Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်းများအတွက် အထွက်တိုးစပါမျိုးနှင့် သွင်းအားစုများ ပေးအပ်


20 Jun,2025

နေပြည်တော် ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ ဝါးခယ်မမြို့နယ်နှင့် အိမ်မဲမြို့နယ် အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်း (၁၄) သင်း၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်နှင့် မော်လ မြိုင်ကျွန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသမဝါယမအသင်း (၈) သင်းတို့အတွက် ငွေကျပ်သန်းပေါင်း (၁၅၁၈) သန်း တန်ဖိုးရှိ အထွက်တိုးစပါးမျိုးများ၊ သွင်းအားစုများ၊ မျိုးစေ့ချကိရိယာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လပွတ္တာမြို့၊ ရွေးနဒီခန်းမ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ဧရာဝတီတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ သမဝါယမအသင်းသားတောင်သူများ တက်ရောက်ကြသည်။

သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးက မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်း မိုးစပါး စိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။  

ယင်းနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်း၍ နွေစပါး မိုးစပါး၊ ဆီထွက်သီးနှံ နေကြာ မြေပဲနှင့် နှမ်း စက်မှုသီးနှံဝါ စိုက်ပျိုးနေမှု၊ သမဝါယမတက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများ ဖွင့်လှစ်၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူ မိသားစုဝင်ငွေတိုးရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားပြီး သမဝါယမအသင်းများက စိုက်ပျိုးသည့်သီးနှံအားလုံး ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကားပြောကြားသည်၊

ထို့နောက် ဒုတိယဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများက အထွက်တိုးမျိုးစပါးများဖြစ်သော GW-11 ဆာဖိုးသာ၊ နယူးဧရာ၊ အောင်နိုင်တိုး မျိုးများ၊ သွင်းအားစုများ၊ မျိုးစေ့ချကိရိယာ Drum Seeder များ ပေးအပ်ခဲ့ကြရာ မြို့နယ်အလိုက် အသင်းအမှုဆောင်များက လက်ခံရယူကြသည်။

ယင်းနောက် အသင်းသားတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် တာဝန်ရှိ သူများက ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တက်ရောက်လာသော သမဝါယမအသင်းသားတောင်သူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ပန်းတနော်မြို့နယ်၊ ကျုံပတောကျေးရွာသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော ပေ (၁၈၀) ကျုံပတောချောင်းကူးတံတား အား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် (၃) ဖာလုံ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့် သိမ်ကုန်း-ချောင်းကလေး လမ်းအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့သည်။

ဒုတိယဝန်ကြီးသည် ယမန်နေ့ညနေပိုင်းကလည်း ဝါးခယ်မမြို့နယ်၊ ကြခတ်ကုန်းကျေးရွာသို့ သွားရောက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာအဝင် ပေ (၆၀) သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မရမ်းချောင်ကျေးရွာသို့ သွားရောက်၍ တိုးပွားအောင် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဒေါ်ဌေးဝင်း၏ လယ်မြေ (၅) ဧက တွင် စိုက်ပျိုးရေးဦးစီးဌာနက ထုတ်လုပ်ထားသော အစေ့ချကိရိယာဖြင့် အောင်နိုင်တိုး အထွက်တိုး မျိုးစပါး မျိုးစေ့ချနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက သဲကုန်း၊ ကြံခတ်ကုန်း၊ သံကွင်းကျေးရွာ အုပ်စုများမှ သမဝါယမအသင်းသားတောင်သူများအတွက် အောင်နိုင်တိုး အထွက်မျိုးစပါးများ ပေးအပ်ခဲ့ကြ သည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ပထမနှစ်သင်တန်းသား ရရှိမှုအခြေအနေ၊ ကျောင်းးသားကျောင်းသူများ နေထိုင်စားသောက်ရေး ကိစ္စ၊ အုပ်ချုပ်မှုကိစ္စရပ်များကို ညှိနှိုင်းမှာကြားပြီး (၃) ထပ် သင်တန်းသားအိပ်ဆောင်သစ် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်