နေပြည်တော် ဩဂုတ် ၁၀
၁။ ယနေ့ကျင်းပပြုလုပ်တဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် ဆောင်ရွက်သည့် ကံဆိပ်ကျေးရွာ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ဆိုလာအသေးစားဓာတ်အားပေးစနစ် နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး Ms. Ma Jia(မစ္စ မာကျား)နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
၂။ အခမ်းအနားတွင် စီမံကိန်းဖြင့် မီးလင်းရေးလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု မှတ်တမ်း Video အားပြသကြည့်ရှုပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးသောနိုင်ငံအဖြစ် တည်ဆောက်ရာမှာ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဟာ ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် အထူးပဲအရေးပါလှပါကြောင်း၊ ယနေ့ မျက်မှောက်ခေတ်မှာ စွမ်းအင် သုံးစွဲမှုနှုန်းဟာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာပေးသော အဓိကညွှန်းကိန်း တစ်ခု လည်းဖြစ်ပါကြောင်း၊ လျှပ်စစ်စွမ်းအင်ကဏ္ဍဖွံ့ဖြိုး တိုးတက်ခြင်းဟာ လူနေမှုအဆင့်အတန်းကို မြင့်မားတိုးတက်စေရုံသာမက ပညာရေး၊ ကျန်းမာရေး ကဏ္ဍတို့ကို ထောက်ပံ့ပေးနိုင်ပြီး အသေးစား ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများပါ တစ်ပါတည်း ရရှိလာစေမှာ အားလုံး အသိပဲဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးပတ်ဝန်းကျင်ကောင်း ဖန်တီးပေးခြင်းနှင့် ပြည်သူအားလုံး ပါဝင်ရရှိခံစားနိုင်သည့် တိုးတက်မှုများ ဖြစ်ပေါ်လာစေရန် အမျိုးသားအဆင့် ဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဒီလိုဆောင်ရွက်သည့် အခါမှာ လျှပ်စစ်ကဏ္ဍ နှင့်ပတ်သက်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကို တောင်ပေါ်မြေပြန့်၊ မြို့ပြကျေးလက် မခွဲခြားဘဲ လူတန်းစားအားလုံး လျှပ်စစ်စွမ်းအင် သုံးစွဲနိုင်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေးမှာ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးလင်းရေးကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်းအမြစ် များကို အသုံးပြုပြီး မဟာဓာတ်အားလိုင်းပြင်ပ လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို ကာလတို၊ ကာလရှည် စီမံချက်များရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်လုံး လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ဖြင့် မဟာဓာတ်အားလိုင်းနှင့် (၁၀)မိုင်အထက်ဝေးကွာသော၊ နောင်(၁၀)နှစ်မှ(၁၅)နှစ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အား မရရှိနိုင်သော ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် မဟာဓာတ်အားလိုင်း ပြင်ပစနစ် ကျေးလက်မီးလင်းရေးလုပ်ငန်းများကို အိမ်သုံးဆိုလာစနစ်၊ ပြန်ပြည့်မြဲစွမ်းအင်အသုံးပြု အသေးစားဓာတ်အားစနစ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်အထိ အိမ်သုံးဆိုလာစနစ် (၄၇၃,၈၁၅)စုံ၊ အသေးစားဓာတ်အားစနစ် လုပ်ငန်း ပေါင်း (၁၃၆)ခု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးရွာပေါင်း(၁၀,၅၁၁)ရွာ၊ အိမ်ခြေ (၅၁၇,၅၃၄) အိမ် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ လက်ရှိတွင် မဟာဓာတ်အားလိုင်းပြင်ပ ဧရိယာ၏ ၄၀ ရာခိုင်နှုန်း လွှမ်းခြုံပေးနိုင်ခဲ့ပြီ ဖြစ်သလို စွမ်းအင်ကဏ္ဍစီမံခန့်ခွဲမှုဆိုင်ရာ အကူအညီ ပေးရေးအဖွဲ့ (ESMAP)၏ လေ့လာချက်စစ်တမ်းများအရ စွမ်းအင်ရရှိမှုအဆင့် (၁) မှ (၅) အထိ ဖြည့်ဆည်းပေးနိုင်လျက်ရှိတာကို တွေ့ရပါကြောင်း၊ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင်လည်း အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း (၃၃၉)ရွာ၊ အသေးစားဓာတ်အားပေးစနစ်ဖြင့် ကျေးရွာ(၉)ရွာ၊ လုပ်ငန်း(၃)ခု၊ Installed Capacity တိုးမြှင့်ခြင်းလုပ်ငန်းကို ကျေးရွာ(၁၀)ရွာ၊ လုပ်ငန်း(၇)ခု လျာထားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားပါသည်။
၃။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခု ဆောင်ရွက်ပြီးစီးခဲ့သည့် ဒေးဒရဲမြို့နယ်၊ ကံဆိပ် ကျေးရွာ ဆိုလာအသေးစားဓါတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်းဟာဆိုရင် မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၃)၊ ပြည်ထောင်စုရန်ပုံငွေ၊ သက်ဆိုင်ရာကုမ္ပဏီ၏ ရင်းနှီးမြုပ်နှံမှုနှင့် ကျေးရွာပြည်သူ့ထည့်ဝင်ငွေတို့ အချိုးကျ ပူးပေါင်း ထည့်ဝင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အစိုးရ - ပြည်သူ - ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်တစ်ခုလည်းဖြစ်ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် သုံးခုမြောက် အသေးစားဓာတ်အားစနစ်စီမံကိန်းလည်းဖြစ်ပါကြောင်း၊ ကံဆိပ်ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့သည့် (၉၉)ကီလိုဝပ် ဆိုလာအသေးစားဓာတ်အားပေးစနစ်မှာ (၁၂၀)ကီလိုဝပ် အရံဒီဇယ်အင်ဂျင်စနစ် ပါဝင်သည့်အပြင် လျှပ်စစ်မီးရရှိမှုနှင့်အတူ သန့်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် ရေမီတာတပ်ဆင်ထားသည့် အိမ်သွယ်ရေတိုင်စနစ် ရေပေးရေးလုပ်ငန်းကိုပါ ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက် ပေးခဲ့တာဖြစ်ပြီး စီမံကိန်းကို မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေနှင့် နိုင်ငံတော် အစိုးရ၏ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ ကျေးရွာပြည်သူ့ ထည့်ဝင်ငွေနှင့် ကုမ္ပဏီ၏ရင်းနှီးမြုပ်နှံမှု တို့ အချိုးကျထည့်ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၇၈ သန်းကျော်ဖြင့် Sandisoar Renewable Energy Development International ကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက် ခဲ့တာဖြစ်ပါကြောင်း၊ ကံဆိပ်ကျေးရွာစီမံကိန်း ဆောင်ရွက်ပြီးစီးခဲ့တဲ့အတွက် ကျေးရွာရှိ အိမ်ခြေ (၁၅၀)၊ လူဦးရေ (၇၅၀)ခန့်တို့ အကျိုးခံစားရရှိမှာဖြစ်ပြီး လျှပ်စစ်မီးရရှိမှု၊ ရေရှိမှု တို့မှတစ်ဆင့် အသေးစားကုန်ထုတ်လုပ်မှုနှင့် အသေးစားစီးပွားရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လာနိုင်မှာ ဖြစ် သည့်အတွက် မိသားစုဝင်ငွေ တိုးပွားပြီး ကျေးရွာနေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာစေရေးကို များစွာအထောက် အကူပြုစေမှာဖြစ်ပါကြောင်း၊ ဒါအပြင့် လျှပ်စစ် စွမ်းအင်သုံး အိမ်အသုံးအဆောင် ပစ္စည်းများ သုံးစွဲလာနိုင်သည့်အတွက် လူနေမှုအဆင့်အတန်း မြင့်မားလာမှုနှင့်အတူ ကျောင်းနေရွယ်ကလေးများ၏ ပညာရေး၊ ကျေးရွာပြည်သူများ၏ ကျန်းမာရေးစသည့် ဆက်စပ်ကဏ္ဍများ ဖွံ့ဖြိုးလာစေရေးကိုပါ အထောက်အကူပြုစေမှာ ဖြစ်ပါ ကြောင်း၊ စီမံကိန်းတစ်ခု အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်သည့် ဌာန၏ အားတစ်ခုနှင့် မရဘဲ တိုင်းဒေသကြီး အစိုးရအပါအဝင် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဆက်စပ်ဦးစီးဌာနများ၊ ဒေသခံ ပြည်သူများမှ တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ဆောင်ရွက်ပြီးလုပ်ငန်းများ စဉ်ဆက်မပြတ် လည်ပတ်ထိန်းသိမ်းနိုင်ရေးအတွက် ကံဆိပ်ကျေးရွာရှိ ကျေးရွာသူ ကျေးရွာသားများအနေဖြင့် စီမံကိန်းမှဆောင်ရွက်ပေးသော အသေးစားဓါတ်အားပေးစနစ် လုပ်ငန်းသုံး ပစ္စည်းများအား မိမိတို့ပိုင်ပစ္စည်းကဲ့သို့ Ownership Mindset မွေးမြူ၍ ထိန်းသိမ်းစောင့်ရှောက် ကိုင်တွယ်သုံးစွဲကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားပါသည်။
၄။ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး Ms. Ma Jia (မစ္စ မာကျား)က တရုတ်-မြန်မာနှစ်နိုင်ငံ မဲခေါင်-လန်ချန်းစီမံကိန်း ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက် မည့် အစီအစဉ်များအားလည်းကောင်း ပြောကြားကြပါသည်။
၅။ ဆက်လက်၍ Sandisolar Renewable Energy Development International ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက စီမံကိန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပါသည်။
၆။ ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး Ms. Ma Jia (မစ္စ မာကျား)နှင့် ကိုယ်စားလှယ် များက စီမံကိန်းဆိုင်ရာ မှတ်တမ်းဓါတ်ပုံပြခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၇။ အခမ်းအနားအပြီးအတွင် ဒေးဒရဲမြို့နယ်အတွင်းရှိ ကံဆိပ်၊ နေရောင်ကာ၊ ဘုရားချောင်း၊ တညင်ကုန်း၊ ကုန်းတန်းကလေး၊ ခြောက်အိမ်စု စသည့်ကျေးရွာများမှ ကျေးရွာသူကျေးရွာသားများ နှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် မျိုးကောင်းမျိုးသန့်များ ရရှိရေး အရေးကြီးကြောင်း၊ သွင်းအားစုရရှိအသုံးပြုရေးမှာလည်း အဓိကဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ သက်သာသောဈေးနှုန်းဖြင့် ရရှိရေးအတွက် သမဝါယမအသင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လမ်းညွှန်သည့် နည်းစနစ်များကို လိုက်နာဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ချေးငွေ၊ သမဝါယမ ချေးငွေ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများကို တာဝန်ကျေပွန်စွာ ပြန်ဆပ်ပြီး ဂုဏ်ယူကြရန် လိုကြောင်း၊ အထွက်နှုန်းတိုးမှ ဝင်ငွေတိုးပြီး မိသားစုစီးပွားရေး အဆင်ပြေ မည်ဖြစ်ကြောင်း၊ တောင်သူများ၏ ကျန်းမာရေး၊ ကလေးများ၏ ပညာရေးအဆင်ပြေမှာ ဖြစ်ကြောင်း၊ ဆွေးနွေးပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းဆက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
၈။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ တုံးတင်ကံ (တောင်)ကျေးရွာအုပ်စု ၊ သက္ကယ်ကွင်းကျေးရွာ၌ အောင်သဇင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းအပါအဝင် မြို့နယ်အခြေခံသမဝါယမအသင်း၊ ပြည်တွင်းပြည်ပတွင်ရှိ Financial Institutions တို့ပူးပေါင်းပြီး Myanmar Agricultural Complex (MAC) Public ကုမ္ပဏီမှ ဦးဆာင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တစ်နေ့လျှင် တန်(၁၀၀၀) ထုတ်လုပ်နိုင်မည့် တန်းမြင့်ဆန်ဖြူစက်၊ တန် (၅၀၀) ထုတ်လုပ်နိုင်မည့် ပေါင်းဆန်စက်၊ (၁၀)တန် နှင့် တန် (၅၀) ထုတ်လုပ်နိုင်မည့် ဖွဲနုဆီစက်နှင့် ၁ ဒသမ ၇၈ မီဂါဝပ် ထုတ်လုပ်နိုင်မည့် စပါးခွံသုံး လျှပ်စစ်ဓာတ် အားပေးစက် တည်ဆောက်နေမှု အခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများ အဆင့်သုံးဆင့်ခွဲ၍ ဆောင်ရွက်နေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ခေတ်မီ အဆင့်မြင့်ဆန်စက်အပါအဝင် ပေါင်းဆန်စက်၊ ဖွဲနုဆီစက်များတည်ဆောက် ပြီးစီးပါက ကုန်ကြမ်း ရရှိရေး အရေးကြီးသောကြောင့် ဒေသတွင်းရှိ ဆန်စက်ပိုင်ရှင်များ၊ တောင်သူသမဝါယမအသင်းများ နှင့် ချိတ်ဆက်ကာ သမဝါယမစနစ်ဖြင့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများ ထောက်ပံ့ ပေးပြီး ထွက်ရှိလာသော စပါးကုန်ကြမ်းများကို ပေါက်ဈေးဖြင့် ဝယ်ယူဆောင်ရွက်ပေးရန် လိုကြောင်း၊ လယ်သမားမိသားစုပေါင်း ၄၃၀၀၀ ကျော်တို့အတွက် အာမခံပေါက်ဈေးကြောင့် ခိုင်မာသော ၀င်ငွေအခွင့်အလမ်းရရှိနိုင်မှာဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိစေလိုကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံဖြိုးမှုအတွက် အထောက်အကူပြုပေးနိုင်မည့် လုပ်ငန်းတစ်ရပ် ထပ်မံထွက်ပေါ်လာနိုင်မှာ ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံများသာမက နိုင်ငံတကာနှင့်အတူ အရေအတွက်၊ အရည်အသွေးများ ယှဉ်ပြိုင်စွမ်းအားမြင့်မား လာနိုင်မှာဖြစ်ပါ ကြောင်း၊ လုပ်ငန်းများအမြန်ပြီးစီးအောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်