နေပြည်တော် စက်တင်ဘာ ၃
၁။ စစ်ကိုင်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကျုံးမဝင်သော မိုးစပါးစိုက် တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
၂။ အခမ်းအနားတွင် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ သတ်မှတ် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးဆောင်ရွက်ပေးနေမှုအခြေအနေများကို ဆွေးနွေးပြောကြားပါ သည်။
၃။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်အစိုးရမှ သီးနှံပေါ်ပေးစနစ်ဖြင့် သွင်းအားစုများကို တောင်သူများထံ အရောက်ဖြန့်ဝေပေးရခြင်း ရည်ရွယ်ချက်မှာ တောင်သူများ ဈေးနှုန်းသက်သာစွာသုံးစွဲနိုင်ရန်နှင့် ငွေကြေးအရင်းအနှီး ချက်ချင်းမပေးနိုင်သည့် တောင်သူများမှ သုံးစွဲနိုင်ရန်ဖြစ်ကြောင်း၊ သွင်းအားစုများ သုံးစွဲနိုင်မှ သီးနှံများ သတ်မှတ်ပန်းတိုင်အထွက်နှုန်း ရရှိမှာ ဖြစ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိမှာသာ တောင်သူများ၏ ဝင်ငွေနှင့်လူနေမှု အဆင့်အတန်း မြင့်မား လာစေမှာဖြစ်ကြောင်း၊ တောင်သူတစ်ဦးချင်း စီးပွားရေးအဆင်ပြေမှသာ နိုင်ငံ့စီးပွားရေး အဆင်ပြေ တိုးတက်လာမှာဖြစ်တာကြောင့် ယခုစီမံကိန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သီးနှံပေါ်ပေးစနစ် ဖြင့် သွင်းအားစုများ ထောက်ပံ့ရာတွင် ယခုစီမံကိန်းဖြင့် ဖြန့်ဝေသောဈေးနှုန်းမှာ ယူရီးယား တစ်အိတ်လျှင် ရန်ကုန်အထိုင်ဈေးနှုန်း ငွေကျပ် ၈၉၅၀၀ နှင့် ကွန်ပေါင်းတစ်အိတ်လျှင် ရန်ကုန် အထိုင်ဈေးနှုန်း ငွေကျပ် ၁၂၀၀၀၀ ဖြစ်ပါကြောင်း၊ ရန်ကုန်မှ သယ်ယူစရိတ်နှင့် သတ်မှတ်ကုန်ကျ စရိတ်များအပါအဝင် ယူရီးယားနှင့် ကွန်ပေါင်းတစ်အိတ်လျှင် တောင်သူများ လက်ဝယ်အရောက် ပြင်ပဈေးထက် ငွေကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ သက်သာနိုင်မှာဖြစ်ကြောင်း၊ ပြင်ပဆိုင်များတွင် သီးနှံပေါ်ပေးစနစ်ဖြင့် ဝယ်ယူပါက ပိုမိုကျသင့်မှာဖြစ်ကြောင်း၊ သွင်းအားစု ဓါတ်မြေဩဇာများ သုံးစွဲရာတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ လမ်းညွှန်ထားသော သတ်မှတ်ရက်အလိုက် ထည့်သွင်းရမည့် ပမာဏ၊ ထည့်သွင်း နည်းစနစ်များကို စနစ်တကျ မှန်ကန်အောင်ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ သွင်းအားစုများအား မှန်မှန်ကန်ကန် အသုံးပြုနိုင်မှသာ ပန်းတိုင်အထွက်နှုန်း ရရှိမည်ဖြစ်ပြီး သတ်မှတ်ပန်းတိုင် အထွက်နှုန်း ရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မား လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင် အမှန်တကယ် လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစား တူညီသူများ စိတ်တူကိုယ်တူ ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ၊ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ သွင်းအားစုများပံ့ပိုး ပေးနိုင်ရေး၊ ထွက်ရှိ လာသော စိုက်ပျိုးရေး၊ မွေးမြူရေး ထုန်ကုန်များကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက် ရှိပါကြောင်း၊ ကိုယ်လုပ်မှ ကိုယ်ရမှာဖြစ်၍ လုပ်ဆောင်ရမည့် စိုက်ပျိုးရေး လုပ်ငန်းစဉ်များအတိုင်း တိကျစွာလိုက် နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ တာဝန် ရှိသူများအနေဖြင့်လည်း တောင်သူများအား စေတနာထားပြီး စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ၍ အသိပညာပေး ပြောကြား နေရန်လိုအပ်ပါကြောင်း၊ စီမံကိန်းရည်မှန်းချက်များအောင်မြင်အောင်ဆောင်ရွက်ရန်နှင့် ဆုံးရှုံးမှုများ မရှိစေရန် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြန်လည် ပေးဆပ်နိုင်ရေးအတွက် မြေပြင်အခြေအနေပေါ်မူတည်ပြီး လုပ်သင့်လုပ်ထိုက်သည့် အစီအမံများ ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ တောင်သူများအနေဖြင့် သီးနှံပေါ်ပါက ယခု သွင်းအားစု တန်ဖိုးများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေများ၊ သမဝါယမချေးငွေများ၊ မြစိမ်းရောင် ချေးငွေများကို အပြေမကြေပြန်ဆပ်ရန် လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များကို ဆွေးနွေးပြောကြားပြီးနောက် ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
၄။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက စစ်ကိုင်း မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ မိုးစပါးစိုက်တောင်သူများအား ယူရီးယား၊ ကွန်ပေါင်းသွင်းအားစု ဓါတ်မြေဩဇာများအား ထောက်ပံ့ပေးအပ်ကြပါသည်။
၅။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)သို့ရောက်ရှိပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းအဆောက်အဦ များ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များဖြည့်စွက်မှာကြားပါသည်။
၆။ ထို့နောက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) နောက်ဆုံးနှစ်တက်ရောက် လျက်ရှိသော ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဟာ အရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားကြပြီး စာကြိုးစားကြရန်မှာကြား လိုပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့်လည်း ကျောင်းသားကျောင်းသူများ အမှန်တကယ် တတ်မြောက်စေရေး၊ စွမ်းရည်များပြည့်ဝစေရေးအတွက် ကြိုးစားသင်ကြားပေးရန် လိုအပ်ကြောင်း၊ တက္ကသိုလ်မှ ကျောင်းဆင်းပြီး ဘွဲ့ယူကြမည့် ကျောင်းသားကျောင်းသူများအနေဖြင့် တက္ကသိုလ်၏ ဂုဏ်ကိုဆောင်နိုင်သည့် စည်းကမ်းရှိသော ကျောင်းသား ကျောင်းသူများ၊ နိုင်ငံ့သားကောင်းရတနာ များဖြစ်အောင် ကြိုးစားကြရန် လိုအပ်ကြောင်းမှာကြားပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
၇။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာသိပ္ပံသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီးမှ ဖွင့်လှစ်လျက်ရှိသော ချည်မျှင်နှင့် အထည်အလိပ် အတတ်ပညာဒီပလိုမာ(၁)နှစ် သင်တန်းနှင့် အထည်အလိပ် ကျွမ်းကျင်သူ(၁)နှစ်သင်တန်း၊ လက်ရက်ကန်း(၆)လသင်တန်း၊ ရိုးရာလွန်ရာကျချိတ် (၆)လသင်တန်း၊ ရွှေချည်ထိုးငွေချည်ထိုး (၃)လသင်တန်းများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသားသင်တန်းသူများအနေဖြင့် ရိုးရာရက်ကန်းအတတ်ပညာကို ထိန်းသိမ်းကြရန်နှင့် ပိုမိုတိုးတက်ကောင်းမွန်ရေး လေ့လာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်တာဝန်ရှိသူများအနေဖြင့် ရိုးရာရက်ကန်းထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်နိုင်ရေး ကူညီ ဆောင်ရွက်ပေးရန်နှင့် ရက်ကန်းပညာအခြေပြု အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သင်တန်းသားသင်တန်းသူများ၏ နေထိုင်စားသောက်ရေး အဆင်ပြေအောင်ဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီးနောက် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီး ခဲ့သည့် အဆောက်အဦများအား ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများ၊ စက်ရက်ကန်း၊ လက်ရက် ကန်း၊ ရွှေချည်ထိုး ငွေချည်ထိုးသင်တန်း လက်တွေ့သင်ကြားနေမှုများကို ကြည့်ရှု့အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
၈။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း(မန္တလေး)သို့ရောက်ရှိပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ နှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသားကျောင်းသူများ အနေဖြင့် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားကြပြီး စာကြိုးစားကြရန်နှင့် အမှန်တကယ်တတ် မြောက်စေရေး၊ စွမ်းရည်များပြည့်ဝ စေရေးတို့အတွက် ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ကျောင်းသား ကျောင်းသူများ၏ နေထိုင်ရေး၊ စားသောက်ရေးကိစ္စရပ်များအား အဆင်ပြေအောင်ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီးနောက် ဆရာ၊ ဆရာများ ကျောင်းသားကျောင်းသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကာ သင်တန်းကျောင်းအတွင်း သံကူ ကွန်ကရစ်သုံးထပ် သင်တန်းသားအိပ်ဆောင် တည်ဆောက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်