10 Jul,2025
ဝါဆိုလပြည့်နေ့
၉.၇.၂၀၂၅ (ဗုဒ္ဓဟူးနေ့)
ဓမ္မာရုံ
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ဘုရားအနေကဇာတင်နှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ သီလပွဲအခမ်းအနားကို တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းမှ ကြီးမှူး၍ တိလောကမာရဇိန်ဘုရားရှိ အောင်သိဒ္ဓိဓမ္မာရုံ၌ ယနေ့နံနက်(၆:၃၀)နာရီတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားကို ရွှေသမားကျောင်းတိုက် ဆရာတော်နှင့် သံဃာတော်များ၊ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်များ(စီမံ၊သင်ကြား)၊ သင်ကြားရေးဌာနများမှ ပါမောက္ခ/တွဲဖက်ပါမောက္ခ/ကထိကဌာနမှူးများ၊ စီမံ၊ သု/ဖွံ့ဌာနများမှ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ အလှူရှင်များနှင့် ကျောင်းသား /ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ ရွှေသမားဆရာတော်ကြီးမှ ဦးဆောင်၍ ဘုရားနေကဇာတင်ရွတ်ဖတ် ပူဇော်ပြီးနောက် ဆွမ်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအား ကျင်းပရာ ကြွရောက် လာသူများမှ သြကာသကန်တော့ချိုးနှင့် ကိုးပါးသီလတို့ကို ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံ၊သု/ဖွံ့ ဌာနများရှိ ဌာနမှူးများမှ ဝါဆိုသင်္ကန်းခြင်းနှင့်တကွ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ်တရားတော်မြတ်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ရွှေသမားဆရာတော်ကြီးမှ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြသည်။ ယင်းနောက် ပါမောက္ခချုပ်ဦးဆောင်၍ ပင့်သံဃာတော်(၅)ပါးတို့အား အာရုံဆွမ်းနှင့် အချိုပွဲတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
တိလောကမာရဇိန်စေတီတော်မြတ်ကြီး၏ ဘုရားမုခ်ဦး ပြုပြင်နိုင်ရန် ပါမောက္ခချုပ်ဆရာမကြီးမှ မွေးနေ့အလှူအဖြစ် အလှူငွေ(၅)သိန်းကျပ်နှင့် ယနေ့အခမ်းအနားကျင်းပရာ အောင်သိဒ္ဓိဓမ္မာရုံတည်ဆောက်နိုင်ရန်အတွက် MBA 2nd Batch မှ အလှူငွေ (၅,၄၁၆,၀၀၀)ကျပ် လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် တက္ကသိုလ်ဓမ္မာရုံ တည်ဆောက်ပြုပြင်နိုင်ရေး လှူဒါန်းပေးခဲ့ကြသော အလှူရှင်များကို ပါမောက္ခချုပ်နှင့် တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းဥက္ကဋ္ဌမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြကာ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
၎င်းနောက် ယနေ့ သီလပွဲကုသိုလ်ရှင် ပါမောက္ခချုပ်နှင့်တက္ကသိုလ်မိသားစုဝင်များ၏ စုပေါင်းအလှူဖြင့် ကြွရောက်လာကြသော တက္ကသိုလ်ရှိ မိသားစုဝင်များ၊ ဧည့်သည်များနှင့်ကျောင်းသား/ကျောင်းသူများအား ကြာဇံဟင်းခါးဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။