နေပြည်တော် ဩဂုတ် ၁၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းသားသမီး ကျောင်းသားကျောင်းသူ များ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမွေးပွဲ အောင်မြင်သူများနှင့် ဂုဏ်ထူးရရှိသူများ အား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၊ စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာနများမှတာဝန်ရှိသူများ၊ ဆုရကျောင်းသား ကျောင်းသူများနှင့်မိဘများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်အနက် တတိယဦးတည်ချက်မှာ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး” ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် ပညာရေးကို အလေးထား အားပေးလျက်ရှိပါကြောင်း၊ ဒါ့အပြင် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်ဖွံ့ဖြိုးရန်၊ ကျေးလက်ဒေသများအထိ ဖွံ့ဖြိုးရန်မှာ ပညာရေးသည် အဓိကဖြစ်ပြီး ပညာတတ်လူငယ်များ၊ ပညာတတ်နိုင်ငံသားများ များစွာ ရှိမှသာ နိုင်ငံဖွံ့ဖြိုးနိုင်မည်ဆိုတာကို မီးမောင်းထိုးပြနေသည့်အတွက် ကျောင်းသားကျောင်းသူများ မြင်တတ်အောင် ကြည့်စေချင်ကြောင်း၊ နားလည်လက်ခံယုံကြည်ရန် လိုအပ်ကြောင်း၊ မိဘများ ကလည်း ပညာရေးသည် နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနှင့် ပညာရေးကို အားပေးကြရန် တိုက်တွန်း လိုပြီး ဝန်ကြီးဌာနကလည်း အားပေးထောက်ပံ့သွားမည် ဖြစ်ကြောင်း။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် တက္ကသိုလ်များရှိ ဝန်ထမ်း သားသမီးများထဲမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၁၅၇ ဦး ရှိပြီး အောင်မြင်သူ (၁၀၂) ဦး ရှိတဲ့ အတွက် ၆၅ % အောင်မြင်ခဲ့ကြောင်း၊ (၅)ဘာသာဂုဏ်ထူးရရှိသူ ၂ ဦး၊ (၄)ဘာသာဂုဏ်ထူးရရှိသူ ၅ ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ ၁၅ ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ ၈ ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ ၁၀ ဦး၊ စုစုပေါင်းဂုဏ်ထူးရ ကျောင်းသားကျောင်းသူ ၄၀ ဦး၊ ရိုးရိုးအောင်မြင်သူ ၆၂ ဦး ဖြစ်ပါကြောင်း၊ ဂုဏ်ထူး(၁)ဘာသာလျှင် ငွေကျပ်(၁)သိန်းနှုန်းနှင့် ရိုးရိုးအောင်မြင်သူ(၁)ဦးလျှင် ငွေကျပ်(၅)သောင်း နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၃၂) သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ယနေ့အခမ်းအနားမှာ ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊
တက္ကသိုလ်ဝင်စာမေးပွဲကို အခက်အခဲများကြားက ကြိုးစားအားထုတ်ပြီး အောင်မြင်မှုရရှိ အောင် ကြိုးစားဖြေဆိုခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများအတွက် ဂုဏ်ယူမိပါကြောင်း၊ မန္တလေး ငလျင်ကြီးဒဏ်သင့်ဒေသများမှ ကျောင်းသားကျောင်းသူများကို စာမေးပွဲ ပြန်လည်ဖြေဆိုကြဖို့ တွန်းအားပေးခဲ့ကြတဲ့ မိဘများကိုလည်း ကျေးဇူးတင်ပါကြောင်း၊
ကျောင်းသားကျောင်းသူများအနေနဲ့လည်း မိမိတို့ဝါသနာပါရာ ဘာသာရပ်များကို ကြိုးစား လေ့လာပြီး ထူးချွန်အောင်မြင်၍ ပညာတတ်များဖြစ်အောင် ကြိုးစားပြီး မိဘများအားကိုးရတဲ့သူ၊ မိဘကို ကျေးဇူးဆပ်နိုင်တဲ့သူများ ဖြစ်လာစေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာလည်း တစ်ထောင့်တစ်နေရာကနေ တတ်အားသရွေ့ ဝိုင်းဝန်းပါဝင်ဆောင်ရွက် ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ဒါ့အပြင် အတန်းပညာကျောင်းစာများသာမက ဗဟုသုတ ရရှိစေမည့် သုတစာပေများကိုလည်း ဖတ်ရှုလေ့လာကြရမည် ဖြစ်ကြောင်း၊ “အသိဉာဏ်က ဓါးနဲ့ တူပြီး စာဖတ်ခြင်းက ဓါးသွေးကျောက်နဲ့တူတယ်၊ ဓါးသွေးကျောက်မှာ မသွေးရတဲ့ဓါးဟာ မထက် မြတ်နိုင်သလို စာမဖတ်ရင်လည်း အသိဉာဏ်မဖွံ့ဖြိုးနိုင်ဘူး” ဆိုသကဲ့သို့ နေ့စဉ်ဘဝမှာလည်း အစာမစားဘဲ မနေနိုင်သကဲ့သို့ စာမဖတ်ဘဲ မနေနိုင်သော အလေ့အကျင့်ကောင်းများ ပျိုးထောင်ရန် လိုအပ်ပြီး အသိဉာဏ်ပညာဗဟုသုတ တိုးပွားရင့်ကျက်ခြင်းက ဦးနှောက်ပြည့်ဝခြင်း၏ အမှတ် အသား လက္ခဏာဖြစ်တဲ့အတွက် စာကောင်းပေမွန်များ များများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း၊
သုတစာပေက အသိပညာတိုးပွားပြီး တည်ကြည်ရင့်ကျက်၍ အတွေးအခေါ်များ ပိုကောင်း လာမည်ဖြစ်ကြောင်း၊ ရသစာပေက စိတ်နှလုံး သိမ်မွေ့နူးညံ့တဲ့အတွက် ကိုယ်ချင်းစာတရား ရှိလာ ပြီး ယဉ်ကျေးလာစေမှာဖြစ်ကြောင်း၊ ကိုယ်ရည်ကိုယ်သွေးများ တက်လာပြီး မိမိကိုယ်ကို ယုံကြည်မှု ရှိလာသလို အောင်မြင်ခြင်းလမ်းစကိုလည်း ရောက်လာစေမှာဖြစ်တဲ့အပြင် ပညာရည် မြင့်မားရေး ကိုလည်း အထောက်အကူဖြစ်စေတဲ့အတွက် စာကောင်းပေမွန်များ လေ့လာဖတ်ရှုကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးခြင်းသည် ဘဝအတွက် ပညာရေးအချို့အကွေ့တစ်ခု သာဖြစ်ပြီး တက္ကသိုလ်ပညာ၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ် ပညာတွေကို မိမိတို့ရရှိတဲ့အမှတ်၊ မိမိတို့ဝါသနာပါရာကို စိစစ်ရွေးချယ်ပြီး ဆက်လက် ပညာသင်ယူဆည်းပူးကြရမည် ဖြစ်ကြောင်း။ တက္ကသိုလ်ဘွဲ့ရ ပညာတတ်ကြီးများဖြစ်သည်အထိ အားပေးကြဖို့ မိဘများကို တိုက်တွန်းလိုပြီး သားတို့ သမီးတို့ကလည်း ကြိုးစားကြရဖို့ မှာကြားလိုကြောင်း၊ မိဘ၊ ဆရာသမားများ၏ စကားကို နားထောင်ကြရန်၊ နိုင်ငံသားတစ်ဦးအနေနှင့် နိုင်ငံ့တာဝန်ကို သိရှိပြီး နိုင်ငံအတွက် ဘာလုပ်ပေးနိုင် မလဲဆိုတာကို မပြတ်နှလုံးသွင်းကာ နိုင်ငံသားကောင်းများဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်း မှာကြားလိုပါကြောင်း၊
ဆုရရှိသည့် သားသမီးများအနေဖြင့်လည်း အနာဂါတ်မှာ နိုင်ငံတော်အတွက် အားကိုးအားထား ပြုရသော ပညာတတ်လူငယ်လူရွယ်များ ဖြစ်လာစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ တွင် ကျရာကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲကို ရိုးရိုး အောင်မြင်သူများနှင့် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ရာ ကျောင်းသားကျောင်းသူများက လက်ခံရယူ ခဲ့ကြပြီး ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်