Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လယ်ဝေးမြို့နယ်အတွင်း သမဝါယမစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


13 Aug,2025

နေပြည်တော် ဩဂုတ် ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက လယ်ဝေး မြို့နယ်အတွင်းရှိ သမဝါယမစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ တလုပ်ပင်ကျေးရွာသို့ သွားရောက်ပြီး ကြံတိုင်းအောင် သမဝါယမအသင်းပိုင်မြေ ၉၇ ဒသမ ၆၅ ဧကပေါ်၌ ဒို့မြန်မာသမဝါယမအသင်းနှင့် ကြံတိုင်းအောင် သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း၍ ဒေသနွားမျိုးကောင်ရေ (၁၅၀) ကောင် မွေးမြူထားမှုအား ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းများအနေဖြင့် ဒေသနွားကောင်ရေ (၅၀၀) မွေးမြူရေးစီမံချက်တွင် ပထမအဆင့် ကောင်ရေ (၁၅၀) ကို မွေးမြူနိုင်ခဲ့ပြီး ရောက်ရှိရန် ကျန်သောနွားများကိုလည်း သတ်မှတ်ရက်ရောက်ရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ရန်၊  နွားစာရရှိရေးအတွက် မွန်ဗားဆားမြက်၊ နေဗီယာမြက် (၂၇) ဧက စိုက်ပျိုးထားမှုကို ရှင်သန်အောင် ဂရုတစိုက်ဖြင့် စိုက်ပျိုးသွားကြရန် လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါသမဝါယမအသင်းများ စိုက်ပျိုးထားသည့် နေဗီယာမြက်စိုက်ခင်းကို ကြည့်ရှုစစ်ဆေးကာ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် မြွေရိုးကျောင်းစု ကျေးရွာအုပ်စု၊ ရုံးတောကျေးရွာသို့ သွားရောက်ပြီး ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ အသင်းပိုင်လယ်မြေ (၇) ဧကတွင် စိုက်ပျိုးထားသော အောင်နိုင်တိုး အထွက်တိုးစပါးမျိုးများ ရိတ်သိမ်းခြွေလှေ့နေမှုအား ကြည့်ရှုစစ်ဆေးရာ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရရှိလာသော စပါးများကို တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမအသင်းစုချုပ်များ၊ မြို့နယ်သမဝါယမအသင်းစုများ နှင့် ပူးပေါင်းချိတ်ဆက်၍ ဝယ်ယူကြိတ်ခွဲ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ စပါးရိတ်သိမ်းပြီးပါက လုပ်ငန်းများ ရပ်တန့်မှုမရှိစေရန် မြေပဲ၊ နှမ်း၊ ပြောင်း သီးနှံများ ဆက်လက် စိုက်ပျိုးနိုင်ရေး လိုအပ်သည့်မျိုးအား သမဝါယမအသင်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်သွားရန်၊ မိုးစပါး စိုက်ပျိုးနိုင်ရေး အချိန်မီပျိုးထောင်၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရန် မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်