Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမအသင်းပိုင်ငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်မည့် အသင်းသားတောင်သူများ သို့ အထွက်တိုး မျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲ အခမ်းအနားတက်ရောက်


01 Jul,2025

နေပြည်တော် ဇွန် ၂၇

          သမဝါယမအသင်းပိုင်ငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်မည့် မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်းရှိ ပျော်ဘွယ်မြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့မှ မိုးစပါးစိုက် သမဝါယမအသင်းသားတောင်သူများသို့ အထွက်တိုး မျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချကိရိယာ (Drum Seeder)ပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ပျော်ဘွယ်မြို့နယ် ကထိန်ရာပြည့် သာသနာ့ ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

          ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီး အတွင်း သမဝါယမကဏ္ဍမှ နွေစပါး၊ မိုးစပါးစိုက်ပျိုးမှု အခြေအနေများ၊ အတွက်တိုးမျိုးနှင့် သွင်းအားစု များ ထောက်ပံ့ပေးအပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများကို အရှိန် အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများ၏ လူမှုစီးပွား ဘဝမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာ များတွင် အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစား တူညီသူများ စိတ်တူ ကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ၊ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူ များ၏ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစု ပံ့ပိုးပေးနိုင်ရေး ထွက်ရှိ လာသော စိုက်ပျိုးရေး၊ မွေးမြူရေး ထုန်ကုန်များကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက် ရှိပါကြောင်း၊ ယခုမိုးစပါးစိုက်တောင်သူများအနေဖြင့် သတ်မှတ်ပန်းတိုင် အထွက်နှုန်း ရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်း မျိုးသန့်များနှင့် သွင်းအားစု များကို နိုင်ငံတော်ထောက်ပံ့ငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ သမဝါယမအသင်း ရန်ပုံငွေ၊ သွင်းအားစုလုပ်ငန်းရှင်များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခင်နှစ်အားနည်းချက် ယခုနှစ်ရာသီတွင် ပြုပြင်လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဒါမှသာ စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိမှာဖြစ်ပြီး တောင်သူများ၏ ဝင်ငွေနှင့်လူနေမှု အဆင့်အတန်းမြင့်မားလာ စေမှာဖြစ်သည့်အတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အသင်းသားတောင်သူ  များ အနေဖြင့် ကိုယ်လုပ်မှကိုယ်ရမှာဖြစ်၍ လုပ်ဆောင်ရမည့် စိုက်ပျိုးရေး လုပ်ငန်းစဉ်များအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အသင်းသားတောင်သူများ အချိန်မီ ထွန်ယက်၊ စိုက်ပျိုး၊ ရိတ်သိမ်းနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများ ဈေးကွက်ရရှိရေးသက်ဆိုင်ရာ တာဝန်ရှိသူ များက ချိတ်ဆက်ဆောင်ရွက် ပေးရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားပြီးနောက် အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပျော်ဘွယ်မြို့နယ်နှင့် ရမည်းသင်း မြို့နယ်တို့အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် အထွက်တိုးမျိုး၊ သွင်းအားစုနှင့် မျိုးစေ့ချ ကိရိယာ(Drum Seeder)များ ထောက်ပံ့ပေးအပ်ကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ရန်ကုန်-မန္တလေးကားလမ်းမကြီးမှ သူဌေးကုန်း- ကျောင်းကုန်း-အုန်းပင်ခြံ-လက်ပံတော-သရက်ပင်လမ်း ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သောနေရာ အား ကွန်ကရစ်ရေပြွန်တည်ဆောက်ပြီးစီးမှု အခြေအနေအားလည်းကောင်း၊ မင်းလှသာစည် ကျေးရွာရှိ လူဦးရေ ၄၆၀ ကျော်ကို အကျိုးပြုပေးနိုင်မည့် ရန်ကုန်- မန္တလေးကားလမ်းမကြီးမှ မင်းလှသာစည်ကျေးရွာသို့ ဆက်သွယ်သောလမ်းအား ကျောက်ရောမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆောလျင်စွာပြီးစီးရေး သတ်မှတ်စံချိန်စံညွှန်း အရည်အသွေး ပြည့်မီစေရေး အလေးထားကြပ်မတ် ဆောင်ရွက်ကြရန်နှင့် ကျေးရွာလမ်းကော်မတီ ဝင်များနှင့် ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဆောင်ရွက်ပြီးဖွံ့ဖြိုးရေး လုပ်ငန်းများအား ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကျေးရွာရှိ တောင်သူ(၁၂)ဦး၏ စိုက်ပျိုးမြေဧက(၃၀) အကျိုးပြုပေးလျက်ရှိသည့် မင်းလှသာစည်ကျေးရွာ ဆိုလာစိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက် ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်၍ တောင်သူများအနေဖြင့် ရာသီအလိုက် ဈေးကွက်ဝင်သည့် သီးနှံများကို သီးထပ်(၃)သီး စိုက်ပျိုးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊  လုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေး ကော်မတီဝင်များမှ ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင့် ပြင်ဆင် ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ရေအသုံးပြုသူများထံမှ သင့်တင့်သည့် ရေခွန် ရေခများကောက်ခံထိန်းသိမ်းကြရန်လိုအပ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် ပွင့်လင်းမြင်သာစွာ တာဝန်ယူ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ်၊ မင်းလှသာစည် စံပြ ကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ် နည်းပညာသင်တန်းနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်းသူများ၏ စက်ချုပ်လုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုအားပေးရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သောအရင်းအနှီးများ ထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်မှ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ်၊ ဆည်ကြီးကျေးရွာသို့ သွားရောက်ပြီး အသင်းသားတောင်သူများ၏ မိုးကြိုဝါစိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ဝါစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးထားသောဝါများ အထွက်တိုးရေးအတွက် သတ်မှတ်ချက်မျာအတိုင်း အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဝါဆွတ်ခူးချိန်တွင် အရည်အသွေး၊ အမျိုးအစား Grade A,B,C အဆင့်ဆင့်ရှိသည့်အနက် သတ်မှတ်အရည်အသွေးနှင့် ပေါက်ဈေးနှုန်းကို တောင်သူကြီးများ သိရှိအောင် အသိပညာပေးရန်လိုအပ်ကြောင်း၊ စနစ်တကျဆွတ်ခူး ထွက်ရှိလာသော ဝါများ ဈေးကောင်းရရှိရေး ဈေးကွက်သေချာစွာရရှိရေး အစိုးရနှင့် ပုဂ္ဂလိက ချည်စက်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး ဝါစိုက်တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်ဆောင်ရွက်ပေးပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့၊ “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ ဝါကြိတ်စက်နှင့် ဝါသိုလှောင်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်