နေပြည်တော် ဩဂုတ် ၈
၁။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပဲခူးတိုင်း ဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှုမျာကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
၂။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သော ကျေးရွာရှိ လူဦးရေ ၄၆၀ ကျော်ကို အကျိုးပြုပေးနိုင်မည့် ဒိုက်ဦး-ဥသျှစ်ကုန်းလမ်းမှ ဗျက်ကလေးကျေးရွာချင်းအဝင်လမ်းအား ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသခံ ပြည်သူ အားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝိုင်းဝန်း ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားပါသည်။
၃။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ ဒိုးတန်းကျေးရွာနေ တောင်သူ ဦးမောင်စိုး၏ အောင်နိုင်တိုး အထွက်တိုးမျိုး၊ စံပြမိုးစပါးစိုက်ခင်းအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက မိုးစပါးစိုက်ပျိုးနေမှု အခြေအနေများ ရှင်းလင်း တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်းဖြစ်လို့ စိုက်နည်းစနစ် မှန်ကန်ရေးတို့ကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး အောင်ရေရရှိရေး၊ ပေါင်းမြက် ကင်းစင်ရေးနှင့် ဈေးကွက်ရရှိရေးကိစ္စရပ်များနှင့် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးပါသည်။
၄။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ် ပြည်တော်အေးကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာရှိ ဥဿာစိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်သမဝါယမအသင်းသားတောင်သူများ နှင့် တွေ့ဆုံရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဦးစီးမှူးက တိုင်းဒေသကြီးအတွင်း သမဝါယမ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ် လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများ တွင် အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုး အစားတူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ၊ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစု ပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက်ရှိပါ ကြောင်း၊ မိုးစပါးစိုက်တောင်သူများအနေဖြင့် သတ်မှတ်ပန်းတိုင် အထွက်နှုန်း ရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများကို နိုင်ငံတော်ထောက်ပံ့ငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ သမဝါယမအသင်း ရန်ပုံငွေ၊ သွင်းအားစု လုပ်ငန်းရှင်များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခင်နှစ် အားနည်းချက်များကို ယခုနှစ်ရာသီတွင် ပြုပြင်လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဒါမှသာ စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိမှာဖြစ်ပြီး တောင်သူများ၏ ဝင်ငွေနှင့်လူနေမှု အဆင့်အတန်း မြင့်မား လာစေမှာဖြစ်သည့်အတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အသင်းသား တောင်သူများ အနေဖြင့် ကိုယ်လုပ်မှကိုယ်ရမှာဖြစ်၍ လုပ်ဆောင်ရမည့် စိုက်ပျိုးရေး လုပ်ငန်းစဉ်များ အတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထွက်ရှိ လာသောသီးနှံများ ဈေးကွက် ရရှိရေးသက်ဆိုင်ရာ တာဝန်ရှိသူများက ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီးနောက် အသင်းသားတောင်သူများ၏ တင်ပြချက် များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
၅။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အသင်းပိုင်ငါးမွေးကန်များ၌ ငါးမြစ်ချင်းငါးမျိုးများ စိုက်ထည့်ပေးခဲ့ပြီး ဒေသကြက်မွေးမြူရေးခြံအား လှည့်လည်ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များဖြည့်စွက်မှာကြားပါသည်။
၆။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော သနပ်ပင်မြို့နယ် ဖရဲကျေးရွာသို့ ရောက်ရှိပြီး ခေတ်မီစံပြကျေးရွာထူ ထောင်ခြင်းစီမံကိန်း (Smart Village)၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)များဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ရေးစီမံကိန်း(RBF) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် ရွှေငါးအစုအဖွဲ့၏ ငါးစီဖောင်းခြောက်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဖရဲကျေးရွာအား ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း(Smart Village)၏ အဓိကကဏ္ဍကြီး (၆)ရပ်ဖြစ်သည့် ကျေးရွာအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုကူညီထောက်ပံ့မှု လုပ်ငန်းများ၊ အသက်မွေး ဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့ ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာ ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက် ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို သက်ဆိုင်ရာ ဏ္ဍအလိုက် ဌာနပေါင်းစုံမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသားများ အနေဖြင့် ယခုလိုနိုင်ငံတော်အစိုးရမှ ဘက်ပေါင်းစုံ လာရောက်ဖြည့်ဆည်း ပူးပေါင်းဆောင်ရွက်ပေးသည့် အချိန်တွင် မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျေးရွာနေပြည်သူများ အတွက် ဝင်ငွေတိုးရေးလုပ်ငန်းများရရှိပြီး အိမ်ထောင်စုများ စီးပွားရေး အဆင်ပြေအောင် ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိတို့ သား၊ သမီးများ၏ ပညာရေးကို အားပေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဆောင်ရွက်ပြီးဖွံ့ဖြိုးရေး လုပ်ငန်းများအား မိမိပိုင်ပစ္စည်းကဲ့သို့ Ownership Mindset မွေးမြူ၍ စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းစောင့်ရှောက် ကြရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူ များ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
၇။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖရဲကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်နည်းပညာ သင်တန်းဆင်းပြီး လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးထားသော သင်တန်းသူများ၏ စက်ချုပ် လုပ်ငန်းဆောင်ရွက်နေသူများ၏ စက်ချုပ်ဆိုင်လုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးရာ ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းများစဉ်ဆက်မပြတ်လုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အရင်းအနှီး များ ထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်မှ လိုအပ်သည်များ ကူညီပံ့ပိုး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်ထားသည့် အိမ်တိုင်ရာရောက် ရေမီတာတပ်ဆင် အသုံးပြုနေမှု အခြေအနေ အား ကြည့်ရှုစစ်ဆေးပါသည်။
၈။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ Myanma Awba Bio Tech ကုမ္ပဏီလီမိတက်၏ Organic Compound Fertilizer စက်ရုံသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက ဒေသတွင်း ရရှိနိုင်သောသီးနှံနှင့် စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကြက်ချေး၊ နွားချေး၊ ပဲရိုး၊ ပဲမှော်၊ ပြောင်းရိုး၊ စက်ဖွဲပြာ၊ ဆီစက် နှင့် ဆန်စက် ဘေးထွက်ပစ္စည်းများ စသည်တို့ကို EM Bokashi နည်းဖြင့် ကောင်းစွာ ဆွေးမြေ့စေကာ ရရှိလာသော မြေဆွေးများအား Gypsum ကျောက်မှုန့်ပေါင်းစပ်၍ အနုဇီဝသဘာဝမြေဩဇာ တစ်မျိုးနှင့် အများလို ဓါတုအာဟာရဓါတ်၊ ဂျစ်ပဆန်ကျောက်မှုန့်တို့နှင့် ပေါင်းစပ်၍ တန်ဖိုးသင့်တင့်ပြီး မြေဆီလွှာနှင့် သီးနှံပင်ကို ရေရှည်အကျိုးဖြစ်ထွန်းစေသော အော်ဂဲနစ်အခြေခံ ကွန်ပေါင်းမြေသြဇာများ ထုတ်လုပ်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း၌ သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်မှုကြောင့် ပြည်ပမှ ဓါတ်မြေဩဇာတင်သွင်းမှု လျှောချနိုင်ကာ နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျှော့ချနိုင်မှာ ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း ဓါတ်မြေဩဇာများ လျှော့ချပြီး သဘာဝမြေဩဇာများ တိုးချဲ့သုံးစွဲခြင်းဖြင့် မြေဆီလွှာများ ထိန်းသိမ်းဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ဒေသတွင်း သဘာဝ မြေဩဇာစက်ရုံ တည်ဆောက်နိုင်မှုကြောင့် ကျေးရွာနေပြည်သူများအတွက် အလုပ်အကိုင်များ ဖန်းတီးပေးနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေး မွေးမြူရေး စွန့်ပစ်ပစ္စည်း များမှ သဘာဝမြေဩဇာထုတ်လုပ်မှုကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထွက်ရှိလာသော သဘာဝမြေဩဇာများအား တောင်သူအား ဈေးနှုန်းသက်သာစွာဖြင့် ရရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး စက်ရုံအတွင်း သဘာဝမြေဩဇာ ထုတ်လုပ်နေမှု အဆင့်ဆင့် အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်