Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ (ဗဟိုကြီးကြပ်မှုကော်မတီ) (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်မှာကြား


25 Sep,2025

နေပြည်တော် စက်တင်ဘာ ၂၅

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၅) ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) ၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ကော်မတီဝင် ဝန်ကြီးဌာနနှင့် ဦးစီဌာန (၂၂) ခုမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်သည်။

          ရှေးဦးစွာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ (၃၁.၇.၂၀၂၅) ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းပုံနှင့်အညီ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ (ဗဟိုကြီးကြပ်မှုကော်မတီ) ကို ပြင်ဆင်ဖွဲ့စည်း ခဲ့ပါကြောင်း၊ ကော်မတီအနေနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုထိရောက် အောင်မြင်အောင် ညှိနှိုင်းဆောင်ရွက်သွားရန်၊ မူဝါဒနှင့်လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်၊ ရန်ပုံငွေရရှိမှုနဲ့ အကောင်အထည်ဖော်မှုအပိုင်းများတွင် လိုအပ်သလို ပေါင်းစပ်ဆောင်ရွက်သွားနိုင်ရန်နှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အတူတကွ ဆွေးနွေးညှိနှိုင်းအတည်ပြုနိုင်ရန် ရည်ရွယ် ကျင်းပခြင်း ဖြစ်ပါကြောင်း၊

          ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မူဝါဒများချမှတ်ခြင်း၊ နှစ်စဉ်၊ နှစ်တို၊ နှစ်ရှည် စီမံကိန်းရေးဆွဲခြင်း၊ တာဝန်ပေးအပ်ခြင်း၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်ရရှိနိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေထူထောင်ပေးခြင်း၊ ကြီးကြပ်မှုကော်မတီ များဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များသတ်မှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း စသည့် လုပ်ငန်းတာဝန် များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၀% ရှိသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှသာ နိုင်ငံ့စီးပွားဖွံ့ဖြိုးလာမည်ဖြစ်၍ နိုင်ငံတော်အစိုးရအနေနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအား မြင့်မားရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိ သည့်အပြင် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကအခြေခံအုတ်မြစ်ဖြစ်တဲ့ စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့စက်မှုကဏ္ဍ ( Agro- Based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေးကို ဦးတည်ချက်ချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊

          မိမိတို့ကော်မတီအနေဖြင့် နိုင်ငံတော်အစိုးရ၏ ဦးတည်ချက်များ ပြည့်မီစေရေးနှင့် လမ်းညွှန် ချက်များအပေါ် လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ကျေးလက်ဒေသ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို အထူးဦးစားပေး ဆောင်ရွက်လျက်ရှိရာ စိုက်ပျိူးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ဒေသအလိုက် ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး၊ အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်ရရှိလာစေရေးတို့အတွက် ကော်မတီဝင်ဌာနများမှလည်း သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက်  ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။

          ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေး (၁/၂၀၂၄) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ကော်မတီဝင်ဌာနများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးမှု၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် ဆောင်ရွက် လျက်ရှိသည့်အခြေအနေ၊ ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် ဆောင်ရွက်ရန် လျာထားသည့်အခြေအနေ များနှင့် ကော်မတီဝင်ဌာများ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ကျေးလက် ရေရရှိရေးလုပ်ငန်း (၁၀၀၄)ခု၊ ကျေးလက် မီးလင်းရေးလုပ်ငန်းတွင် တစ်အိမ်သုံးဆိုလာ (၁၃၉၈၀) အိမ်၊ အသေးစားဓါတ်အားပေးစနစ် (၂၀၅၆) အိမ်၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်း(၆၉)ခု၊ ကျေးလက်ကုန်ထုတ်လမ်း (၄၂၂/၁)မိုင်နှင့် တံတား (၇၈၀)စင်း၊ ကျေးလက်အိမ်ယာ (၁၀) လုံး၊ မြစိမ်းရောင်စီမံကိန်း (၂၁၅)ယူနစ်၊ ခေတ်မီစံပြကျေးရွာထူထောင်ခြင်းလုပ်ငန်း (၄၀)ရွာ၊ ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (၆၅)ယူနစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (၁၆၂၃)ရွာ၊ Cash for Work စီမံကိန်း (၅)ရွာ၊ အသက်မွေးဝမ်းကျောင်းအထောက် အကူပြုသင်တန်း (၂၉၄) ကြိမ်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း (၁၁၈) ကြိမ်ကို လည်းကောင်း၊ ၂၀၂၅−၂၀၂၆ ဘဏ္ဍာနှစ်တွင်  ကျေးလက်ရေရရှိရေးလုပ်ငန်း (၆၇၄) ခု၊ ကျေးလက်မီး လင်းရေးလုပ်ငန်းတွင် တစ်အိမ်သုံးဆိုလာ (၁၉၉၉၆) အိမ်၊ အသေးစားဓါတ်အားပေးစနစ်(၁၀)ခု၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း (၄၅)ခု၊ ကျေးလက် ကုန်ထုတ်လမ်း (၂၅၆/၁.၉၄၅)မိုင်နှင့် တံတား(၅၄၅)စင်း၊ ကျေးလက်အိမ်ယာ (၅၉)လုံး၊ မြစိမ်းရောင်စီမံကိန်း(၃၅)ယူနစ်၊ ခေတ်မီစံပြ ကျေးရွာထူထောင်ခြင်းလုပ်ငန်း(၄၇)ရွာ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (၅၆) ယူနစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (၄၈၆) ရွာ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၂၃၂) ကြိမ်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း (၇၅) ကြိမ်ကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး ကော်မတီဝင် ဝန်ကြီးဌာန၊ ဦးစီးဌာနများအနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကျေးလက်လမ်း (၇၇၂/၄) မိုင်၊ ကျေးလက်တံတား(၇၇၇) စင်း၊ (၂၀၀၈၀)ပေ၊ ရေရရှိရေး လုပ်ငန်းပေါင်း(၄၈၁)ခု၊ ကျေးလက်မီးလင်းရေးလုပ်ငန်း(မဟာဓါတ်အားလိုင်းစနစ်)ဖြင့် (၂၅၁)ရွာ၊ မဟာဓါတ်အားလိုင်းပြင်ပ အနေဖြင့် ဆိုလာ(၇၀၀)စုံ၊ တန်ဖိုးနည်းကျေးလက်အိမ်ရာ(၁၅)လုံး၊ သဘာဝဘေးကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများအတွက် ထောက်ပံ့ငွေကျပ် (၂၉၁၆၄၈.၅၄၅)သန်း၊ အသက်မွေးဝမ်းကျောင်း သင်တန်း (၁၇) ကြိမ်အား သင်တန်းသား(၉၈၀) ဦးဖြင့် ဖွင့်လှစ်ကာ သင်တန်းသား (၄၈) ဦးအား အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

          ယင်းနောက် ကော်မတီဝင်ဝန်ကြီးဌာနအသီးသီးမှ စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာလုပ်ငန်းများ၊ သွင်းအားစုနှင့် အရင်းမပျောက်ရန်ပုံငွေ ထူထောင်ပေးခြင်းဆိုင်ရာလုပ်ငန်းများ၊ လူမှုရေးကဏ္ဍ ဆိုင်ရာလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ဆွေးနွေးတင်ပြကြရာကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူ များက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများသည် ကဏ္ဍ ပေါင်းစုံ ချိတ်ဆက်ဆောင်ရွက်ရသည့်အတွက် အားလုံးပူးပေါင်း ကြိုးပမ်းဆောင်ရွက်ရမည့် အပိုင်း များ၊ ၂၀၂၆−၂၀၂၇ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဘတ်ဂျက် လျာထားခြင်းကိစ္စရပ်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တစ်ဦးချင်း၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုမှ ဒေသ တွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ထိုမှတဆင့် နိုင်ငံရဲ့စီးပွားရေးသည် လည်း ဖွံဖြိုးတိုးတက်လာမှာ ဖြစ်ပါကြောင်း  ကော်မတီဝင်ဝန်ကြီးဌာန၊ ဦးစီးဌာနများအနေဖြင့် မိမိတို့တာဝန်ယူရသည့် လုပ်ငန်းများမှာ ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မား တိုးတက်ရေး၊ စိတ်ဓာတ်နှင့် အသိဉာဏ်ပညာ ဖွံ့ဖြိုးစေရေးတို့အတွက် စိတ်စေတနာအပြည့်ဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြရန်နှင့် တိုင်းပြည်၏ ကျေးလက်ဒေသများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် လိုအပ်သည့်ဖွံ့ဖြိုးရေးဆိုင်ရာ အကြံဉာဏ်ကောင်းများ၊ ဆွေးနွေး ညှိနှိုင်းချက်များဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်