နေပြည်တော် ဇူလိုင် ၈
“တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ” အတွင်းရေးမှူး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ အမှတ် (၂) ခရိုင်ချင်းဆက် လမ်းမှ ရှေးဟောင်းသမိုင်းဝင် သားခိုတောင် မဟာအတုလလောကရန်အောင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီးသို့ သွားသောလမ်း အရှည် (၃) မိုင်အား လိုက်လံကြည့်ရှုစစ်ဆေးပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ သွားလာမှုအဆင်ပြေစေရန်၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရန်တို့အတွက် လတ်တလော ပြုပြင်ဖောက်လုပ်ပေးရမည့် လမ်းအခြေအနေနှင့် Box Culvert တည်ဆောက်ပေးရမည့် နေရာတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။ အဆိုပါလမ်းပိုင်းတွင် ဘုရားတောင်ခြေရင်းမှ စေတီတော်မြတ်သို့ အတက်လမ်း (၃) ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယခုဘဏ္ဍာနှစ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနက ဆောင်ရွက်ပေးမည် ဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ဘုရား လောင်းကျွဲမင်းနှင့် မိခင်ကျွဲမကြီးတို့ ခိုအောင်းခဲ့သော နေရာကိုလည်းကောင်း၊ ပျူခေတ်လက်ရာ အုတ်လှေကားများကိုလည်းကောင်း၊ ဘုရားပရဝုဏ်တွင် မဟာလှေကားပန်းပင်များ ပေါက်ရောက် နေမှုကိုလည်းကောင်း ကြည့်ရှုလေ့လာခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လယ်ငယ်ချောင်းကူး အုန်းပင်-တောင်ပို့သာ သံကူကွန်က ရစ်တံတား ပေ (၃၀၀) တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယခင်က အုန်းပင်ကျေးရွာ အုပ်စုနှင့် သစ်စိမ့်ပင်ကျေးရွာအုပ်စုတို့ကို ဆက်သွယ်ပေးထားသော ပေ (၆၀) ဘေလီသံဘောင် သစ်သားတံတားမှာ ရာဂီမုန်တိုင်းဒဏ်ကြောင့် မျောပါပျက်စီးသွား၍ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပေ (၁၂၀) ဘေလီတံတား ပြန်လည် တည်ဆောက်ပေးထားခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွင်း ပေ (၃၀၀) သံကူကွန်ကရစ်တံတားကို အပြီးတည်ဆောက်ပေးသွားမည် ဖြစ်သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ ကြို့ပင်သာကျေးရွာသို့ သွားရောက်၍ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ဒေသအခြေခံအိမ်ထောင်စုများ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေး (SEP) စီမံကိန်း ရန်ပုံငွေကျပ် သိန်း (၂၁၀) ပေးအပ်ခဲ့ပြီး အိမ်ထောင်တစ်စုချင်းအလိုက် တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ကျေးရွာသူကျေးရွာသားများကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မကျီးပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများနှင့်တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ကျောင်းဝင်းအတွင်း ရေသွယ်ယူရေးလုပ်ငန်းများ အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ်၊ အင်ပင်ကျေးရွာသို့ သွားရောက်၍ ဝါစိုက် သမဝါယမအသင်းသားတောင်သူများထံ ဝါမျိုးစေ့နှင့် သွင်းအားစုပေးအပ်အခမ်းအနားပွဲသို့ တက် ရောက်ခဲ့ရာ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးက တပ်ကုန်မြို့နယ်အတွင်း သမဝါယမအသင်း များ၏ ဝါစိုက်ပျိုးနေမှုအခြေအနေများ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ယမန်နှစ် ဝါစိုက်ပျိုးရာသီတွင် တစ်ဧကအထွက်နှုန်း ပိဿာ ၅၅၀ ခန့်သာ ရရှိ၍ ယခုနှစ် ပန်းတိုင်အထွက်နှုန်း ပိဿာ ၇၀၀ ကျော် ရရှိအောင် ကြိုးစား ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး စိုက်ပျိုးရေးသမဝါယမအသင်း (၄) သင်း၏ ဝါစိုက်ဧက (၆၇၄) ဧကအတွက် ရာကာ ခြောက်ရာခြောက်ဆယ့်ခြောက် (RAKA-666) ဝါမျိုးစေ့များနှင့် သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်