Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“ငယ်သော်လည်း လှနေပါသည်”


04 Jul,2025

“Small is beautiful” “ငယ်သော်လည်း လှနေပါသည်” ဟူသော စာစုကို သမဝါယမ လောကထဲ စ,ဝင်ခဲ့သည့် ၁၉၉၀ ခုနှစ် ကတည်းကကြားသိခဲ့ရတာ ယနေ့ထိတိုင်ပင်။ ယခင်ကလည်း ရှိကောင်းရှိနေနိုင်ပါသည်။ နောင်အနာဂတ်မှာလည်း ရှိနေဦးမည်က ငြင်းဖွယ်မရှိပေ။ အများအကျိုး ထမ်းသယ်ပိုးပြီး ကောင်းမွန်သောစီမံခန့်ခွဲမှုနှင့် အသင်းတွင်ပါဝင်ကြသူများအားလုံး တူညီအကျိုး ခံစားခွင့်ရှိနေခြင်းနှင့် ပွင့်လင်းမြင်သာမှု၊ သာတူညီမျှမှု၊ တရားမျှတမှုတွေ သန္ဓေတည်ထားတဲ့ အများ ဖြင့်ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည့် အသင်းအဖွဲ့လေးမှာ သေးငယ်လှသော်လည်း ယင်းမှ ဖူးပွင့်ပေး လိုက်သည့် ရနံ့ကြိုင်သည့် အသီးအပွင့်များကား လောကအလယ်တွင် တင့်တယ်လန်းဆန်း လှပ နေသည်က ပနံရနေသည်ဟု ဆိုချင်ပါသည်။ နိုင်ငံသားအနည်းဆုံး (၅)ဦးဖြင့် ဖွဲ့စည်းတည်ထောင်ခွင့် ရှိသည့် သမဝါယမအသင်းတစ်သင်းသည် သတ်မှတ်အစုရှယ်ယာ ကိုယ်စီထည့်ဝင်ပြီး ယင်းတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ငယ်ရွယ်သောပမာဏရှိသည်ဟု ထင်မှတ်ရ သော်လည်း သမဝါယမသဘောတရား၊ စံနှုန်း၊ ကျင့်ဝတ်၊ အနှစ်သာရများနှင့်အညီရှင်သန်ရပ်တည် နေခြင်းက ရိုးသားမှုကို အရင်းခံပြီး ဒီမိုကရေစီမူဘောင်များနှင့် လိုက်လျောညီထွေရှိနေခြင်းကြောင့် အသွင်ဆန်း၍ ရိုးရိုးယဉ်ယဉ်လေး လှနေနိုင်သည်က ပကတိ တရားပင် ဖြစ်ပေသည်။

အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် နှိုင်းယဉ်လျှင် သမဝါယမလုပ်ငန်းများဟာ လွန်စွာသေးငယ်၍ နည်းပါးနေပါသေးသည်။ သို့သော် သေးငယ်လွန်းသော သမဝါယမလူမှုစီးပွားရေးလုပ်ငန်းများက အခြေခံပြည်သူများအတွက် ထိရောက်တဲ့ အကျိုးပြုမှုကိုပေးစွမ်းနိုင်မှုကတော့ သူ့ခွန်သူ့အားထက် တောင်ပိုနေသည်ဟု ဆိုချင်ပါသည်။ ဖြတ်သန်းခဲ့ရသည့် မြန်မာ့သမဝါယမသမိုင်းတစ်လျှောက် အစိုးရ၏ ပံ့ပိုးကူညီမှု အနည်းငယ်ဖြင့်သာရှင်သန်ရပ်တည်လာခဲ့ရသည့် အချိန်တိုင်း ကြိုးစားမှုမပျက် ရုန်းကန်ခဲ့ရမှုတွေက မြန်မာ့မြေဝယ် နှစ်ပေါင်း ၁၂၀ နှစ် တိုင်ခဲ့ပါပြီ။ ခေတ်အဆက်ဆက် ပြည်သူ များ၏ လူမှုစီးပွားဘဝမြင့်မား တိုးတက်လာစေရေး ကဏ္ဍပေါင်းစုံမှ ပုံဖော်ပေးခဲ့သည့် သမဝါယမ များသည် မျက်မှောက်ခေတ်တွင်လည်း ကိုယ့်ခွန်ကိုယ့်အားနှင့် ထုဆစ်ပေးနေသည်က ပမာဏနည်း သော်လည်း ဆောင်ရွက်နေကြသည့် အပိုင်းတွင်ကိုယ်စီ အကျိုးအမြတ် ဖြစ်ထွန်းနေကြသည်ဟု ကြားသိရ၍ ဝမ်းသာပီတိဖြစ်မိပါသည်။ သို့ဆိုရာ သမဝါယမက ဘာတွေလုပ်ပေးနေတာလည်း စောကြော မိချင်ပါသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံပြီး ပြည်သူများ၏ စားဝတ်နေရေးကို ဖြည့်ဆည်းပေးသကဲ့သို့ တိုင်းပြည်၏စီးပွားရေးကိုလည်း စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များဖြင့် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူများကို လုပ်ငန်းတူရာစုစည်းပြီး ယင်းတို့လိုအပ်သည့်အထွက်နှုန်းတိုးသည့်မျိုးကောင်းမျိုးသန့်များနှင့်  သွင်းအားစု များကို ကျေးလက်ဒေသအရောက် စိုက်ပျိုးရာသီအမီထောက်ပံ့ပေးခြင်း၊ မြေယာပြုပြင်ခြင်းအပါအဝင် စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ သီးနှံများရိတ်သိမ်းချိန် လေလွင့်မှုနည်းပါးအောင် ခေတ်မီစက်ကိရိယာများ အသုံးပြုစေခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းထွက်ရှိလာရေး သမဝါယမအသင်းဖွဲ့စည်း၍ ပြည်သူတွေ ဝင်ငွေတိုးအောင်ကြိုးပမ်းလျက်ရှိနေခြင်းက သမဝါယမစနစ်၏  သဘောသဘာဝကို ယုံကြည်ကိုးစား ပြန်လည်ဦးမော့လာသည်ဟုဆိုချင်ပါသည်။ တောင်သူအားလုံးကိုတော့ ထောက်ပံ့ပေးနိုင်ခြင်းမရှိသေးပေမဲ့ သမဝါယမအသင်းသားတောင်သူများကိုတော့ သမဝါယမကဏ္ဍက ရည်မှန်းချက်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းသီးနှံ များစိုက်ပျိုး မည်ဆိုပါက ယင်းတို့လိုအပ်သော အထွက်နှုန်း တိုးမျိုးနှင့် မြေဩဇာများကို ကူညီထောက်ပံ့ နေသည်ဟုကြားသိရပါသည်။

 ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မိုးစပါးသီးနှံမှစ၍ ဟန်ချက်ညီညီထောက်ပံ့ပေးမှုနှင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဝါသီးနှံနှင့် ဆီထွက်သီးနှံများကို ပန်းတိုင်အထွက်နှုန်းထွက်ရှိလာနိုင်ရေး စီမံကိန်း သီးနှံများအဖြစ် သမဝါယမကဏ္ဍမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရလဒ်ကောင်းတွေ တဖြည်းဖြည်းရရှိလာပြီဟု သိရှိရပါသည်။ ရှေးရိုးစွဲအယူအဆရှိကြသည့် တောင်သူများအား မိရိုးဖလာ စိုက်ပျိုးမှုနှင့် ဒေသမျိုးစိုက်ပျိုးနေခြင်းတွေ ပြုပြင်ပြောင်းလဲဖို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့မှာ ခက်ခဲလှပါသည်။ ပြည်ထောင်စုဝန်ကြီး၏ အမြဲလမ်းညွှန် ကြီးကြပ်မှုများကြောင့် အထွက်တိုးမျိုး စိုက်ပျိုး၍ သီးနှံများအမှန်ပိုမိုထွက်ရှိလာသည်ကို တစ်နှစ် ထက်တစ်နှစ်သိရှိလာကြပြီးနောက် အသင်းသားတောင်သူအများစုမှာ အထွက်နှုန်းတိုးမျိုးများ စိုက်ပျိုးလာကြသည်ကို တွေ့ရှိရပါသည်။ ၂၀၂၅-၂၀၂၆ မိုးစပါးအတွက် သမဝါယမကဏ္ဍမှ ဧက (၁၅၀၀၀၀)ကျော်ခန့် စိုက်ပျိုးရန် ရည်မှန်း ထားပြီး စိုက်ပျိုးသည့်ဧကတိုင်းအတွက် ပန်းတိုင် အထွက်နှုန်းတင်း (၁၀၀) ထွက်ရှိနိုင်ရေးကြိုတင် စီမံဆောင်ရွက်မှုများကို စနစ်တကျလုပ်ဆောင် နေသည်ဟု ကြားသိရ၍ လယ်ယာထွက်ကုန်သီးနှံများ ပိုမိုထွက်ရှိလာြပီး နိုင်ငံတော်၏ ကုန်ထုတ် လုပ်ငန်းများ တိုးတက်လာတော့မည်ဖြစ်ပါသည်။

မိုးရာသီတွင် တစ်နှစ်လျှင်ပျှမ်းမျှဧက (၁၅) သန်းခန့် စိုက်ပျိုးလျက်ရှိရာ ယင်း၏ ၁% ကိုသာ သမဝါယမကဏ္ဍမှ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ပမာဏ အနည်းငယ်သာ ဆောင်ရွက်သော်လည်း စိုက်ပျိုးသည့် ဧကတိုင်း တင်း(၁၀၀)ပြည့်မီမည်ဆိုပါက စိုက်ပျိုးသူအသင်းသားတောင်သူများ ဝင်ငွေကိုယ်စီတိုးလာမည် ဖြစ်၍ “ငယ်သော်လှ၏” ဟူ၍ လည်းဆိုနိုင်ပါသည်။ မိုးစပါးသီးနှံတစ်ဧက ပျမ်းမျှကုန်ကျစရိတ် ကျပ် ၆-၈ သိန်းဝန်းကျင် ကုန်ကျ နေမှုတွင် သမဝါယမမှ ၁ဧကလျှင်ကျပ်(၂.၅)သိန်းနှင့်ညီမျှသော အထွက်တိုးမျိုးနှင့် ဓါတ်မြေ ဩဇာတို့ကို ထောက်ပံ့ပေးလျက်ရှိရာ စိုက်ပျိုးမှုကုန်ကျစရိတ်၏ ၇၀% ခန့်ကို ထောက်ပံ့ပေးနိုင် ပါကတောင်သူများအထွက်နှုန်း ပိုမိုထွက်ရှိလာနိုင်မည်ဟု ယူဆမိပါသည်။ လက်တွေ့ဆန်သော လေ့လာမှုများအရ တောင်သူများဘက်မှကြည့်လျှင် ဝင်ငွေများများရမည့် သီးနှံကိုသာစိုက်ပျိုး လိုကြပြီး အစိုးရပိုင်းဘက်ရဲ့ အမြင်က ထွက်ကုန်ပိုမိုထုတ်လုပ်ကာပြည်တွင်းဖူလုံ၍ ပြည်ပ သို့ပိုမိုတင်ပို့နိုင်ရေးအလေးပေးနေသည်ဟု တစ်ချို့ကထောက်ရှု နေကြကြောင်းလည်း သိရှိရပါ သည်။ မည်သို့ပင်ဆိုစေ သမဝါယမကဏ္ဍအနေဖြင့် အစိုးရရဲ့ ဉီးတည်ချက်များကိုလည်း ဖော်ဆောင် လျက်ရှိသလို စိုက်ပျိုးထုတ်လုပ်သူတောင်သူများ အတွက်လည်း ဝင်ငွေပိုမိုရရှိနိုင်အောင် ဟန်ချက် ညီညီ ရှေ့သို့လှမ်းချီနေသည်ကိုတွေ့မြင်နေရပါသည်။

အဆင့်ဆင့်ပိုင် ငွေကြေးတိုးမြှင့် ဆောင် ရွက်ပေးနိုင်မည်ဆိုပါက အလှပေါ်အယဉ်ဆင့်နိုင်မည်ဟု ယုံကြည်မိပါသည်။ စပါးသီးနှံသာမက ဝါနှင့် ဆီထွက်သီးနှံများကိုပါ အဓိကအလေးထားပြီး ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး ကြိုးပမ်းဆောင်ရွက် နေမှုကြောင့် ဝတ်ဆင်ရေးနှင့် စားသုံးဆီလိုအပ်မှုအတွက် ပြည်ပမှတင်သွင်းနေရမှုများကို လျော့ကျ စေပြီး နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေရေးကို အထောက်အကူပြုနေ မည်လည်းဖြစ်ပေသည်။ မျက်မှောက်ကာလ သမဝါယမရဲ့လုပ်ဆောင်မှုတွေဟာ ပြည်သူ့အကျိုး ရှေ့ရှု၍ လုပ်ဆောင်နေခြင်းကြောင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေဦးမည်လည်း ဖြစ်ပေသည်။ နိုင်ငံတော်ဘတ်ဂျက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူမှု စီးပွားမြှင့်တင်ရေး (သက်တံ့ရောင်ဖွံ့ဖြိုးရေး) စီမံကိန်းရန်ပုံငွေ ထောက်ပံ့မှုကို နှစ်အလိုက် တိုးမြှင့်၍ ခွင့်ပြုချက်များရရှိပါက သီးနှံအလိုက် ပန်းတိုင် အထွက်နှုန်း ပြည့်မီရေးကို ပိုမို၍ ဆောင်ကျဉ်းပေး နိုင်မည်လည်း ဖြစ်ပေသည်။ (၃)နှစ်တာကာလ အတွင်းလူမှုစီးပွားမြှင့်တင်ရေး(သက်တံ့ရောင်ဖွံ့ဖြိုးရေး)စီမံကိန်း ရန်ပုံငွေ ရရှိမှုမှာ ဖော်ပြပါဇယားအတိုင်း ရှိကြောင်း သိရှိရပါသည် -

လူမှုစီးပွားမြှင့်တင်ရေး (သက်တံရောင်ဖွံ့ဖြိုးရေး) စီမံကိန်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိက ဦးစားပေးထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ဘဏ္ဍာငွေရရှိမှုမှာ နည်းပါးနေသေး သော်လည်း သမဝါယမကဏ္ဍရဲ့ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး ဆောင်ကျဉ်းပေးမှုတွေက လက်တွေ့ခံစားနေရပြီဖြစ်ခြင်းကြောင့် “ငယ်သော်လည်း လှနေပါသည်”ဟု တစ်နည်းဆိုလို့ရနိုင် ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် သမဝါယမကဏ္ဍ၏ စီမံကိန်းသီးနှံများဖြစ်သော မိုး/ နွေစပါး၊ ဝါသီးနှံနှင့် ဆီထွက်သီးနှံတို့မှာ နိုင်ငံတော်အတွက် အထူးအလေးထားအားကိုးရသည်များဖြစ် သကဲ့သို့ ကျေးလက်နေ သမဝါယမအသင်းသား တောင်သူများအတွက်လည်း သီးနှံများအထွက် တိုး၍ ဝင်ငွေပိုမိုရရှိလာခြင်းများနှင့်အတူ စိုက်ပျိုး၊ မွေးမြူရေးကုန်ထုတ် သမဝါယမအသင်းများ အနေဖြင့် အနာဂတ်ကာလများတွင် ပိုမို၍ပြည်သူများအကျိုး ထမ်းသယ်ပိုး လာနိုင်တော့မည် လည်းဖြစ်ပေသည်။ သို့ဆိုရာ သမဝါယမနည်းလမ်းဖြင့် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်လျှက် ရှိသည်ဟု မှတ်ယူနိုင်မည်ဖြစ်ပေသည်။ ၅-၇-၂၀၂၅ ရက်နေ့တွင် ကျရောက်သော ၁၀၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အတွက် “Cooperatives: Driving Inclusive and Sustainable Solutions for a Better World” “သမဝါယမနည်းဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကိုတည်ဆောက် ကြပါစို့”ဟူ၍ ဆောင်ပုဒ်အဖြစ် သတ်မှတ်ထားရာ အထက်ပါဆိုခဲ့သည့် “ငယ်သော်လည်း လှနေပါသည်” ဟူသည့် မြန်မာ့သမဝါယမများသည်လည်း ပိုမိုကောင်းမွန်သော ကမ္ဘာကြီးတည်ဆောက်ရာတွင် တစ်ထောင့်တစ်နေရာမှ ပုံဖော်ထုဆစ်နေသည်ဟု ဆိုလိုက်ချင်ပါသည်။

K ဇင်သစ်

မန်းတက္ကသိုလ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်