နေပြည်တော် ဇွန် ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ (၄) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် စွမ်းဆောင်ရည်ဆုများ ချီးမြှင့်ခြင်း၊ ဌာနအလိုက် စွမ်းဆောင်ရည်ဆုများ ချီးမြှင့်ခြင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များမှ ဖွင့်လှစ်သည့် သင်တန်းများတွင် ထူးချွန်ဆုများရရှိကြသူများ ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ၂၀၂၅-၂၆ ပညာသင်နှစ် ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်း၊ ဝန်ထမ်းများအတွက် ကံစမ်းမဲဖောက်ပေးခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်း က အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေနဲ့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ၁၇-၆-၂၀၂၁ ရက် နေ့တွင် စတင်ဖွဲ့စည်းပေးခဲ့ပြီး ယနေ့ဆိုလျှင် ဝန်ကြီးဌာန (၄) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်ရဲ့ ရည်မှန်းချက်များ ပြည့်မီစေရေး၊ ကျေးလက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးကို အဓိကထား တာဝန်ယူဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ ကျေးလက်နေ ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မားလာစေရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး မိသားစုဝင်ငွေ တိုးပွားလာစေရေး တို့အတွက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သမဝါယမအသင်းများဖွဲ့စည်း၍ စိုက်ပျိုးမွေးမြူရေး အခြေခံ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျေးလက် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများကိုပါ ဆောင်ရွက်လျက် ရှိပါကြောင်း၊
၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်အကြီးအကဲ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ပျိုး ထုတ်လုပ်ရေးစီမံကိန်း၊ နွေစပါးစီမံကိန်း၊ ဆောင်းဆီထွက်သီးနှံစီမံကိန်း၊ စက်မှုသီးနှံဝါစိုက်ပျိုးရေးစီမံကိန်း၊ နို့စားနွား မွေးမြူရေးစီမံကိန်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဆီစက်လုပ်ငန်းများ၊ ဆိုလာ စွမ်းအင်သုံး စိုက်ပျိုးရေရရှိရေး လုပ်ငန်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ၊ ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း စီမံကိန်းလုပ်ငန်းများ၊ ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းများ၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ မိသားစု ဝင်ငွေတိုးရေးအတွက် ဝင်ငွေတိုးစီမံကိန်းများ၊ ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ ဆောင်ရွက်နိုင်ခဲ့ပြီး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်းနှင့်သန်လျင်)၊ သမဝါယမ ကောလိပ် (မန္တလေးနှင့် ဖောင်ကြီး)၊ သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း (၅) ကျောင်းတို့မှာ ကျောင်းသား/ ကျောင်းသူ အရေအတွက် ပြည့်မီအောင် သင်ကြား ပို့ချနိုင်ခဲ့ပါကြောင်း၊
ထို့အပြင် သမဝါယမအသင်းဥပဒေကို ပြင်ဆင်ထုတ်ပြန်နိုင်ရေး တင်ပြထားပြီး ကျေးလက် လမ်းဖွံ့ဖြိုးရေးဥပဒေကို ပြဌာန်းထုတ်ပြန် နိုင်ခဲ့ပါကြောင်း၊ သမဝါယမဦးစီးဌာန၏ သက်တံ့ရောင် ဝင်ငွေတိုးစီမံကိန်းကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊
ရာဂီ မုန်တိုင်းဒဏ်သင့်ဒေသများတွင် အရင်းအနှီး ထူထောင်ပေးခြင်း၊ သန့်ရှင်းသော သောက် သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လမ်း၊ တံတားလုပ်ငန်းများ ပြုပြင်ဆောင်ရွက် ပေးခြင်း၊ လယ်ယာမြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ CB Bank မှ လှူဒါန်းသော ငွေကျပ်သန်း (၃၀၀) ဖြင့် ကျေးလက်အိမ်ရာများ တည်ဆောက်ပေးခြင်း၊ ရေဘေးသင့်ပြည်သူများသို့ ဆန်၊ ဆီ၊ အစားအစာ၊ အဝတ်အထည်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများ လှူဒါန်းပေးခြင်း၊ ပုဂံဒေသရှေးဟောင်းရေကန်များ တူးဖော်ခြင်းနှင့် ကျေးရွာအဝင်လမ်း၊ ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊
မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ငလျင် ဘေးသင့်ဒေသများတွင် အရေးပေါ်တုံ့ပြန်ရေးဆောင်ရွက်နိုင်မှုများအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ရေသန့်စင်ကား (၉) စီးဖြင့် သောက်သုံးရေရရှိရေး လုပ်ငန်းများ၊ ဝန်ထမ်း များ မိုးမကျမီ အမိုးအကာအောက် နေရာချထားနိုင်ရန် Prefabricated Modular House များ၊ Basha လိုင်းခန်းများကို ရေ၊ မီး ရရှိရေး၊ မိလ္လာ၊ အမှိုက်စွန့်ပစ်ရေး၊ ကျန်းမာသန့်ရှင်းရေး၊ သွားလာရေးဆိုင်ရာများအတွက်ပါ ထည့်သွင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထိခိုက်သေးဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဝန်ထမ်းများအတွက်လည်း ပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊
ဝန်ထမ်းသက်သာချောင်ချိရေးအနေဖြင့်လည်း ရုံးဖွင့်ရက်များတွင် ဝန်ထမ်းများအား နေ့လည် စာ ကျေးမွေးခြင်း၊ လစဉ် ဆန်၊ ဆီ စသည့် မီးဖိုချောင်သုံးပစ္စည်းများ ပုံမှန်ထောက်ပံ့ခြင်း၊ ဝန်ထမ်း သားသမီးများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ခြင်း၊ ဝန်ထမ်းများအတွက် တူညီဝတ်စုံများ ထောက်ပံ့ခြင်း၊ ကံစမ်းမဲများ ဖောက်ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံတော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့/ တံဆိပ် ရရှိသူများ၊ လုပ်ငန်းအလိုက် စွမ်းဆောင်ရည် အကောင်းဆုံးဆုရရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် အခြား ဝန်ကြီးဌာနများတွင် ဆုရရှိသူများ၊ စာတမ်းရှင်နှင့် ဆောင်းပါးပြိုင်ပွဲဆုရရှိသူများကို ထိုက်ထိုက် တန်တန် ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊
အခုလို လုပ်ငန်းများအောင်မြင်အောင်၊ ဝန်ကြီးဌာနဂုဏ်တက်အောင် အဖက်ဖက်မှ စွမ်းအား ပြည့်ဆောင်ရွက်ပေးကြတဲ့၊ ကြီးကြပ်ကွပ်ကဲပေးကြတဲ့ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ ဝန်ထမ်းများ အားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ စဉ်ဆက်မပြတ် တိုးတက်ရန် အရေးကြီးသဖြင့် ကြီးကြပ်ကွပ်ကဲမှုကောင်းကောင်းနှင့် M&E စနစ်တကျလုပ်ကြရန်၊ ဝန်ထမ်းများ စွမ်းရည်မြှင့်အောင် ဆောင်ရွက်ရန်၊ ဥပဒေလုပ်ထုံးလုပ်နည်း လိုက်နာရန်၊ ဌာနတွင်း စည်းလုံးညီညွတ်မှု ကောင်းအောင် လုပ်ကြရန်၊ လုပ်ငန်းခွင်မှာ ပျော်ရွှင်ရေး စီမံဆောင်ရွက်ပေးရန်၊ ဝန်ထမ်းသက်သာ ချောင်ချိရေးများ ဆက်လုပ်ကြရန်၊ ပြည်သူ့အကျိုး ရှေ့ရှုပြီး အဂတိတရားကင်းကင်းနဲ့ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမြင့်စိုးက မိမိတို့ဝန်ကြီးဌာန၏ (၄) နှစ်ပြည့် မင်္ဂလာနှစ်ပတ် လည်နေ့မှသည် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်အညီ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ဆတက်တမ်းပိုး ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် ဘွဲ့၊ တံဆိပ် ရရှိသူများ၊ စပါးအထွက်တိုးဆု၊ ကျေးလက်ဖွံ့ဖြိုးရေးဘက်စုံထူးချွန်ဆု၊ ဌာန၏ လုပ်ငန်းစဉ်များ အပေါ် အကောင်းဆုံးအကောင်အထည်ဖော်နိုင်မှုဆု၊ ကျေးလက်လမ်း၊ တံတားများ အရည်အသွေး ပြည့်မီပြီး အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်မှုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်း ဆောင်ရွက်နိုင်မှု ဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော ကျေးရွာဆု ရရှိကြသူများကို ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် အခြားဝန်ကြီး ဌာနများတွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ဝန်ထမ်းများအတွက် ဂျာကင်နှင့် တူညီဝတ်စုံများ၊ ဝန်ထမ်းသားသမီးများအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံစသည့် စာရေးကိရိယာများ၊ ကံစမ်းမဲပေါက်သော ဝန်ထမ်းများအတွက် ပစ္စည်း များကိုလည်းကောင်း ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူ များက ဆုရရှိကြသူများ၊ တူညီဝတ်စုံများ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ၊ ကံစမ်းမဲ ပေါက် သူများအား ဆက်လက်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများ၊ အလှူရှင်များ၊ ဝန်ထမ်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါဝန်ကြီးဌာန၏ (၄) နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ်တရားတော် နာယူခြင်း အခမ်းအနားကို ယင်းနေ့နံနက်ပိုင်းက သီရိဂန္ဓမာသပြေအေး မိုးကုတ်ဝိပဿနာကျောင်း တိုက်၌ ကျင်းပပြုလုပ်ရာ ပဓာဏနာယကဆရာတော် အရှင်ဂန္ဓမာလာထံမှ ငါးပါးသီလခံယူခြင်း၊ ဆရာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်း၊ ရေစက်သွန်းချ အမျှပေးဝေခြင်းနှင့် ဆရာတော်အရှင်သူမြတ်တို့အား အာရုံဆွမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်