သန်လျင် ဇူလိုင် ၁
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “သိမ်မွေ့ရှုမဝ မြန်မာ့အလှ” လှယဥ်ကျေးမယ်နှင့် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ်ဒေါက်တာရီရီဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ အဆိုပါပြိုင်ပွဲတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ သင်တန်းနှစ်အသီးသီးမှ ပြိုင်ပွဲဝင် ကျောင်းသူ (၂၈) ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။ ဦးစွာပြိုင်ပွဲကို ပထမနှစ်နှင့် အထူးပြု ဘာသာရပ် (၅)ခုမှ ကျောင်းသူများက “မြစိမ်းရောင်လွှမ်း အေးချမ်းစေမည် မြန်မာပြည်” အဖွင့်သီချင်းဖြင့် ကပြ ဖျော်ဖြေကြသည်။ ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသူများအား အမှတ်ပေးအကဲဖြတ် ဒိုင်အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။ ဆက်လက်၍ ပြိုင်ပွဲဝင်ကျောင်းသူ (၂၈) ဦးက ခါးနံပါတ် (၁) မှ (၁၄) အထိ တစ်ဖွဲ့၊ ခါးနံပါတ် (၁၅) မှ (၂၈) အထိ တစ်ဖွဲ့၊ အဖွဲ့ (၂) ဖွဲ့ခွဲ၍ တစ်ဦးချင်းယှဥ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲဝင်ကျောင်းသူ (၂၈) ဦးအနက် အမှတ်ပေးအကဲဖြတ်ဒိုင်အဖွဲ့က ကျောင်းသူ (၁၀) ဦးအား ရွေးချယ်၍ တစ်ဦးချင်း ထပ်မံယှဥ်ပြိုင်ခဲ့ကြပြီး ဆန်ခါတင် ၅ ဦးအား ရွေးချယ်၍ မေးခွန်းများ မေးမြန်းကာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု (၂) ဆုကို ရွေးချယ်ခဲ့ကြသည်။
ထို့နောက် “သိမ်မွေ့ရှုမဝ မြန်မာ့အလှ” လှယဥ်ကျေးမယ်နှင့် မြန်မာ့ရိုးရာ ဝတ်စား ဆင်ယင်မှုပြိုင်ပွဲတွင် ပထမဆုရရှိသူ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြု တတိယနှစ်ကျောင်းသူ မိုင်စိုးစိုးထွေး (ခါးနံပါတ် ၂၅)အား သရဖူ၊ စလွယ်နှင့် ဆုငွေကျပ် ၅ သိန်းကို ပါမောက္ခချုပ်က လည်းကောင်း၊ ဒုတိယဆုရရှိသူ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြု တတိယနှစ် ကျောင်းသူ မဖူးသဇင်သန့်(ခါးနံပါတ် ၄)အား သရဖူ၊ စလွယ်နှင့် ဆုငွေကျပ် ၃ သိန်းကို ဆုချီးမြှင့် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပါမောက္ခ(ဌာနမှူး) ဒေါက်တာအေးအေးမော်ကလည်းကောင်း၊ တတိယဆုရရှိသူ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြု တတိယနှစ်ကျောင်းသူ မမေမြတ်နိုး(ခါးနံပါတ် ၂၆)အား သရဖူ၊ စလွယ်နှင့် ဆုငွေကျပ် ၂ သိန်းကို ပြိုင်ပွဲကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ ပါမောက္ခ(ဌာနမှူး) ဒေါ်ခင်အေးမာကလည်းကောင်း၊ နှစ်သိမ့်ဆု (၁) ရရှိသူ စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြု တတိယနှစ်ကျောင်းသူ မလွန်းပိုးဖြူ(ခါးနံပါတ် ၂၃) အား သရဖူနှင့် ဆုငွေကျပ် ၁ သိန်းကို ပါမောက္ခ(ဌာနမှူး) ဒေါ်နှင်းမိုးဆမ်းကလည်းကောင်း၊ နှစ်သိမ့်ဆု (၂) ရရှိသူ ပထမနှစ်ကျောင်းသူ မဆုထက်ဝေ(ခါးနံပါတ် ၁) အား သရဖူနှင့် ဆုငွေကျပ် ၁ သိန်းကို ပါမောက္ခ(ဌာနမှူး) ဒေါ်စန္ဒာဝင်းကလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့အပြင် ပြိုင်ပွဲဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြသည့် ကျောင်းသူတစ်ဦးချင်းစီအား ပါမောက္ခချုပ်က ဂုဏ်ပြုငွေကျပ် ၅ သောင်းစီကို ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် ပြိုင်ပွဲတွင် အစီအစဉ်အလိုက် တေးသီချင်းများဖြင့် ကပြဖျော်ဖြေ ခဲ့ကြသည့် ပထမနှစ်နှင့် အထူးပြုဘာသာရပ်(၅)ခုမှ ကျောင်းသူအဖွဲ့ ၇ ဖွဲ့အား ပါမောက္ခချုပ်က ဂုဏ်ပြုပန်းစည်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်