နေပြည်တော် စက်တင်ဘာ ၂၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ လက်ရက်ကန်း (၆) လသင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင် (၁) နှစ် သင်တန်း တက်ရောက်နေကြသော သင်တန်းသူများ၏ လက်တွေ့ဆောင်ရွက်နေသည့် ပအိုဝ်း ခေါင်းပေါင်း၊ ဓနုလုံချည်နှင့် ဒေသခံတိုင်းရင်းသားဝတ်စုံများ ရက်လုပ်နေမှုကိုလည်းကောင်း၊ စက်ရက်ကန်း ရက်လုပ်ခြင်း၊ ချားပုတ်ခြင်း၊ ချည်ချခြင်းနှင့် ဂျပ်ခုတ်လုပ်ငန်း လက်တွေ့သင်ယူ နေမှုများကိုလည်းကောင်း၊ ရက်ကန်းသင်တန်းကျောင်းအလိုက် သုတေသနပြု ရက်လုပ်ခြင်းအဖြစ် ဆောင်ရွက်နေသော ပအိုဝ်းတိုင်းရင်းသူတိုင်းရင်းသားဝတ်စုံ ရက်လုပ်နေမှုကိုလည်းကောင်း လိုက်လံ ကြည့်ရှုအားပေးကာ စားရိပ်သာနှင့် သင်တန်းသူအိပ်ဆောင်တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ သည်။
ဆက်လက်ပြီး ကျောင်းအုပ်ကြီး၊ နည်းပြဆရာဆရာမများ၊ သင်တန်းသူများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ရိုးရာယဉ်ကျေးမှုကို အခြေခံသော ခေတ်မီဒီဇိုင်းဆန်းများ တီထွင် ဖန်တီးရေး၊ ထူးချွန်သူများအား မန္တလေးမြို့ရှိ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတွင် ဖွင့်လှစ်သော ဖက်ရှင်နှင့်ဒီဇိုင်း (၆) လ သင်တန်းသို့ ချိတ်ဆက်တက်ရောက်နိုင်ရေး၊ သင်တန်း ဆင်းများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး ဆောင်ရွက်ပေးရေး၊ သင်တန်းသူများကလည်း ကြိုးစားလေ့လာသင်ယူပြီး မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ သင်တန်းသူများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုငွေများ ပေးအပ်ခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အေးသာယာစက်မှုဇုန်သို့ သွားရောက်ပြီး မြန်မာ့ဩဘာလုပ်ငန်းစုနှင့် ဧရာဝတီမျိုးစေ့ကုမ္ပဏီတို့ ရင်းနှီးမြှုပ်နှံတည်ဆောက်ခဲ့သည့် Grain & Edible Oils ကုမ္ပဏီလီမိတက်၏ တောင်သူများနှင့် အကျိုးတူကန်ထရိုက်လယ်ယာစနစ်ဖြင့် ပြောင်း စိုက်ခြင်း၊ ပြောင်းမျိုးစေ့ထုတ်လုပ်ခြင်းနှင့် ပြောင်းအခြောက်ခံစက်ရုံနှင့် သိုလှောင်ရုံ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက စက်ရုံအဆောက်အဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် စက်ရုံအနေဖြင့် ပြောင်း အစိုတန်ချိန် ၈၀၀ နှင့် အခြောက်ခံပြီးတန်ချိန် ၂၀,၀၀၀ သိုလှောင်နိုင်မည် ဖြစ်ပါကြောင်း၊ ပြောင်းဖူး အခြောက်ခံစက် (၂) လုံးမှာ တစ်နာရီ တန် ၃၀ နှုန်းဖြင့် အပူပေးရန်အတွက် သဘာဝပစ္စည်းများကို လောင်စာအဖြစ် အသုံးပြုထားပါကြောင်း၊ အဆောက်အဦ ခိုင်ခံ့မှုအတွက် မြေငလျင်ဒဏ် ခံနိုင်ရည် မြင့်မားသော စံချိန်စံညွှန်းများ၊ နိုင်ငံတကာဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စံနှုန်းများနှင့်အညီ တည်ဆောက်ထားပါကြောင်း၊ ပြောင်း အခြောက်ခံစက်သည် တောင်သူများအတွက် များစွာအရေးပါ ပါကြောင်း၊ ခြောက်သွေ့အောင် ပြုလုပ်နိုင်စွမ်းမြင့်မားသဖြင့် ပြောင်းဖူးအစေ့များ ရင့်မှည့်ချိန်၌ ရိတ်သိမ်းနိုင်ပါကြောင်း၊ ဆောင်လျင်စွာ ရိတ်သိမ်းခြင်းဖြင့် ဝင်ငွေစောစောရနိုင်ကြောင်း၊ ထို့ပြင် လက်ကျန် မြေဆီလွှာအစိုဓာတ်ကို အသုံးပြု၍ နေကြာ၊ ပဲပုတ် စသော ဒုတိယသီးနှံ စိုက်ပျိုးရန် အခွင့်အရေးရရှိစေသဖြင့် သီးထပ်စွမ်းအား မြင့်မားစေပါကြောင်း၊ တောင်သူများအနေဖြင့် မြေကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးနိုင်သည့်အပြင် ထုတ်လုပ်နိုင်စွမ်းနှင့် ဝင်ငွေ တိုးမြင့်ရရှိနိုင်ပါကြောင်း၊ ပြည်တွင်း၌ ပြောင်း မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရန်၊ ပိုလျှံပါက ပြည်ပတင်ပို့ရန်၊ တိရိစ္ဆာန်အစာ ထုတ်လုပ်နိုင်ရန်၊ ဘေးထွက်ပစ္စည်း ပြောင်းရိုးများကို လောင်စာ တောင့်ထုတ်ပြီး စွမ်းအင်ထုတ်လုပ်အသုံးချရန်၊ သဘာဝမြေဩဇာ ထုတ်လုပ်နိုင်သည်အထိ ဆက်လက်ဆောင်ရွက်သွားရန်၊ ကုန်ကြမ်းအတွက် တောင်သူများနှင့် အကျိုးတူကန်ထရိုက်စနစ်ဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် စီမံဆောင်ရွက်သွားရန်၊ တောင်သူလိုအပ်သော မျိုး၊ သွင်းအားစုများ ထောက်ပံ့ပေးပြီး ဆွဲဆောင်မှုရှိသော ဈေးကွက်ပေါက်ကြေးဖြင့် ပြန်လည်ဝယ်ယူပေးနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး စက်ရုံတည်ဆောက်မှုမှတ်တမ်း Video Clip အား ကြည့်ရှုခဲ့ကြသည်။ ယင်းနောက် တာဝန်ရှိသူ တစ်ဦးက စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အေးသာယာစက်မှုဇုန်၊ အကွက်ကြီးအမှတ် (၁၀၂) တွင် UNI ENERGY ကုမ္ပဏီက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁၀ မဂ္ဂါဝပ်) စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံတာဝန်ခံ၏ လုပ်ငန်းဆောင်ရွက်နေ မှုများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ အမြန်ပြီးစီးရေး၊ စက်မှုဇုန်အတွင်းရှိ လုပ်ငန်းများအတွက် အမြန်အသုံးပြုနိုင်ရေး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တော်ဝင် TGI ကုမ္ပဏီလီမိတက်၏ U Nyi အင်းလေးချည် ဆေးဆိုးပန်းရိုက်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းရှင်၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက အထည်ချုပ်လုပ်ငန်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ကြောင်း၊ ပြည်ပမှတင်သွင်းသည့် အဝတ်အထည်များနှင့် အရည် အသွေး၊ ဈေးကွက် ယှဉ်ပြိုင်နိုင်သည်ထိ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်မှုထမ်းဟောင်းအိမ်ရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ရေရရှိရေးလုပ်ငန်းနှင့် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ ဟဲကယ်ကျေးရွာသို့ သွားရောက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဟဲကယ်-မန်ကျည်းပင် ကျေးရွာချင်းဆက်လမ်း အရှည် (၃.၈) ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက လုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း အမြန်ပြီးစီးရေး၊ သတ်မှတ် စံချိန်စံညွှန်း အရည်အသွေးပြည့်မီရေး မှာကြားခဲ့သည်။ အဆိုပါကွန်က ရစ်လမ်းသည် ကျေးရွာ (၂) ရွာရှိ အိမ်ခြေ (၁,၄၁၈) အိမ်၊ လူဦးရေ (၃,၅၄၅) ဦးနှင့် စိုက်ပျိုးဧက (၁,၂၈၅) ဧကတို့ကို အကျိုးပြုမည်ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးမည် ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ စိုက်ပျိုး ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် စိုက်နည်းစနစ် (၄) မျိုးနှင့်အညီ စိုက်ပျိုးကြရန် မှာကြားကာ ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်