ခန့်ဇော် (ကျေးလက်)
ခေတ်ကာလ...ပတ်ဝန်းကျင်ကို ငဲ့စောင်းကြည့်လိုက်တိုင်းမှာ လိုအပ်ချက်တွေ၊ မပြည့်စုံမှုတွေဟာ နေရာတိုင်းမှာ အသားတကျ ဖြစ်ပေါ်လို့ပါပဲ။ ဒီလို အဖက်ဖက်က လိုအပ်ချက်တွေ၊ မပြည့်စုံမှုတွေ ရှိနေတဲ့အချိန်မှာ တောင့်ခံရှင်သန်နိုင်ဖို့အတွက် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်၊ လုပ်ငန်းခွင်တို့မှာ နေ့စဉ် နှင့်အမျှ တတ်နိုင်သမျှ အကောင်းမြင်စိတ်မွေးပြီး လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ကြရ ပါတယ်။ ဒီလို ကြိုးစား ရပ်တည်ကြရရာမှာ အခက်အခဲတွေ အများကြီး ကြုံတွေ့ကြရမှာဖြစ်ပေမယ့် အဖွဲ့အစည်းများအတွင်း၊ မိသားစုများအတွင်း ညှိနှိုင်းဆွေးနွေးပြီး အကောင်းမြင်စိတ်ထားနဲ့ပဲ အတူ တကွ ဖြေရှင်းဆောင်ရွက်ကြရပါမယ်။ ဖြစ်ချင်တိုင်း ဖြစ်လို့မရတဲ့အခြေအနေမှာ နှလုံးသွင်းမှန်မှန်နဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေကိုတော့ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရပါမယ်။
စာရေးသူအနေဖြင့်လည်း မိမိနဲ့ပတ်သက်ရာအဖွဲ့အစည်း ပတ်ဝန်းကျင်နှင့် မိသားစုအတွင်းမှာ တတ်နိုင်သမျှ အသိပညာ၊ အတွေးအခေါ်အယူအဆများကို မျှဝေခံစားပြီး နေချင်စဖွယ် လုပ်ငန်းခွင်နှင့် သာယာသော မိသားစုဖြစ်အောင် ကြိုးစားနေထိုင်သလို အကောင်းဆုံး အလုပ်အကျွေးပြုနေပါတယ်။ အကောင်းဆုံးကြိုးစားတယ်။ မျှဝေခံစားပြီး ကိုယ်ချင်းစာစိတ်နဲ့ နေထိုင်ပါတယ်။ ဘာသာတရားနဲ့ မိဘဆရာများရဲ့အဆုံးအမနဲ့ နေထိုင်ပါတယ်။ တတ်နိုင်သမျှ မျှဝေပေးကမ်း လှူဒါန်းပါတယ်။ အခက်အခဲ ရှိသူများကို ကြည့်ရှုစောင့်ရှောက်တယ်။ အခက်အခဲရှိသူများကို တတ်နိုင်တာမှန်သမျှ ဖေးမကူညီ စောင့် ရှောက်ပေးပါတယ်။ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးဖို့ နေချင်စဖွယ် လူမှုအဖွဲ့အစည်းဖြစ်ဖို့ လူသားတိုင်းမှာ တာဝန်ရှိပါတယ်။ “အတ္တ ပရ” မျှတမှ... အပေးအယူ မျှတမှ...ကိုယ်ချင်းစာစိတ်ရှိမှ.... ကြင်နာ သနားတတ်မှ ကိုယ်နဲ့ ကိုယ့်ဆက်စပ်ရာဝန်းကျင်ကို နေချင်စဖွယ်ဝန်းကျင်ကောင်းဖြစ်အောင် ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ကိုယ်ကစပြီး ကျင့်ကြံနေထိုင်မှသာ ဆက်စပ်ရာဝန်းကျင်ကို အပြုသဘော ဆောင်တဲ့စွမ်းအား (Postive Energy) စီးဆင်းစေမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်ကစလို့ ကိုယ့်တာဝန် ကိုယ်ကျေနိုင်ဖို့ ကြိုးစားကြရပါမယ်။
စာရေးသူနေထိုင်တဲ့ နေပြည်တော်ရှိ ဝန်ထမ်းအိမ်ယာဟာ ဆိတ်ငြိမ်အေးချမ်းပြီး သစ်တော သစ်ပင်များနဲ့ဖြစ်လို့ သဘာဝသစ်တောထဲ နေထိုင်ရသလို ခံစားရစေပါတယ်။ အိမ်ရှေ့၊ အိမ်နောက် ခြံတစ်ခုလုံး စိုက်ပျိုးထားတဲ့သစ်ပင်တွေ အပြည့်ဖြစ်သလို ခြံရဲ့အနောက်ဖက်မှာလည်း သစ်တော ရှိပါတယ်။ ဒီတော့ သစ်တောသစ်ပင်တွေကို မှီခိုနေထိုင်နေတဲ့ ကျေးငှက်မျိုးစုံရှိသလို ရှဉ့်ငယ်တွေလည်း ရှိကြပါတယ်။ သဘာဝအတိုင်း ရှဉ့်တွေက စိုက်ပျိုးထားတဲ့ ပိန္နဲသီး၊ သရက်သီးများ သီးချိန်၊ မှည့်ချိန်မှာ အစာအဖြစ် ရှာဖွေစားကြသလို သဘာဝအတိုင်း သီးပွင့်ကြတဲ့ အခြားအစားအစာများကိုလည်း ရှာဖွေစားသောက်ရှင်သန်နေထိုင်ကြပါတယ်။ စာရေးသူအဖို့မှာတော့ အိမ်မှာ ရှိရတဲ့အခိုက်အတန့်တွေမှာ ကျေးငှက်အသံများ၊ ရှဉ့်ငယ်လေးများရဲ့အသံများနဲ့ နံနက်စောစောမှသည် ညနေအထိ နားဝင်ပီယံရှိပြီး သာယာချမ်းမြေ့မှုကို ပြည့်ပြည့်ဝဝ ခံစားရရှိပါတယ်။
စာရေးသူအနေနဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ဝန်းကျင်ကောင်းမှာ ကျေးငှက်သာရကာအသံသာသာနဲ့ နေထိုင်ဖြတ်သန်းခွင့်ရရှိတာဟာလည်း ကံကောင်းမှုတစ်ခုပဲဖြစ်ပါတယ်။ ဝန်းကျင်ကောင်းမှာ အလေ့ အကျင့်ကောင်းတွေနဲ့ ဖြတ်သန်းလိုတဲ့အတွက် အနည်းဆုံး ကောင်းမှုတစ်ခုတော့ နေ့စဉ်ပြုနိုင်အောင် ကြိုးစားဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှု နေ့စဉ်ပြုဖြစ်စေဖို့အတွက်သာမက တတ်နိုင်သမျှ မျှဝေ ပေးလှူ ဖြစ်စေဖို့ ရုံးပိတ်ရက်များမှာ သီလရှင်များကို ဆန်လောင်းလှူဖြစ်သလို နံနက်ပိုင်းဆွမ်းခံကြွလာသည့် ဦးပဉ္ဇင်းများနဲ့ ကိုရင်လေးများကို ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်များ ဆက်ကပ်လှူဒါန်းဖြစ်ပါတယ်။ သီလရှင် များအတွက် ဆန်လောင်းလှူရန် အိမ်ရှေ့မှာ အမြဲအဆင်သင့်ထားတာမို့ နေ့စဉ်ရုံးမတက်မီနဲ့ သတိရ ချိန်တွေမှာ ကျေးငှက်တွေအတွက်လည်း ဆန်ကို အစာအဖြစ် ကျွေးဖြစ်ပါတယ်။ ရှဉ့်တွေအတွက်တော့ ရုံးပိတ်ရက်တွေမှာ နေ့လယ်စာ စားပြီးချိန်ဆိုရင် ထမင်းနှင့် ရေကို နောက်ဖက် သရက်ပင်ပေါ်မှာ ခွက် တစ်ခွက်စီနဲ့ ကျွေးဖြစ်သလို၊ ရုံးဖွင့်ရက်တွေမှာလည်း မိမိစားတဲ့ ငှက်ပျောသီး (သို့မဟုတ်) ပေါင်မုန့် (သို့မဟုတ်) ထမင်း ကျွေးဖြစ်ပါတယ်။
ဒီလို ကျေးငှက်တိရစ္ဆာန်တွေကို အစာကျွေးတာ ကောင်းပေမယ့် ပြဿနာက ဘယ်အိမ်ကမှန်း မသိတဲ့ အိမ်မှာလာနေတဲ့ ကြောင်မဲတစ်ကောင်ပဲဖြစ်ပါတယ်။ အိမ်ကမိသားစုကလည်း ဒီကြောင် လာတာမကြိုက်။ သမီးလေးကလည်း မကြိုက်။ အကြောင်းက ဒီကြောင်ဟာ အစာစားနေတဲ့ ငှက် ကလေးတွေကို ချောင်းဖမ်းပြီးစားတယ်။ ရှဉ့်လေးတွေကိုလည်း ဖမ်းစားပါတယ်။ ဖမ်းပြီး ကားဂိုဒေါင် ထဲက ကားအောက်မှာ စားတယ်။ အကြွင်းအကျန်တွေ ထားခဲ့တယ်။ ပရွတ်ဆိတ် တွေတက်တယ်။ ဒါကို အိမ်ကလူတွေက ရှင်းရတယ်။ ကလေးတွေက ကြောင်တွေ့ရင် မောင်းထုတ်ကြတယ်။ အဖေလုပ်သူကို အစာကို ခုလို မကျွေးသင့်ဘူးလို့ ပြောကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြောင်အစာရဖို့အတွက် ဖန်တီးပေးသလို ဖြစ်နေတယ်ဆိုပြီး ပြောကြပါတယ်။
စဉ်းစားကြည့်တယ်...ကျေးငှက်တိရစ္ဆာန်တွေကို အစာကျွေးတာ ကုသိုလ်ရပါတယ်။ ဒါ့ကြောင့် ကျွေးတယ်။ စိတ်ကြည်နူးရတယ်။ ကြောင်က သူ့အစာမို့ ရှဉ့်ကလေး၊ ငှက်ကလေးတွေကို ဖမ်းပြီး စားတယ်။ သဘာဝတရားက သူ့အလုပ် သူလုပ်တာဖြစ်တော့ ဒါလည်း မှန်တယ်။ အရင်းစစ်တော့ ကြောင်ကို စနစ်တကျမမွေးတဲ့ အိမ်ရှင်တွေမှာ တာဝန်ရှိနေတယ်။ ဘယ်အိမ်ကမှန်းလည်း မသိ။ ရှဉ့်ကလေး၊ ငှက်ကလေးတွေ ကြောင်ဖမ်းစားခံရတာမြင်တော့လည်း စိတ်ထဲမကောင်း ဖြစ်ရပြန်တယ်။ စားကြွင်းစားကျန်တွေထားခဲ့တော့ ရှင်းရတဲ့အလုပ် ရှုပ်ပြန်ရော။ တစ်ခါ...ရှဉ့်လေးတွေ၊ ငှက်လေးတွေ ဘက်ကို စဉ်းစားကြည့်ပြန်တော့ ရှဉ့်ဆိုတာ အပင်ပေါ်တက်နိုင်သလို တစ်ပင်နဲ့တစ်ပင်လည်း ခုန်ပျံ ကူးနိုင်ပါလျက် ကြောင်ချောင်းဖမ်းတာ ခံရသည်ဆိုတော့ကာ သတိလက်လွတ် အမှုအမှတ်မဲ့ နေထိုင် ခြင်းက ရှဉ့်၏ပေါ့ဆမှုဟု ဆိုရပေမည်။ ရှဉ့်တွေမှာလည်း သဘာဝကပေးတဲ့အသိအရ ကြောင်ရန်က ရှောင်နိုင်ဖို့ သတိရှိရမှာ၊ ကြိုးစားရှောင်ရမှာ သူတို့တာဝန်ပါပဲ။ လေထဲပျံနိုင်တဲ့ ငှက်က ကြောင်ဖမ်းတာ ခံရတာလည်း ဒီသဘောပါပဲ။ ရှောင်ဖို့၊ တိမ်းဖို့၊ သတိရှိဖို့က ငှက်တွေရဲ့ တာဝန်ပါပဲ။ ကြောင်က သူ့ အလုပ် သူလုပ်တာပဲလေ။ ကြောင်ကို မွေးထားတဲ့သူက တာဝန်မကြေသလို ရှဉ့်တွေ ငှက်တွေကလည်း သတိရှိမဲ့တာဝန် ပေါ့ဆလေတော့ ပျက်ဆီးခြင်းနဲ့အဆုံးသတ်ကြရတာ သံဝေဂယူစရာပါပဲ။
မြို့ပြတွေမှာ အိမ်မွေးတိရစ္ဆာန်တွေ၊ ခွေးတွေ၊ ကြောင်တွေကိုမွေးမြူကြတဲ့ခါ စနစ်တကျ မွေး မြူသင့်သလို စည်ပင်သာယာတွေကလည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားသင့်ပါတယ်။ ချမှတ်ထားပြီးသားဖြစ်ရင်လည်း တကယ်လိုက်နာဆောင်ရွက်မှုရှိအောင် ကြပ်မတ်ကြဖို့ တာဝန်ရှိပါ တယ်။ စည်ပင်သာယာက သူ့တာဝန် သူထမ်းသလို တစ်ဦးချင်း တစ်ယောက်ချင်းကလည်း ကိုယ့်တာဝန် ကိုယ် ကျေပွန်ဖို့လိုပါတယ်။ ကိုယ်မွေးချင်ရင် စနစ်တကျ မွေးမြူသင့်ပါတယ်။ ပတ်ဝန်းကျင်ကို ဒုက္ခမဖြစ် စေရအောင်၊ ညစ်ညမ်းမှု မဖြစ်စေရအောင် ဆင်ခြင်ထိန်းသိမ်းပြီး ပတ်ဝန်းကျင် လှပအောင်၊ သာယာ အောင်ပဲ ကူညီသင့်ပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု၊ စည်းကမ်းလိုက်နာမှု၊ စည်းကမ်းရှိမှု၊ စည်းကမ်း ထိန်းသိမ်းမှုတွေဟာ သာယာလှပတဲ့နေချင်စဖွယ် လူမှုပတ်ဝန်းကျင်ကောင်းတစ်ခု ထူထောင်ရာမှာ အလွန်အရေးကြီးပါတယ်။
လက်ရှိ ကမ္ဘာရေးရာအခင်းအကျင်းကို လေ့လာကြည့်ရင် ကိုယ့်နိုင်ငံအကျိုးစီးပွားကို အဓိက ထားပြီး ပြုမူဆောင်ရွက်နေကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် အင်အားကြီးနိုင်ငံတွေဟာ အင်အား ပြိုင်ဆိုင်မှုရှိနေကြပြီး ၎င်းတို့ရဲ့ပြိုင်ဆိုင်မှုတွေကြားမှာ ၎င်းတို့ပြိုင်ဘက်နှင့် အဆင်ပြေသူများကို ပြိုင် ဘက်ကဲ့သို့ သဘောထားပြီး အနိုင်ကျင့်၊ ကန့်သတ်တာတွေကို နည်းလမ်းမျိုးစုံနဲ့ ဆောင်ရွက် နေကြတာ တွေ့မြင်ရပါတယ်။ ၎င်းတို့ပြိုင်ဘက်နဲ့ မတည့်သူတွေကိုတော့ အထောက်အပံ့တွေပေးပြီး ပံ့ပိုးကူညီ နေကြတာ တွေ့ရပြန်ပါတယ်။ နှစ်ဘက်ညှပ် တွန်းပို့မှုများကြား ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ သတိကြီးစွာနဲ့ မိမိနိုင်ငံမထိခိုက်စေမယ့် နိုင်ငံခြားရေးမူဝါဒများကို ချမှတ်ဆောင်ရွက်နေကြရပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ နယ်စပ်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များရဲ့ ကိုယ်ကျိုးအတွက် ဆောင်ရွက်မှုများကြောင့် တိုက်ပွဲများ ဖြစ်ပွားနေပါတယ်။ ဒါက ပြည်တွင်းမှာ စည်းလုံး ညီညွတ်မှုမရှိတဲ့သဘော၊ အိမ်တွင်းရေးအဖုံဖုံနဲ့ အိမ်တွင်းစည်းလုံး ညီညွတ်မှု ပြိုကွဲနေတဲ့ သရုပ်သကန်ကို ပြသနေတာပါ။ ဒီလိုပြည်တွင်းရေးအခြေအနေရှိနေတဲ့ ကျွန်တော်တို့နိုင်ငံကို အင်အား ကြီးနိုင်ငံများက သပ်လျို သွေးခွဲရတာ အလွန်မှလွယ်ကူပါတယ်။ ကာကွယ်တားဆီးမှု မပြုလုပ်နိုင်ရင် အလွန်အန္တရာယ်ကြီးပါတယ်။ ဆီးရီးယားမှာ အစိုးရကို၊ အစိုးရတပ်ကို နောက်ခံအထောက်အပံ့အမျိုးမျိုး ရှိတဲ့သူပုန်တွေ စုပေါင်းတိုက်ခဲ့ပြီးနောက်မှာ အစိုးရ ပြုတ်ကျခဲ့ပါတယ်။ ဒါတင်ပဲလားဆိုတော့မဟုတ်... နောက်ဆက်တွဲ အစ္စရေးက နယ်မြေချဲ့နေပါတယ်။ ဗုံးကျဲပါတယ်။ တူရကီကလည်း သူအထောက်အပံ့ ပေးထားတဲ့ လက်ရှိအစိုးရအဖွဲ့ တာဝန်ယူထားတဲ့အဖွဲ့ကို ထောက်ပံ့ပြီး ကျန်သူပုန်အဖွဲ့တွေကို တိုက် မှာပဲ။ အကျိုးရလဒ်ကတော့ နိုင်ငံအစိတ်စိတ် အပိုင်းပိုင်းဖြစ်ပြီး ကျိုးကျေပျက်စီးတာပါပဲ။
ကမ္ဘောဒီးယားနိုင်ငံမှာ ခမာနီးခေတ်သင်ခန်းစာ ရှိခဲ့ဘူးတဲ့အကြောင်း စာရေးသူ၏ ဒုတိယ မြောက်ဆောင်းပါးစာအုပ်(ဆင်းရဲခြင်းလွတ်ကင်းအောင်)မှာ ရေးခဲ့ဖူးပါတယ်။ ကျွန်တော်တို့ မြန်မာ လူမျိုးတွေ အသိဉာဏ်ပညာနဲ့ စဉ်းစားကြဖို့လိုပါပြီ။ ဗမာအပါအဝင် တိုင်းရင်းသားတွေ လူမျိုးကို အခြေခံစဉ်းစားထာထက် နိုင်ငံနဲ့နိုင်ငံသား၊ မြန်မာနိုင်ငံ၊ မြန်မာနိုင်ငံသားဆိုတဲ့အသိနဲ့ စဉ်းစားကြ ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအချုပ်အခြာနယ်မြေတွေကို ထိန်းသိမ်းကာကွယ်ဖို့ မြန်မာနိုင်ငံသားတွေ စည်းလုံးညီညွတ်ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်ရှိဖို့ အဖွဲ့အစည်းအားလုံးရဲ့ ခေါင်းဆောင်တွေ စဉ်းစား ကြဖို့ လိုပါပြီ။ နိုင်ငံသားအားလုံး အကြောင်းအရင်းတွေကို သိအောင်လုပ်ပြီး အဖြေရှာ အဖြေညှိကြဖို့ လိုပါပြီ။ နိုင်ငံကြီးတွေကတော့ သူတို့အကျိုးစီးပွားအတွက် သူတို့နဲ့မူဝါဒ မတူမှုများအတွက် မြန်မာ နိုင်ငံကို နည်းမျိုးစုံဒုက္ခပေးနေဦးမှာ ဖြစ်ပါတယ်။ အဓိကက အချင်းချင်း စည်းလုံးညီညွတ်ဖို့နဲ့ အတူတကွ ကာကွယ်စောင့်ရှောက်ကြဖို့ပါပဲ။
နေ့စဉ်ဘဝ ဖြတ်သန်းမှုထဲ မိမိနေထိုင်ရာခြံဝန်းအတွင်း သာယာလှပဖို့ဆိုရာမှာတောင် စာရေးသူ တို့ဟာ ကိုယ်တစ်ဦးတည်း ရှင်သန်နေထိုင်ဖို့အတွက်သာမက သဘာဝဂေဟစနစ်တွေ မပျက်မစီးဘဲ ကိုယ့်ဝန်းခြံအတွင်း မှီတည်နေထိုင်တဲ့ ကျေးငှက်သာရကာလေးတွေ၊ ရှဉ့်ကလေးတွေရဲ့ နေထိုင် ရှင်သန်မှုကိုပါ စောင့်ရှောက်ကြရသည် မဟုတ်ပါလား။ ငှက်ကလေး၊ ရှဉ့်ကလေးတွေကိုစောင့်ရှောက် ရမှာဖြစ်သလို ကြောင်ကိုလည် စနစ်တကျ မွေးရမှာပါပဲ။ အလေ့အထ သဘာဝ၊ ရှင်သန်ရပ်တည်မှု မတူညီတာ၊ မတူကွဲပြားတာတွေကို လက်ခံပြီး ဒီဂေဟစနစ်ထဲ တစ်ကောင်ကြောင့် တစ်ကောင် ပျက်စီးမှုမရှိရအောင် အတူယှဉ်တွဲမွေးမြူရှင်သန်နိုင်ကြစေဖို့ စနစ်တကျ မွေးမြူ စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ ကြောင်တွေ ရှဉ့်တွေ ငှက်တွေကတော့ တိရိစ္ဆာန်တွေဆိုတော့ ငြိမ်းချမ်းစွာအတူ နေဖို့ရာမှာ အင်အားအကြီးအသေး၊ ၎င်းတို့ရဲ့ အစာအတွက် ရှာဖွေစားသောက်မှုပုံစံနဲ့ ၎င်းတို့အစားအစာအပေါ် မူတည်တဲ့အတွက် သူတို့ဖာသာ ပြောင်းလဲဖို့ရာ ခက်ခဲပါတယ်။ ကြောင်က အသားစားတဲ့ သတ္တဝါဖြစ်ပြီး ရှဉ့်တို့၊ ငှက်တို့ထက် အားကြီးလေတော့ သူ့သဘာဝအတိုင်းပဲ နေထိုင်ရှာဖွေစားသောက်မှာဖြစ်လို့ အသိဉာဏ်ရှိတဲ့သူတွေကပဲ စနစ်တကျမွေးမြူ စောင့်ရှောက်ကြရမှာဖြစ်တယ်။
လူသားတွေအဖို့မှာလည်း ဒီလိုပါပဲ။ နိုင်ငံတွေမှာ အုပ်ချုပ်မှုပုံစံတွေလည်း ကွဲပြားခြားနားမှုရှိသလို တိုင်းရင်းသားလူမျိုးစုတွေအကြားမှာလည်း ယဉ်ကျေးမှုအယူဓလေ့ ကိုးကွယ်မှုဘာသာများ ကွဲပြား ခြားနားမှုရှိကြပါတယ်။ မတူကွဲပြားမှု၊ အယူဝါဒ မတူညီမှုတွေကို လက်ခံပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကို စဉ်းစားဆောင်ရွက်ကြရပါမယ်။ ဒီနေရာမှာ ပညာတတ်မြောက်မှုဟာလည်း အဓိကကျတဲ့ ထိန်းကျောင်းနိုင်စွမ်းအားတစ်ခုဖြစ်တာ မေ့ထားလို့မရပါဘူး။ ပညာတတ်မှ ထိုးထွင်း မြော်မြင်နိုင်စွမ်း၊ ပိုင်းခြား သိမြင်နိုင်စွမ်းတွေ မြင့်တက်လာမှာဖြစ်တဲ့အတွက် ပညာတတ်အောင်လည်း သင်ကြားကြရမယ်။ တွေးခေါ်စဉ်းစားနိုင်တဲ့ဉာဏ်ပညာ၊ တွေးခေါ်စဉ်းစားတတ်တဲ့အလေ့အကျင့် ရရှိအောင် လေ့ကျင့်သင်ကြားပေးရပါမယ်။ ဒါမှသာ ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်နိုင်မှာဖြစ်ပါတယ်။
နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရပါမယ်၊ တိုင်းရင်းသားအားလုံး အချင်းချင်း သင့်မြတ်အောင်နေထိုင်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးဆီ ဦးတည် လျှောက်လှမ်းကြ ရပါမယ်။ အတူတကွနေထိုင်တဲ့ အိမ်ကြီး ယိုယွင်းပဲ့ကြွေသွားလို့ ကောင်းကျိုးခံစားရတဲ့အိမ်သားဆိုတာ မရှိပါဘူး။ မယိမ်းယိုင် မပြိုလဲအောင် ဝိုင်းဝန်းကြိုးစားတည့်မတ်ကြရမှာပါ။ မတူကွဲပြားမှုတွေကြားက တူညီရာဦးတည်ရာသည် အမိနိုင်ငံကို ကာကွယ်နိုင်ဖို့ပဲ ဖြစ်သင့်ပါတယ်။ တိုင်းရင်းသားအားလုံးမှာ အတူတကွ တာဝန်ရှိပါတယ်။ အတူကြိုးစားကြရပါမယ်။ ကွဲပြားမှုတွေအတွက် ညှိနှိုင်းအဖြေရှာကြရမှာ ဖြစ်သလို အိမ်နီးနားချင်းနိုင်ငံတွေနဲ့လည်း သင့်မြတ်အောင်နေရပါမယ်။ အင်အားကြီးပြီး ဒုက္ခပေးနိုင်တဲ့ နိုင်ငံတွေနဲ့လည်း သင့်မြတ်အောင်နေထိုင်ပြီး ကိုယ့်နိုင်ငံအကျိုးစီးပွားအတွက် ပေါင်းစည်း ဆောင်ရွက် ကြရပါမယ်။ ဘယ်သူနဲ့ဆက်ဆံပေါင်းသင်းသည်ဖြစ်စေ ကောင်းကျိုးရအောင် ဖန်တီးထုတ်နှုတ် ရယူ နိုင်ဖို့ဟာ ကိုယ့်ရဲ့စီမံဖန်တီးစွမ်းအားနဲ့သာ သက်ဆိုင်ပါတယ်။ အသိနဲ့ သတိကိုတော့ ကိစ္စရပ်တိုင်းမှာ မေ့လျော့မကျန်ခဲ့စေဖို့ အထူးသတိပြုရမှာပါပဲ။
ကိုယ့်နိုင်ငံအချုပ်အခြာအာဏာ တည်မြဲဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံသူနိုင်ငံသားတွေ၊ တိုင်းရင်းသား လူမျိုးတွေ ဘေးကင်းလုံခြုံမှုရှိဖို့ရာ အုပ်ချုပ်သူနိုင်ငံ့အစိုးရတွေမှာ တာဝန်ရှိသလို အဲ့ဒီနိုင်ငံရဲ့ တပ်မတော် မှာလည်း တာဝန်ရှိပါတယ်။ နိုင်ငံသားတိုင်းမှာလည်း တာဝန်ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံသား တိုင်းရင်းသားတွေဟာ လူသားတွေဖြစ်လို့ ငြိမ်းချမ်းစွာ အတူနေထိုင်ဖို့ဆိုတာဟာ ကိုယ်တိုင်ဖန်တီးမှ ရမယ့်အရာဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေကို လိုက်နာပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ၊ ဘေးကင်းလုံခြုံတဲ့နိုင်ငံ တည်ဆောက်ဖို့၊ အချုပ်အခြာအာဏာ ကာကွယ်နိုင်ဖို့၊ မျိုးဆက်သစ်များအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးထားဖို့လည်း မဖြစ်ဖြစ်အောင် ကြိုးစားကြရပါမယ်။ ကြီးနိုင်ငယ်ညှင်း မလုပ်ရလေအောင်၊ စည်းမဲ့ကမ်းမဲ့ မဖြစ်ရလေအောင်၊ မိမိအခွင့်အရေးအတွက် အခြားသူများရဲ့အကျိုး စီးပွား မထိခိုက်ရလေအောင် ဥပဒေတွေ ပြဌာန်းပြီး ထိန်းသိမ်းနေထိုင်ကြရပါမယ်။ ဘာသာတရားရဲ့ အဆုံးအမ၊ အသိဉာဏ်ပညာတို့ဖြင့် ယဉ်ကျေးလာအောင်၊ စာနာတတ်အောင်၊ အများအကျိုး သယ်ပိုး တတ်အောင်၊ ပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းကို အကျိုးပြုအောင် နောက်မျိုးဆက်ကို လေ့ကျင့် ပျိုးထောင်ပေးကြရပါမယ်။ နိုင်ငံကို ချစ်မြတ်နိုးအောင် မျိုးချစ်စိတ် မျိုးစေ့ကို ရင်ထဲ စွဲမြဲခိုင်မာစွာ အမြစ်တွယ်အောင် ပျိုးထောင်ပေးကြရပါမယ်။
ပိုကောင်းတဲ့မနက်ဖြန်များမှာ ပိုမိုသာယာလှပတဲ့ဝန်းကျင်ကောင်းမှာ ရှင်သန်နေထိုင်ခွင့်ရရှိကြ စေဖို့ ကောင်းကျိုး ကိုယ်၌တည်အောင် ကြိုးစားကြရပါမယ်။ နိုင်ငံကိုကာကွယ်ဖို့အတွက်၊ နိုင်ငံ ဖွံ့ဖြိုးရေးအတွက်၊ နိုင်ငံသူ၊ နိုင်ငံသားများအကျိုးအတွက် နိုင်ငံသားများ၊ အဖွဲ့အစည်းများက ဘာလုပ် ပေးနိုင်မလဲ၊ ဘာလုပ်ပေးသင့်သလဲဆိုတာကို သေချာစဉ်းစားပြီး ကောင်းသောအရာများကို လက်တွေ့ ကျကျ စုပေါင်းအားဖြင့် ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းရင်း..........။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်