နေပြည်တော် ဇူလိုင် ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သော စီမံကိန်းအထောက်အပံ့ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိရေး၊ ကျေးလက်ဒေသထွက်ကုန် ကြမ်းများကို အခြေခံ၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည်လည်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျထွန်းကားစေပြီး ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်း စေရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ သင်ကြားပို့ချပေးခြင်း၊ နည်းပညာအကူ အညီပေးခြင်း၊ အားပေးကူညီခြင်းနှင့် ထွက်ရှိလာသည့် ကုန်ပစ္စည်းများကို ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးခြင်း၊ ဥပဒေနှင့်အညီ စနစ်တကျလုပ်ငန်းမှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ပို့ချပေးရုံမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံလုပ်ငန်းထူထောင်နိုင်ရေးအတွက် လုပ်ငန်းသုံးပစ္စည်းများကို ဝင်ငွေတိုးစီမံကိန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် သင်တန်း(၅)ကြိမ်မှ သင်တန်းသား(၂၅)ဦးအား ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်ရာတွင် အသုံးပြုသည့် စားသောက်ကုန်လုပ်ငန်းသုံး ပစ္စည်းများဖြစ်သော မုန့်ဖုတ် Electric Oven ၊ Gas Oven ၊ သီးနှံအခြောက်ခံစက်၊ ရေခဲမုန့်စက်၊ ရေခဲစက်၊ အာလူးလှီးစက်၊ လေစုပ်အိတ်ပိတ်စက်၊ Freezer ၊ မျှစ်လုပ်ငန်းသုံး ပစ္စည်းများဖြစ်တဲ့ မျှစ်ပြုတ်အိုးကြီး၊ မိုးကာ၊ ပလပ်စတစ်အိတ်အမျိုးမျိုး၊ လုပ်ငန်းသုံးပစ္စည်း အမေရိကန်ဒေါ်လာ (၂၂၅၀၀) နှင့်ညီမျှသော မြန်မာကျပ်ငွေ (၄၇,၁၁၅,၀၀၀/-) လေးရာခုနစ်ဆယ့်တစ်သိန်းတစ်သောင်းငါးထောင်တန်ဖိုးရှိ စက်ပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုစီမံကိန်းကထောက်ပံ့ ပေးအပ်သော လုပ်ငန်းသုံးပစ္စည်းများဖြင့် ဒေသတွင်း စိုက်ပျိုးရေးထွက်ကုန်များကို အသုံးပြုကာ အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် ဈေးကွက်ဝင် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ သွင်းကုန်အစားထိုး ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း စားသုံး သူဘေးအန္တရာယ်ကင်းရှင်းရေး၊ အာဟာရပြည့်ဝရေးကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ ထောက်ပံ့ပေးသည့် လုပ်ငန်းသုံးပစ္စည်းများကို အကျိုးရှိထိရောက်စွာ အသုံးပြုကြရန်နှင့် တာဝန် ရှိသူများကလည်း ကြီးကြပ်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေး မှူးချုပ်များက ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် သင်တန်းသား (၂၅) ဦးအတွက် လုပ်ငန်းသုံး ပစ္စည်းများအား ပေးအပ်ခဲ့ကြသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဖွင့်လှစ်ခဲ့သော သင်တန်းများ၏ Video Clip အား ကြည့်ရှု အားပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ ဆက်လက်ပြီး ခင်းကျင်းပြသထား သော ထောက်ပံ့လုပ်ငန်းသုံးပစ္စည်းများနှင့် အသေးစားထုတ်ကုန်များကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်