နေပြည်တော် ဇူလိုင် ၂၁
ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့ နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဦးစီးဌာနများမှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ၊ သွင်းအားစုကုမ္ပဏီများမှ တာဝန်ရှိသူများ တက် ရောက်ကြသည်။
ရှေးဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြော ကြားရာတွင် ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်မြေဩဇာတန်ချိန် ၁.၆ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၃၂၀၀၀ တင်သွင်းနိုင်ရေး လျာထားခဲ့ပြီး ဧပြီမှ စက်တင်ဘာ (၆) လအတွက် မြေဩဇာတန်ချိန် ၉၃၉၆၆၂.၄၃ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၁၉၅၁၅.၇၆ တန်ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိနိုင်ရေး ထောက်ခံပေးခဲ့ကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း သွင်းကုန်လိုင်စင်ရရှိရေး စိစစ်ဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း၊ အကောက်ခွန်ဦးစီးဌာန၏ စာရင်းများအရ ၂၀၂၅ ခုနှစ် ဇွန်လကုန်ထိ မြေဩဇာတန်ချိန် ၄၃၈၇၀၅.၇၀ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၉၈၄၀.၅၀၅ တန် တင်သွင်းထားသည်ကို တွေ့ရှိရ ပါကြောင်း၊
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပန်းတိုင်အထွက်နှုန်းရရှိရန် လိုအပ်သော သွင်းအားစုများကို တောင်သူများသုံးစွဲနိုင်ရေး၊ ဖြန့်ဖြူးပေးနိုင်ရေး၊ ပံပိုးနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း အနေဖြင့် အဆိုပါဒေသများရဲ့ လိုအပ်ချက်များကို ဖြန့်ဖြူးနိုင်ရေး ကြိုတင်စီစဉ်ထားရန် လိုအပ် ပါကြောင်း၊
ကုမ္ပဏီများအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း တင်သွင်းရန် ကျန်ရှိမှုများကို အမြန်တင်သွင်း နိုင်းရေး တာဝန်ရှိသူများက ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာ ပိုးသတ်ဆေး အမှတ်တံဆိပ်အလိုက်၊ ကုမ္ပဏီအလိုက် အရည်အသွေး၊ ဈေးနှုန်းတို့အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုပေးရန် လိုအပ်ပါကြောင်း၊ ပြည်တွင်းသုံးစွဲသူ တောင်သူများအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်၍ ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း၊
ဦးဆောင်ကော်မတီအနေနှင့် ရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်ပေးတိုင်းမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ အရောင်းဆိုင်များအား ရန်ကုန်အထိုင် ရည်ညွှန်း ဈေးနှုန်းကိုအခြေခံပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ်တို့အပေါ် ပိုမိုရောင်းချနေမှုရှိပါက စိစစ်ကြီးကြပ်ဆောင်ရွက်ပေးရန်၊ သတ်မှတ်ရောင်းဈေးနှုန်းများ မှန်/ မမှန်၊ သွင်းအားစုများသိုလှောင်ပြီး ဈေးကစားခြင်းများ ရှိ/မရှိ တို့ကို ကြီးကြပ်ဆောင်ရွက်ပေးရန် သက်ဆိုင်ရာအစိုးရအဖွဲ့များထံ ထည့်သွင်းညှိနှိုင်းခဲ့ပြီး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
မြေဩဇာအသင်းအနေနဲ့လည်း အသင်းဝင်ကုမ္ပဏီများအား အသင်းမှချမှတ်ထားသော “မူ” များ၊ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရန်နှင့် မလိုက်နာသည့် ကုမ္ပဏီ များကို စိစစ်တင်ပြရန်၊ မှန်မှန်ကန်ကန်ဆောင်ရွက်နေသော ကုမ္ပဏီများအတွက် နစ်နာမှုမရှိစေရေး သေချာစိစစ်ဆောင်ရွက်ရန်၊ ကုမ္ပဏီများကလည်း သတ်မှတ်မူများအတိုင်း လိုက်နာဆောင်ရွက်ရန်၊ လိုအပ်ချက်များအပေါ် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်ဖြင့် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တောင်သူများလက်ဝယ် သွင်းအားစုများ အချိန်မီရောက်ရှိရေး ဖြန့်ဖြူးရောင်းချပေးမည့်အစီအမံများ ကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက သွင်းအားစုများ ပံ့ပိုးပေးမည့်အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကိုယ်စားလှယ်နှင့် ကော်မတီအဖွဲ့ဝင် ဦးစီးဌာန များမှ ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ယင်းနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို သီရိဂန္ဓမာသပြေအေးမိုးကုတ်ဝိပဿနာကျောင်းတိုက်၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီး ဒေါ်ကြည်ကြည်မေ၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်သည်။
ရှေးဦးစွာ နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ကာ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက သီရိဂန္ဓမာ သပြေအေးမိုးကုတ်ဝိပဿနာကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအရှင်ဂန္ဓမာလာ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားများကို နာယူကြည်ညိုတော်မူကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီး ဒေါ်ကြည်ကြည်မေ၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက သီရိဂန္ဓမာ သပြေအေးမိုးကုတ် ဝိပဿနာကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအရှင်ဂန္ဓမာလာနှင့် ဦးစီးဌာနများ၏ ဆရာဒကာကျောင်းတိုက်များမှ ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆပ်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီး၊ တက်ရောက်လာကြသူများက ဆရာတော် ဘဒ္ဒန္တအရှင်ဂန္ဓမာလာထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အခမ်းအနား တက်ရောက်လာကြသူများမှ ဆရာတော် ဘဒ္ဒန္တအရှင်ဂန္ဓမာလာ အမှူးပြု သော သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်