မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက (၁၄.၉၂)သန်း၊ မိုးသီးနှံစိုက်ပျိုးဧက(၉.၂၄)သန်း၊ နွေစပါး စိုက် ဧက(၂.၈)သန်း၊ နွေသီးနှံစိုက်ပျိုးဧက (၀.၂၈)သန်းနှင့် ဆောင်းသီးနှံ စိုက်ပျိုးဧက (၈.၃၈)သန်း၊ စုစုပေါင်း တစ်နှစ်အတွင်းစိုက်ပျိုးဧက (၃၅.၆၂)သန်းရှိသည့်အတွက် တစ်နှစ်ပတ်လုံးဓာတ်မြေဩဇာ လိုအပ်ချက်မှာ တန်ချိန် (၄.၁၉) သန်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရှိရပါတယ်။ သို့သော် သဘာဝမြေဩဇာ သုံးစွဲမှု၊ မသုံးစွဲနိုင်မှုစတာတွေကြောင့် တစ်နှစ်ကို ယူရီးယား(၆၄၀,၀၀၀)တန်နှင့် Compoundဓာတ်မြေဩဇာ (၉၆၀,၀၀၀)တန်၊ စုစုပေါင်းတန်ချိန် (၁.၆)သန်းသာ လျာထားတင်သွင်းဖြန့်ဖြူးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေများကို လေ့လာကြည့်တဲ့ခါ ၂၀၂၂ ခုနှစ်အတွင်းက ရုရှား- ယူကရိန်းစစ်ရေးအခြေအနေအရ တစ်ကြိမ်၊ ယခု၂၀၂၅ခုနှစ်အတွင်း အစ္စရေး-အီရန် စစ်ရေးအခြေအနေအရ တစ်ခါ…စိုက်ပျိုးရေးသွင်းအားစုဖြစ်တဲ့ ယူရီးယားနဲ့ ဆက်စပ်ဓာတ်မြေဩဇာများ ဈေးနှုန်း မြင့်တက်လာ တာကို တွေ့ရပါတယ်။ ဒါ့အပြင် အိန္ဒိယနိုင်ငံက တင်ဒါခေါ်ချိန်မှာလည်း နိုင်ငံတကာဈေးနှုန်းများ မြင့် တက်လာတာကိုတွေ့ရှိရပါတယ်။ လတ်တလော အီရန်-အစ္စရေးစစ်ရေးအခြေအနေနှင့် အိန္ဒိယတင်ဒါကြောင့် ပြည်ပယူရီးယားဈေးက (၁)တန်ကို ပုံမှန် အမေရိကန်ဒေါ်လာ (၃၈၀-၄၀၀)ကနေ (၄၈၀-၅၀၀)ကျော်ခန့် အထိ မြင့်တက်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ပြည်ပတင်ပို့မှု ရပ်ဆိုင်းလိုက်တာကြောင့်လည်းပါဝင်သလို အရှေ့ အလယ်ပိုင်းနိုင်ငံတွေဆီက ဝယ်ရတာကြောင့်လည်းဖြစ်ပါတယ်။
ပြည်တွင်းဓာတ်မြေဩဇာထုတ်လုပ်မှုနှင့် မြေဩဇာဈေးနှုန်း တည်ငြိမ်စေရန် ဆောင်ရွက်ပေးမှု
ပြည်တွင်းဓာတ်မြေဩဇာထုတ်လုပ်မှုအနေနဲ့ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကွပ်ကဲမှုအောက်ရှိ အမှတ် (၄) ဓာတ်မြေဩဇာစက်ရုံ၊ မြောင်းတကာနှင့် အမှတ် (၅) ဓာတ်မြေဩဇာ စက်ရုံ၊ ကန်ကြီးဒေါင့်တို့မှ တစ်နှစ်ပတ်လုံး တန်ချိန် (၄၀,၀၀၀)သာ ထုတ်လုပ်နိုင်တာမို့ ပြည်ပကနေ တင် သွင်းနေရတာဖြစ်ပါတယ်။
နိုင်ငံတော်အနေနဲ့ ပြည်တွင်းဓာတ်မြေဩဇာဈေးနှုန်း တည်ငြိမ်စေရန် ယူရီးယားမြေဩဇာ ဝယ်ယူ ဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းပြီး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ဈေးနှုန်း မှန်ကန်ရန်၊ အရည်အသွေး မှန်ကန်ရန်၊ တောင်သူလိုအပ်တဲ့အချိန် သတ်မှတ် ဈေးနှုန်းများနှင့် ဝယ်ယူသုံးစွဲနိုင်ရန်ဖြစ်ပါတယ်။ တာဝန်များကတော့-
(က) ယူရီးယားမြေဩဇာအပါအဝင် သွင်းအားစုများ ဝယ်ယူဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များ အသင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
( ခ ) သွင်းအားစု၏အရည်အသွေးနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/ မရှိ ကြီးကြပ် ဆောင်ရွက်ပေးခြင်း၊
( ဂ ) ကုမ္ပဏီများအလိုက် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များသို့ သွင်းအားစုများ ဖြန့် ဖြူးရောင်းချရာတွင်အဆင်ပြေချောမွေ့စေရန် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
(ဃ) သွင်းအားစုများ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူ သုံးစွဲနိုင်ရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊
( င ) ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ရည်ညွှန်းဈေးနှုန်း များထုတ်ပြန်ပေးခြင်းနှင့် သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှု ရှိ/ မရှိ ကြီးကြပ်ခြင်း စသည်တို့ဖြစ်ပါတယ်။
ထို့အတူ နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ယူရီးယားမြေဩဇာဝယ်ယူ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းထားရှိပြီး ၎င်းကော်မတီအနေနဲ့ ကုမ္ပဏီများ၊ အရောင်းဆိုင်များမှ တောင်သူများထံ ဖြန့်ဖြူးရောင်းချရာတွင် အလွဲသုံးစားမှု မရှိစေရေး၊ သွင်းအားစု များအား သိုလှောင်ထားပြီး ဈေးကစားခြင်း၊ ဈေးနှုန်းတင်ခြင်းများ မဖြစ်စေရေးနှင့် အရည်အသွေး မှန်ကန်မှု ရှိစေရေးတို့ကို စိစစ်ကြီးကြပ်ဆောင်ရွက်ရသည့်အပြင် သွင်းအားစုများအတွက်ပံ့ပိုးချေးငွေများ ရယူထားသောတောင်သူများထံမှ နိုင်ငံတော်သို့ပြန်လည်ပေးသွင်းရမည့်ချေငွေလက်ကျန်စာရင်းများအား စိစစ်ကြီးကြပ်ခြင်း၊ မြို့နယ်ဖြန့်ဖြူးရေးကော်မတီနှင့် တောင်သူအစုအဖွဲ့/ သမဝါယမအသင်းများအကြား ချေးငွေသဘောတူ စာချုပ်များ ချုပ်ဆိုရာတွင် ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။
လက်ရှိမြေပြင်အခြေအနေကို သုံးသပ်ကြည့်တဲ့အခါ ၂၀၂၅ ခုနှစ်အတွင်း ပြည်ပဈေးနှုန်းတွေမှာ ဇန်နဝါရီလမှ ဇွန်လအထိ ဈေးနှုန်းတည်ငြိမ်ပြီး ယူရီးယား(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၄၂၀)မှ (၄၄၀)အတွင်း၊ ကွန်ပေါင်းဓာတ်မြေဩဇာ (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၅၂၀)မှ (၅၅၀)အတွင်း ရှိနေပြီး ဗဟိုဘဏ်၏သတ်မှတ်ဈေးကွက်ပေါက်ဈေး (Market Trading Rate) ပြည်တွင်းငွေလဲနှုန်း မှာလည်း (၁)ဒေါ်လာလျှင် (၃၆၀၀)ကျပ်မှ (၃၆၅၀)ကျပ်ဝန်းကျင်တွင် တည်ငြိမ်လျက်ရှိတာ တွေ့ရပါတယ်။ အလားတူပဲ ပြင်ပMoney Changerများတွင် ရောင်းဝယ်နေသည့် ငွေလဲ နှုန်းမှာလည်း (၄၁၀၀)ကျပ်မှ (၄၂၅၀)ကျပ်ဝန်းကျင်တွင် တည်ငြိမ်နေကြောင်း ကြားသိရပါတယ်။ ဇန်နဝါရီလမှ ဇွန်လအထိ ယူရီးယား ဈေးနှုန်းများမှာ (၁)တန်လျှင် (ရန်ကုန်အထိုင်ဈေး) (၁,၉၀၀,၀၀၀) ကျပ်ခန့်၊ တစ်အိတ်လျှင် (၉၅,၀၀၀) ကျပ်အထိ တည်ငြိမ်နေခဲ့ပါတယ်။ သို့ရာတွင် ပြည်တွင်း ငွေဈေးနှုန်း တည်ငြိမ်သော်လည်း ဇူလိုင်လမှစ၍ ပြည်ပဈေးနှုန်း မြင့်တက်လာသောကြောင့် တောင်သူများ ဝယ်ယူသုံးစွဲမှု ကျဆင်းလာတာတွေ့ရပါတယ်။
နိုင်ငံတော်အကြီးအကဲအနေဖြင့် တစ်နိုင်ငံလုံး ခရီးစဉ်များ သွားရောက်စဉ် ပြည်သူများ တင်ပြ မှုနှင့် အခြားသတင်းအရင်းအမြစ်များအရ ဈေးနှုန်းကိစ္စများ သိရှိခဲ့ရပြီးဖြစ်ပါတယ်။ ဒါ့အပြင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှလည်း ပြည်ပဈေးနှုန်းမြင့်တက်ချိန်တွင် ဈေးနှုန်းလျှော့ချနိုင်ရေးအတွက် နိုင်ငံခြားငွေသုံးစွဲမှုတွင် သင့်တင့်သောရာခိုင်နှုန်းတစ်ခုကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ရောင်းပေးရန် တင်ပြခဲ့ပါတယ်။
နိုင်ငံတော်အကြီးအကဲကလည်း ယူရီးယားမြေဩဇာနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများကို သက်သာ သောဈေးနှုန်းဖြင့် ရောင်းချပေးရန်၊ နိုင်ငံခြားငွေလဲလှယ်နှုန်းအနေဖြင့် ၁ ဒေါ်လာကို (၃၆၅၀) ကျပ်ဖြင့် ရောင်းချရန်၊ ယူရီးယားမြေဩဇာကို ရန်ကုန်အရောက်ဈေး (၁)တန်ကို အမေရိကန်ဒေါ်လာ ၄၃၀၊ ကွန်ပေါင်း ဓါတ်မြေဩဇာ (၁)တန်ကို အမေရိကန်ဒေါ်လာ ၅၅၀နဲ့တွက်ရန် လမ်းညွှန်မှာကြားခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် တာဝန်ရှိသူများတိုင်ပင်ပြီး ရန်ကုန်အထိုင်ဈေး ညှိနှိုင်းခြင်း၊ မြို့နယ်အလိုက် ပေးပို့ခြင်းကို ကော်မတီနှင့်အသင်းမှ တာဝန်ယူ ဆောင် ရွက်ရန်၊ ဖြန့်ဖြူးခြင်းနှင့် ဖြန့်ဝေခြင်းကို ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ တိုက်ရိုက်ထောက်ပံ့ နိုင်ရန် မူဝါဒတင်ပြဆောင်ရွက်ခဲ့ပါတယ်။
သီးနှံပေါ်ပေးစနစ် ဆောင်ရွက်ပေးရခြင်း၏ရည်ရွယ်ချက်
ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများတွင် သွင်း အားစုဓာတ်မြေဩဇာ သုံးစွဲလာနိုင်စေရန်ဖြစ်ပါတယ်။ ဒါ့ကြောင့် သီးနှံပေါ်ပေးစနစ်နဲ့ ဆောင်ရွက်ပေးခဲ့ ပါတယ်။ လက်ငင်းဆိုရင် မသုံးစွဲနိုင်သူများပြီး သုံးနိုင်မှ အထွက်တိုးမှာဖြစ်တဲ့အတွက် ယခုလိုဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် သွင်းအားစုသုံးတိုင်း အထွက်တိုးမည်မဟုတ်။ မှန်မှန်ကန်ကန် သုံးမှ အထွက်တိုးမှာဖြစ်ပါတယ်။
ပန်းတိုင်ထွက်နှုန်းနှင့် သွင်းအားစုအခန်းကဏ္ဍ
တောင်သူများအနေနဲ့ မျိုးကောင်း မျိုးသန့်ရမှ၊ မြေပြင်မှာ သဘာဝမြေဩဇာသုံးမှ၊ ရေရရှိရေး ရေသွင်းရေထုတ်စနစ် မှန်မှ၊ စိုက်နည်းစနစ်အတိုင်း စိုက်မှ၊ မြေဩဇာသုံးစွဲတာလည်း သတ်မှတ်ချက် ပမာဏအတိုင်း သုံးရမည့်ရက်အလိုက် ရာသီဥတု၊ မိုးရွာသွန်းမှုတွေနဲ့ ချင့်ချိန်သုံးစွဲမှသာလျင် အထွက် တိုးမှာ၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီမှာဖြစ်ပါတယ်။
ဓာတ်မြေဩဇာပေးအပ်ပွဲတွေမှာ ပြည်ထောင်စုဝန်ကြီးက ဘာ့ကြောင့်လုပ်တယ်ဆိုတဲ့ ရည်ရွယ် ချက်ကို အမြဲရှင်းပြပါတယ်။ အထွက်တိုးမှ မိသားစုဝင်ငွေတိုးပွားမယ်။ မိသားစုမှာ ဝင်ငွေတိုးမှ ပညာရေး/ ကျန်းမာရေးတွေအတွက် စောင့်ရှောက်နိုင်မယ်။ ပန်းတိုင်အထွက်နှုန်းပြည့်မီမှ နိုင်ငံတကာကို တင်ပို့ နိုင်မယ်။ သို့မှသာ နိုင်ငံ့ဝင်ငွေတိုးမှာဖြစ်ပါတယ်။ လုပ်ရပ်တိုင်းကို စနစ်တကျစီမံနိုင်ဖို့လိုအပ်ပြီး စနစ်တကျ စီမံနိုင်မှ အောင်မြင်မှာဖြစ်ပါတယ်။ ဆောင်ရွက်ရမည့်ကျေးရွာရွေးချယ်မှု၊ တောင်သူ ရွေးချယ်မှုများ မှန်ကန်မှ၊ အမှန်တကယ်လုပ်မည့်သူနဲ့လုပ်မှ အောင်မြင်မှာဖြစ်ပါတယ်။ ထောက်ပံ့ငွေ ပြန်ကောက် ရမယ်။ ဒါမှ စေတနာက ဝေဒနာမဖြစ်မှာ၊ လုပ်ငန်းအောင်မြင်မှာဖြစ်ပါတယ်။ စနစ်တကျ စုဖွဲ့တာဝန် ပေးအပ်ခြင်း၊ ကုမ္ပဏီများနှင့် စနစ်တကျစာချုပ်ချုပ်ဆို ဝယ်ယူခြင်း၊ တောင်သူများနှင့် စာချုပ် ချုပ်ဆို ဖြန့်ဖြူးခြင်းတို့ကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။
လုပ်ငန်းစဉ်များပြီး အောက်ခြေကျေးရွာအဆင့်၊ တောင်သူအဆင့်အထိ ဆောင်ရွက်ရတာမို့ ပင်ပန်းမယ်။ ဒါ့ကြောင့် ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်ကြဖို့ အလွန်အရေးကြီးပါတယ်။ တောင်သူများ နားလည်သဘောပေါက်အောင် ရှင်းပြနိုင်ဖို့လည်း အလွန်အရေးကြီးပါတယ်။
ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်
လုပ်ငန်းများ အောင်မြင်ဖို့အတွက် အဆင့်ဆင့်တာဝန်ပေးအပ်မှု၊ စုဖွဲ့တာဝန်ပေးအပ်မှု၊ တိကျတဲ့ လမ်းညွှန်ချက်ရှိမှုတွေဟာလည်း အလွန်အရေးကြီးပါတယ်။ မြို့နယ်အဆင့်က စုဖွဲ့တာဝန် ခွဲဝေဆောင် ရွက်ပြီး ခရိုင်အဆင့်နှင့် ပြည်နယ်/ တိုင်းဒေသကြီးအဆင့်များမှ ကြီးကြပ်စစ်ဆေးရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျေးရွာရွေးချယ်ခြင်း၊ တောင်သူ ရွေးချယ်ခြင်း၊ ဓာတ်မြေဩဇာ လိုအပ်ချက်စာရင်းများ ကောက်ယူပြုစုခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ တောင်သူများထံ ထုတ်ပေးခြင်း၊ သီးနှံပေါ်ချိန်တွင် ကျသင့် ငွေပြန်လည်ကောက်ခံခြင်းစသည့်လုပ်ငန်းစဉ်များအားလုံးအတွက် လိုက်နာဆောင်ရွက်သင့်သည်များကို လမ်းညွှန်ချက်များ ထုတ်ပြန်ထားရှိပြီးဖြစ်ပါတယ်။
သီးနှံပေါ်ပေးစနစ်ဆိုတာ ဘာလဲ?
သီးနှံပေါ်ပေးစနစ်ဆိုတာက တစ်နည်းအားဖြင့် အကြွေးစနစ်ဖြစ်ပါတယ်။ ဘယ်သူတွေ သက်သာတဲ့ နှုန်းနဲ့ရသလဲ။ တောင်သူတွေပဲ ရတာပါ။ ဘယ်သူတွေက ဆောင်ရွက်ပေးရလဲဆိုတော့ ဌာနဆိုင်ရာ ဝန်ထမ်းတွေက ဆောင်ရွက်ပေးရပါတယ်။ ဖြန့်ဖြူးခြင်း၊ အကြွေးပြန်ကောက်ခြင်းတွေ လုပ်ရပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့စေတနာ၊ တောင်သူများရဲ့လိုအပ်ချက်၊ အဖက်ဖက်က ကိုက်ညှိစဉ်းစား ဆောင် ရွက်ထားပေးတဲ့၊ ဘယ်ကာလတုန်းကမှမရှိခဲ့တဲ့စီမံကိန်းပုံစံဖြစ်ပါတယ်။ လုပ်သင့်ပါတယ်။ အောင်မြင် အောင် ဘယ်လိုစီမံကြမလဲ။ အမှန်တကယ်လုပ်တဲ့တောင်သူကို ရွေးချယ်နိုင်မှုက အရေးကြီးပါတယ်။ ဝေးလံခေါင်သီတဲ့နေရာ၊ လုံခြုံရေးမကောင်းတဲ့နေရာတွေမှာ မလုပ်ဖို့ လိုပါတယ်။ သီးနှံဖြစ်ထွန်းနိုင်မှု၊ ရေမြေသဘာဝ ကောင်းမွန်မှုရှိတဲ့နေရာတွေမှာ လုပ်သင့်ပါတယ်။ မြို့နယ်တာဝန်ရှိသူတွေက ပိုသိ ပါတယ်။ အကြွေးကျေတဲ့တောင်သူပဲ ရွေးချယ်လုပ်သင့်ပါတယ်။ အကြွေးမဆပ်တဲ့ တောင်သူများကို မရွေးချယ်သင့်သလို သီးနှံပေါ် ပေါ်ချင်းမှာလည်း ငွေပြန်ကောက်ဖို့ အရေးကြီးပါတယ်။ ဒီအချိန်မှာ အာဏာရှိတဲ့ အဖွဲ့အစည်းတွေက ဦးဆောင် ဆောင်ရွက်ပေးဖို့လိုပါတယ်။ ပြဿနာဖြစ်လို့ ဖြေရှင်းရရင် ဖြေရှင်းဆောင်ရွက်ပေးနိုင်တဲ့ အခွင့်အာဏာရှိတဲ့ ဝန်ကြီးချုပ်တွေက ဦးဆောင်တာဝန်ယူလုပ်နေတာ ဖြစ်ပါတယ်။
သီးနှံပေါ်ပေးစနစ် ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ
ယခုဆောင်ရွက်တဲ့ သီးနှံပေါ်ပေးစနစ်မှာ အဓိက အကျိုးကျေးဇူးတွေက ဘာဖြစ်မလဲဆိုရင်-
(က) ဈေးနှုန်းသက်သာခြင်း။ နိုင်ငံတော်မှ ပြင်ပဒေါ်လာပေါက်ဈေးနဲ့ မဟုတ်ဘဲ ၁ ဒေါ်လာကို Online Trade Market Rate (၃၆၅၀)ကျပ်နဲ့ တွက်ချက်ပေးတာဖြစ်တဲ့အတွက် ပြင်ပ ဒေါ်လာပေါက်ဈေးနှုန်းက ၁ ဒေါ်လာကို (၄၃၅၀) ကျပ်ဆိုလျှင် ၁ ဒေါ်လာကုန်ကျတိုင်း နိုင်ငံတော်မှ ငွေ ၇၀၀ကျပ်ကျခံပေးသည့်သဘောဖြစ်ပါတယ်။ (၁)တန်ကို ဒေါ်လာ (၄၃၀) ဖြစ်လို့ (၁)အိတ်ကို ရန်ကုန်အရောက် ဈေး (၂၁.၅)ဒေါ်လာ ကျသင့်မှာဖြစ်ပြီး (၅၀)ကီလို တစ်အိတ်ကို (၁၅,၀၅၀)ကျပ် သက်သာမှာဖြစ်ပါတယ်။ ဒါ့အပြင် ကြားခံအဖြစ် အပြင်ကုမ္ပဏီ များမရှိဘဲ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ ဒေသအရောက် တိုက်ရိုက်ပို့ဆောင်ပေးခြင်း(သို့) တိုင်းဒေသကြီးအစိုးရမှ တိုက်ရိုက်သယ်ယူ ဖြန့်ဖြူးပေးခြင်းကြောင့် သယ်ယူစရိတ်နှင့် တင်/ ချခအပါအဝင် သီးနှံပေါ်ပေးစနစ်ဖြင့် နိုင်ငံတော်၏ကြိုတင်စိုက်ထုတ်ချေးငွေအပေါ် (၂)ရာခိုင်နှုန်းသာ အခွန်ဆောင်ရမှာဖြစ်လို့ အကုန်အကျသက်သာပါတယ်။ ဒေသဆိုင်များမှ ဝယ်ယူသုံးစွဲပါက အနည်းဆုံး ရန်ကုန် အရောက်အထိုင်ဈေးတွင် သယ်ယူစရိတ် (၁၀)ရာခိုင်နှုန်းထပ်မံတင်ပြီး ရောင်းချမှာဖြစ်ပါ တယ်။ ဒါ့ကြောင့်တွက်ချက်မှုအရ ဩဂုတ်လတွင် ပြင်ပပေါက်ဈေး ရန်ကုန်အထိုင်ဈေးမှာ ယူရီးယားတစ်အိတ်လျှင် (၁၀၂,၀၀၀)ကျပ်၊ ကွန်ပေါင်းဓာတ်မြေဩဇာ (၁၄၅,၀၀၀)ကျပ် ဖြစ်နေချိန်တွင် ယခုသီးနှံပေါ်ပေးအစီအစဉ်အရ နိုင်ငံတော်ရဲ့စိုက်ထုတ် ကျခံဆောင်ရွက်ပေးမှု၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် အစိုးရအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုတို့ကြောင့် ယူရီးယားမြေဩဇာမှာ ရန်ကုန်အထိုင်ဈေး တစ်အိတ် (၈၉,၅၀၀)ကျပ်၊ ကွန်ပေါင်းဓာတ်မြေဩဇာတစ်အိတ် (၁၂၀,၀၀၀)ကျပ်သာ ကျသင့်မှာဖြစ်ပြီး ဒေသအရောက်သယ်ယူစရိတ်နှင့် (၂)ရာခိုင်နှုန်း အတိုးပေါင်းပြီးလျှင်တောင် ဒေသအလိုက် ပေါက်သောဈေးနှုန်းအောက် (၂၀,၀၀၀)မှ (၃၀,၀၀၀) ကျပ်ခန့် သက်သာနိုင်တာ တွေ့ရှိရ ပါတယ်။
( ခ ) လက်ငင်းငွေချေရန် မလိုအပ်ခြင်း။ လက်ငင်းငွေချေရန်မလိုတဲ့အတွက် အတိုးနဲ့ ငွေ မရှာရဘဲ သက်သာတဲ့ဈေးနဲ့ သွင်းအားစုသုံးနိုင်ခြင်း၊ ရှိသည့်အရင်းအနှီးကို အခြား အကျိုး ရှိသော မိသားစုဝင်ငွေတိုးလုပ်ငန်းများမှာ သုံးနိုင်ခြင်း။
( ဂ ) အစိုးရဌာနဆိုင်ရာများမှ ကျေးလက်နေတောင်သူများနှင့် ထိတွေ့ဆက်ဆံမှုကြောင့် အစိုးရ ရဲ့ဝန်ဆောင်မှုများကို ပြည်သူများ သိရှိရယူနိုင်ခြင်း၊ အစိုးရအပေါ် ယုံကြည်မှု တိုးလာခြင်း၊ ဝန်ထမ်းများအပေါ် ယုံကြည်မှုရှိခြင်းနှင့် ဝန်ထမ်းများ အတွေ့အကြုံကောင်းများ ရရှိခြင်း။
(ဃ) ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရများ ပူးပေါင်းဆောင်ရွက်မှု၊ ပုဂ္ဂလိက ကုမ္ပဏီ များနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာခြင်း ပုဂ္ဂလိက၊ ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာခြင်း။ အပြန်အလှန်ယုံကြည်မှုတိုးပွားလာခြင်း။
( င ) တိုက်ရိုက်ချိတ်ဆက်ဝယ်ယူဖြန့်ဖြူးခြင်းကြောင့် ကုန်ကျစရိတ် လျှော့ချနိုင်ခြင်းစသည့်အကျိုး ကျေးဇူးများ ရရှိစေပါတယ်။
တွေ့ကြုံရနိုင်သည့်အခက်အခဲများနှင့် စိန်ခေါ်မှုများ
ဒီလိုဆောင်ရွက်ရာမှာ အခက်အခဲများနှင့် စိန်ခေါ်မှုများလည်း ရှိပါတယ်။
(က) ဝန်ထမ်းအင်အား စိုက်ထုတ်ဆောင်ရွက်ရသောကြောင့် ခရီးစရိတ်များကို ရုံးများမှ ကျခံ ဆောင်ရွက်ရခြင်း၊
( ခ ) သီးနှံပေါ်ချိန် ပြန်ကောက်ချိန်တွင် မရမှာ စိုးရိမ်သည့် စိုးရိမ်စိတ်များရှိခြင်း၊
( ဂ ) ဆောင်ရွက်သည့်စီမံကိန်းဒေသနေပြည်သူများ သဘာဝဘေးကြုံရပါက ပြန်ရနိုင်ချေ ခက်ခဲခြင်း၊
(ဃ) ပြန်ကောက်ချိန်တွင် မရပါက တရားစွဲဆိုခြင်း၊ ရှိသည့်ပိုင်ဆိုင်မှုသိမ်းခြင်းများ ဆောင်ရွက် ရနိုင်ခြေရှိခြင်းတို့ ဖြစ်ပါတယ်။
ဆုံးရှုံးနိုင်ခြေ (Risk)များကို စီမံခန့်ခွဲခြင်း
ဆုံးရှုံးနိုင်မှုနည်းပြီးအောင်မြင်ရန်အတွက် အောက်ပါအတိုင်းဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်-
(က) လုံခြုံရေးကောင်းတဲ့နေရာများတွင်သာ လုပ်ရန်၊ လုံခြုံရေးကောင်းတဲ့ကျေးရွာအား ရွေးချယ်ရန်၊
( ခ ) စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသများတွင်သာ လုပ်ရန်၊
( ဂ ) သဘာဝဘေး မကြာခဏ ကျရောက်တတ်သော နေရာဒေသများ ရှောင်ရန်၊
(ဃ) စိုက်ဘဏ်အကြွေး၊ သမအကြွေး၊ နိုင်/စီးအကြွေး ကျေသူများသာ ရွေးရန်၊
( င ) ဝေးလံသည့်နေရာများ မရွေးရန်နှင့် ဆက်သွယ်ရေးကောင်းမွန်သည့် နေရာများရွေးရန်၊
( စ ) တာဝန်ယူဆောင်ရွက်မည့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများကို လိုအပ်သည့် အုပ်ချုပ် ထောက်ပံ့မှုများဆောင်ရွက်ပေးရန်၊ ရှင်းလင်းပြတ်သားသည့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ပေးရန်၊ စေတနာအပြည့်ဖြင့် ဆောင်ရွက်နိုင်ရေး လမ်းညွှန်ဆောင်ရွက် ပေးရန်နှင့် အဆင့်ဆင့်တာဝန်ခံ ဆောင်ရွက်ပေးရန်၊
(ဆ) ဖြန့်ဝေခြင်း၊ ပြန်လည်ကောက်ယူခြင်းများကို ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းဖြင့် စနစ်တကျ စီမံချက်ရေးဆွဲ ဆောင်ရွက်စေရန်၊
( ဇ ) M&E အဖွဲ့ ဖွဲ့စည်း၍ ကွင်းဆင်းစစ်ဆေးသုံးသပ် ဆောင်ရွက်ရန်၊
( ဈ ) မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ရန် နည်းလမ်း များ ချမှတ်ဆောင်ရွက်ထားရန် တို့ဖြစ်ပါတယ်။
ဝန်ထမ်းတွေအနေနဲ့ ဆောင်ရွက်ရမှာ၊ ဆောင်ရွက်ပေးသင့်တာသိပေမယ့် အကြွေးစနစ်ရဲ့သဘော သဘာဝ၊ အတွေ့အကြုံများအရ တောင်းရခက်တတ်တာမျိုးရှိတတ်တဲ့အတွက် ငွေ ပြန်ကောက်ရမှာကို စိုးရိမ်နေကြတာ တွေ့ရပါတယ်။ ဒီစိတ်ကို တာဝန်ရှိသူအကြီးအကဲအဆင့်ဆင့်က ဘာကြောင့် လုပ်ရတယ်၊ ဘယ်လိုလုပ်ကြမယ်၊ ဘယ်လိုတာဝန်ယူတယ်၊ ဘယ်လိုပံ့ပိုးမယ်စသဖြင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။
အောင်မြင်ရန်အတွက် မြေပြင်အခြေအနေမှန်သိခြင်း၊ အခြေအနေအရ လိုအပ်ချက်အရ ပြောင်းလွယ် ပြင်လွယ်ရှိခြင်း၊ အရှိတရားနှင့်လိုက်လျောညီထွေဖြစ်အောင် စီမံခြင်းဟာ အရေးကြီးပါတယ်။ စီမံခန့်ခွဲသူ များနေနဲ့ ပွင့်လင်းမြင်သာရှိမှု၊ တာဝန်ယူတာဝန်ခံမှု အရှိတရားကိုလက်ခံပြီး ဆောင်ရွက်နိုင်မှုဟာ အလွန် အရေးကြီးပါတယ်။ မတူညီမှုတွေကို စုစည်းနိုင်မှုဟာလည်း “အင်အား”ဖြစ်ပါတယ်။
ယုံကြည် ခြေတစ်လှမ်း…
ယခုတော့ ပြည်ထောင်စုအဆင့်မှ ကြီးကြပ်ပံ့ပိုးမှု၊ ဝန်ကြီးချုပ်များရဲ့ဦးဆောင်မှုနဲ့ ဌာနဆိုင်ရာ များပူးပေါင်းပြီး စတင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ အစမှာတော့ ခက်စမြဲပါပဲ။ ဒါပေမဲ့ ဒီခြေတစ်လှမ်း အစကပဲ အောင်မြင်မှုဆီ ဦးတည်နိုင်မယ့်အစအဦးဖြစ်ပါတယ်။ စလိုက်မိဖို့ကသာ အရေးကြီးဆုံးလိုအပ် ချက်ဖြစ်တဲ့အတွက် စလိုက်ပြီဆိုရင်တော့ စတင်ဆောင်ရွက်ခြင်းအကြောင်းတရားကြောင့်၊ စနစ်တကျ သွင်းအားစုသုံးခြင်းရဲ့အကြောင်းတရားကြောင့် သီးနှံဖြစ်ထွန်းခြင်းနှင့် ပန်းတိုင်အထွက်တိုးခြင်း အကျိုး တရားများကို ပြန်လည် ရရှိမှာဖြစ်ပါတယ်။ စပါးပေါ်ချိန်ဖြစ်တဲ့ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွေမှာ ဒီအကျိုးတရားအသီးအပွင့်များကို ခံစားကြရမှာ မလွဲဧကန်ပဲဖြစ်ပါတယ်။
အသီးအပွင့် ခံစားရရှိချိန်မှာ ပြန်လည်ပေးချေရမယ့်တာဝန်ကိုလည်း ကျေပွန်ကြဖို့ ဂရုပြုရပါမယ်။ အကြွေးဆိုတာ ယူပြီးရင် ပြန်ဆပ်ရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာဝန်ထမ်းများမှ စေတနာ၊ ဝါသနာ၊ အနစ်နာခံပြီးဆောင်ရွက်နေကြမှာဖြစ်သလို တောင်သူများကလည်း အကြွေးကျေအောင်ဆပ်ပြီး တာဝန် ကျေသူ၊ အကြွေးကျေသူများအဖြစ် မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိနဲ့ ဂုဏ်ယူနိုင်အောင် ဆောင်ရွက်သွားကြဖို့ တိုက်တွန်းရင်း .................။
ခန့်ဇော် (ကျေးလက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်