂျာက ဘဏ်အရစ်ကျစနစ်ဖြင့် တောင်သူ တစ်ဦးချင်း၊ သမဝါယမအသင်းသားတစ်ဦးချင်းအနေဖြင့် လည်းကောင်း၊ အသင်းအစုအဖွဲ့အနေဖြင့် လည်းကောင်း သက်သာသော အတိုးနှုန်းဖြင့် ချေးငွေ ရယူပြီး ထွန်စက်များ၊ ရိတ်သိမ်းချွေလှေ့စက်များ ဝယ်ယူနိုင်မည့် အခြေအနေများအား လည်း  ကောင်း၊ တက်ရောက်လာသော ကုမ္ပဏီများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် မျိုးစေ့ထုတ်လုပ်မှု အခြေအနေများ၊  သွင်းစုမြေဩဇာထုတ်လုပ်မှု အခြေအနေများ၊ လယ်ယာသုံးစက်ကိရိယာတင်သွင်း ရောင်းချနေမှု အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြကြပြီးနောက် တက်ရောက် လာသော အသင်းသားတောင်သူများက သိရှိလိုသည်များ မေးမြန်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးတို့က တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်း (၄၉)သင်းအတွက် အထွက်တိုးစပါးမျိုးများ၊ အစေ့ချစက်များနှင့် သွင်းအားစုမြေဩဇာများအား အသင်းသားတောင်သူ များ ထံသို့လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ(၁၉)ရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူထည့်ဝင်ငွေနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၅၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း (၂၈၅၀)အား ကျေးရွာ ကိုယ်စားလှယ်များထံသို့လည်းကောင်း အသီးသီးပေးအပ်ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပုဂ္ဂလိကလုပ်ငန်းရှင် ကုမ္ပဏီများမှ လယ်ယာသုံးစက်ကိရိယာ အမျိုးမျိုး၊ မျိုးစေ့များ၊ သွင်းအားစုများ ခင်းကျင်းပြထားမှုများအား ကြည့်ရှုအားပေးပြီးနောက် တောင်သူများကို သတ်မှတ်အရည်အသွေးပြည့်မီပြီး ဈေးနှုန်းသက်သာ စွာရရှိရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အသင်းသားတောင်သူများ လိုအပ်သည့် လယ်ယာသုံး စက်ကိရိယာများ  ဝယ်ယူအသုံးပြုနိုင်ရေး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမ အသင်းစု များ၊ သက်ဆိုင်ရာကုမ္ပဏီတို့ ပူးပေါင်းပြီး အရစ်ကျရောင်းချပေးနိုင်ရေး၊ စက်ပစ္စည်းများ ရေရှည်ကိုယ်တွင် အသုံးပြုနိုင်ရေး လိုအပ်သော သင်တန်းများပေးရန်နှင့် After Sale Service ပေးရန်လိုအပ်ကြောင်း၊ အပိုပစ္စည်းများ အလွယ်တကူရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက် ပေးရန် လမ်းညွှန်မှာကြားပါသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေး မြို့နယ်၊ ရှားပင်လှကျေးရွာ မွေးမြူရေးဇုန်သို့ သွားရောက်ပြီး တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်နှင့် မြို့နယ်သမဝါယမအသင်းစုတို့ပူးပေါင်း၌ ဥစားကြက်ကောင်ရေ (၆၀၀၀) မွေးမြူနိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများလည်းကောင်း၊ အောင်မြန်မာ မွေးမြူရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ ဥစားကြက်ကောင်ရေ (၁၂,၀၀၀) မွေးမြူနိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအားလည်းကောင်း၊ အဆင့်မြင့်လယ်ယာဖော်ထုတ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု များအား ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမစနစ်မွေးမြူရေး လုပ်ငန်း များ အောင်မြင်ရေးအတွက် တာဝန်ရှိသူများက စဉ်ဆက်မပြတ်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားရန် အတွေ့အကြုံရှိပြီး ကျွမ်းကျင်သူများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်၊ မွေးမြူရေးပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့နယ်၊ လျောင်းတော်ဦးကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက် ကြပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ထူးချွန်သင်တန်းသား (၅) ဦးတို့အား တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ထူထောင်နိုင်ရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ကြရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပြည်‌ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ဦးစီးဌာနအချင်းချင်း အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ကြရန်၊ ဝန်ထမ်းကျင့်ဝတ် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာ နေထိုင်ကြရန်၊ နိုင်ငံတော်အပေါ်သစ္စာရှိရန်နှင့် ပြည်သူအကျိုးပြုလုပ်ငန်းများအား စေတနာထား ဆောင်ရွက်ကြရန် ဝန်ထမ်းသက်သာချောင်ချိရေး လုပ်ငန်းများဆောင်ရွက်ပေးနေမှုနှင့် ဆက်လက် ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားပြီး  ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကံပြားကျေးရွာသို့ သွားရောက်ပြီး ကံပြား စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးထွန်းဝင်း၏ ယာမြေ ၄ ဒသမ ၄ ဧက၌ လယ်ယာဝန်ဆောင်သမဝါယမအသင်းမှ ထွန်စက်များဖြင့် ထွန်ယက် ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်