Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လူစီးကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးသရုပ်ပြပွဲနှင့် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေး တက်ရောက်


03 Sep,2025

နေပြည်တော် စက်တင်ဘာ ၂

လူစီးကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာရှိ ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ အသင်းပိုင်လယ်မြေ ဧက (၂၀) ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်မျာနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မိုးစပါး ပျိုးထောင်ထားရှိမှု အခြေအနေများ၊ လူစီးကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြနေမှု အခြေအနေများ၊ လက်ဆွဲ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှု အ‌ခြေအနေများကို ကြည့်ရှုအားပေးပြီး လယ်ဝေးမြို့နယ် အတွင်းရှိ မိုးစပါးစိုက်သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အသင်းသားတောင်သူများအနေဖြင့် လူစီးကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက်စက်တို့ဖြင့် စိုက်ပျိုးပါက တစ်နေ့စိုက်ပျိုးနိုင်သည့် လယ်ဧကကို စနစ်တကျမှတ်သားထားရန် လိုအပ်ကြောင်း၊ လူစီးကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက်များ အသုံးပြုလာနိုင်ခြင်းကြောင်း လုပ်သားရှားပါးမှု ကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်း၊ ကောက်စိုက်စက်များရာတွင် ပင်ကြား၊ တန်းကြား ပြည့်မီမှုရှိစေရေး စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပင်ကြား၊ တန်းကြားပြည့်မီမှသာ သတ်မှတ်အထွက်နှုန်း ရရှိမှာဖြစ်ကြောင်း၊ ဒါကြောင့် တောင်သူများအနေဖြင့် သတ်မှတ်ထားသည့် စိုက်ပျိုးရေးလုပ်ငန်းများ ကို စနစ်တကျလိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အသင်းသားများမှ ကောက်စိုက်စက် ရင်းနှီးငွေ လိုအပ်ပါက ဆောင်ရွက်ပေးမည်ဖြစ်၍ ပြန်ဆပ်မည့်အစီအမံအား တင်ပြရန်နှင့် သမဝါယမအသင်းချေးငွေဖြင့် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊

ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူများလိုအပ်သည့် သွင်းအားစုများအား ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရန်နှင့် ငွေကြေး အရင်းအနှီး ချက်ချင်းမပေးနိုင်သည့် တောင်သူများမှ သုံးစွဲနိုင်ရန် ရည်ရွယ်၍ သီးနှံပေါ်ပေးစနစ်ဖြင့် တောင်သူများထံ အရောက်ဖြန့်ဝေပေးလျက် ရှိပါကြောင်း၊ သွင်းအားစုများ သုံးစွဲနိုင်မှ သီးနှံများ သတ်မှတ်ပန်းတိုင်အထွက်နှုန်း ရရှိမှာဖြစ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိမှာသာ တောင်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာ စေမှာဖြစ်ပါကြောင်း၊ တောင်သူတစ်ဦးချင်း စီးပွားရေးအဆင်ပြေမှသာ နိုင်ငံ့စီးပွားရေး အဆင်ပြေ တိုးတက်လာမှာဖြစ်ကြောင်း၊ သွင်းအားစု ဓါတ်မြေဩဇာများ သုံးစွဲရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ လမ်းညွှန်ထားသော သတ်မှတ်ရက်အလိုက် ထည့်သွင်းရမည့်ပမာဏ၊ ထည့်သွင်းနည်းစနစ်များကို စနစ်တကျ မှန်ကန်အောင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သွင်းအားစုများအား မှန်မှန်ကန်ကန် အသုံးပြုနိုင်မှသာ သတ်မှတ်ပန်းတိုင်အထွက်နှုန်း ရရှိမှာဖြစ်ကြောင်း၊ အသင်းသားတောင်သူများ အနေဖြင့် ရာသီအလိုက်စိုက်ပျိုးနိုင်သည့် မြေနေရာများတွင် ဈေးကွက်ဝင်သည့် သီးနှံများကို သီးထပ် (၃) သီး စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ ကိုယ်လုပ်မှကိုယ်ရမှာဖြစ်၍ လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သက်ဆိုင် ရာ တာဝန်ရှိသူများအနေဖြင့်လည်း တောင်သူများအား စေတနာထားပြီး စဉ်ဆက်မပြတ် ကြီးကြပ် ကွပ်ကဲ၍ အသိပညာပေးပြောကြားနေရန် လိုအပ်ပါကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီးနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် ကော်မတီအနေဖြင့် သွင်းအားစုများ အချိန်မီရောက်ရှိရေး၊ ဈေးနှုန်းမှန်ကန်ရေး၊ အရည်အသွေးမှန်ကန်ရေးတို့ ဆောင်ရွက်ပေးနေပြီး ရည်ညွှန်းဈေးနှုန်းများ ထပ်မံသတ်မှတ်နိုင်ရေး၊ သွင်းအားစုများ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချနိုင်ရေးတို့ အတွက် ယနေ့အစည်းအဝေး ခေါ်ယူခြင်းဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်မြေဩဇာတန်ချိန် ၁.၆ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၃၂၀၀၀ တင်သွင်းနိုင်ရေး လျာထား သတ်မှတ်ချက်အရ ဦးဆောင်ကော်မတီအနေဖြင့် ဧပြီလမှ စက်တင်ဘာလအထိ (၆) လအတွက် မြေဩဇာတန်ချိန် ၁၀၂၃၇၆၁.၄၃ တန်နှင့် ပိုးသတ်ဆေးတန်ချိန် ၁၉၅၁၅.၇၆ တန်ကို ကုမ္ပဏီ အလိုက် သွင်းကုန်လိုင်စင်ရရှိနိုင်ရေး ထောက်ခံပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း သေချာစိစစ်၍ သွင်းကုန်လိုင်စင်များ ခွင့်ပြုပေးလျက်ရှိပါ ကြောင်း၊ ယခုအခါ ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် လိုအပ်သော ဓာတ်မြေဩဇာများကို ကျယ်ကျယ်ပြန့်ပြန့် ဝယ်ယူသုံးစွဲနိုင်ရေး၊ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရရှိပြီးလိုင်စင်များ အမြန်တင်သွင်းရန်နှင့် ဈေးကျချိန်တင်သွင်းရန် လိုအပ်ကြောင်း၊

          ဩဂုတ်လအတွက် ပုံမှန်ရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်ပေးခဲ့ပြီး စက်တင်ဘာလအတွက် ထုတ်ပြန်နိုင်ရေး၊ တောင်သူတိုက်ရိုက်ဖြန့်ဖြူးသည့်အစီအမံမှာ စက်တင်ဘာလအတွက် ရောင်းပေး မဲ့ဈေးနှုန်း တွက်ချက်တင်ပြပေးရန်နှင့် ဦးဆောင်ကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးပေးရန် ပြောကြားလိုကြောင်း၊ ကော်မတီဝင်ဌာနများအနေနဲ့လည်း ဓာတ်မြေဩဇာအရောင်းဆိုင်များအား ရန်ကုန်အထိုင်ရည်ညွှန်းဈေးနှုန်းကို အခြေခံပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်နှင့် အရောင်း ဆိုင်အမြတ်တို့အပေါ် ပိုမိုရောင်းချနေမှုရှိ/မရှိ၊ သွင်းအားစုများသိုလှောင်ပြီး ဈေးကစားခြင်းများ ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊ ဦးဆောင်ကော်မတီ၏ ရည်ရွယ် ချက်အတိုင်း ဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ ဈေးနှုန်းသက်သာစေရေး၊ အရည်အသွေးမှန်ကန် စေရေးတို့အတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားခဲ့ သည်။

ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ၂၀၂၅ ခုနှစ်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ (၃) လအတွက် ကုမ္ပဏီအလိုက် ထောက်ခံပေးထားသည့် မြေဩဇာနှင့် ပိုးသတ်ဆေးတန်ချိန်များ မှတ်တမ်းတင်ပေးနိုင်ရန်နှင့် ဩဂုတ်လအတွင်း ဖြန့်ဖြူးပေး သည့် ဓာတ်မြေဩဇာများအတွက် သွင်းကုန်လိုင်စင် အစားထိုးရရှိရေးနှင့် နိုင်ငံခြားငွေလဲလှယ်ခွင့် ရရှိရေး ထောက်ခံပေးထားမှုအပေါ် မှတ်တမ်းတင်ပေးနိုင်ရန် အမှာစာများတင်ပြခြင်းနှင့် တောင်သူ လက်ဝယ်တိုက်ရိုက် ဖြန့်ဖြူးရောင်းချခဲ့သည့် အစီအမံများကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက မြေဩဇာနှင့် ပိုးသတ်ဆေးများ ဝယ်ယူဖြန့်ဖြူး ရောင်းချမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်တို့မှ ကိုယ်စားလှယ်များနှင့် ကော်မတီအဖွဲ့ဝင် ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌတို့က ဝိုင်းဝန်းဆွေးနွေး တင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ဦးစီးဌာနများမှ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်